[Unicode]
" ချန်ယောလ် မင်း ငါ့ကို အခုလိုပဲ ထိုင်ကြည့်နေတာ ၂နာရီတောင် ရှိနေပြီလေ ... မင်း မပျင်းဘူးလား "
Maldives မှာ ပစ်ထားခဲ့တဲ့ အလုပ်တွေကို မင်ဂျွန်းပို့ပေးသည်မှ တစ်ဆင့် ပြန်လုပ်နေတဲ့ ဘတ်ခ်ဟျွန်းအား ချန်ယောလ်က ထိုင်ကြည့်နေတာဖြစ်ပါသည်။
" ဘာကိုပျင်းရမလဲ ... ဒီလောက် စိတ်ဝင်စားဖို့ကောင်းနေတာကို ... "
" ဘာတွေက အဲ့လောက် စိတ်ဝင်စားဖို့ကောင်းနေတာလဲ "
" မင်းလက်ချောင်းလေးတွေ Keyboard ပေါ် ရွေ့လျားနေတာကအစ မင်းရဲ့ မျက်တောင်လေး တစ်ချက်ခတ်သွားတာအဆုံး ... ကိုယ်အတွက် အကုန် စိတ်ဝင်စားဖို့ ကောင်းတယ် "
" မင်းက တကယ် အရူးပဲ "
နတ်ဆိုးလေးရဲ့ ပြုံးယောင်သန်းနေတဲ့ နှုတ်ခမ်းပါးလေးက ထွက်လာတဲ့ စကားက ထိုသို့ဖြစ်ပေမဲ့ ချန်ယောလ်ကတော့ မမှု။
" ဟုတ်တယ် ကိုယ်က အရူး ... မင်းကို စမြင်တဲ့နေ့ထဲက ကိုယ်က မင်းကြောင့် ရူးသွပ်သွားခဲ့တာ "
ဆိုဖာရှည်ပေါ် ထိုင်နေတဲ့ ဘတ်ခ်ဟျွန်းပေါင်ပေါ် ခေါင်းအုံး လှဲချရင်း ချန်ယောလ် ပြောလိုက်တော့ သူ့ကို ငုံ့ကြည့်လာတဲ့ ချိုအီအီ မျက်ဝန်းလေးတွေ။
အေးစက်မှုတွေ မရှိတော့တဲ့ အရိပ်ကလေးရဲ့ ချိုအီအီမျက်ဝန်လေးတွေကို ချန်ယောလ်မှာ ငေးမဝ။
" ဒေါက် ဒေါက် "
" ညစာ ယူလာပေးတာပါ ဆရာ "
အပြင်က အသံကို နားထောင်ပြီးနောက် ဘတ်ခ်ဟျွန်းက ချန်ယောလ်ကို ကြည့်နေရာမှ တံခါးဘက်သို့ ကြည့်သည်။ ထို့နောက် ပြန်၍ မျက်ခုံးပင့်ပြနေတဲ့ ချန်ယောလ်ကို ငုံ့ကြည့်လာပြီး ခေါင်းခါသည်။
" ဝင်လာခဲ့လိုက် .... တံခါးဖွင့်ထားတယ် "
" ဟုတ်ကဲ့ "
တည်တည်ငြိမ်ငြိမ် ဝင်လာတဲ့ ဘတ်ခ်ဟျွန်းလူယုံမှာ အခန်းထဲက မြင်ကွင်းကို ကြည့်ပြီး မျက်လုံးပြူးသွားရသည်။
သူ့ဆရာရဲ့ ပေါင်ပေါ်မှာ လူတစ်ယောက်က အိပ်နေတယ် !?
အံ့ဩနေတဲ့ လူယုံလေးခင်ဗျာ သူ့ကို စိုက်ကြည့်နေတဲ့ ဆရာ Hundred ကိုလည်း ကြောက်ရတာကြောင့် ကိုင်လာတဲ့ ဗန်းလေးကို မြန်မြန်ပင် စားပွဲပေါ်သို့ ချပေးလိုက်ပြီး ခါးကိုင်းအရိုအသေပြုလိုက်သည်။