ရုပ်သေးရုပ် ။
အမြင်တင့်တယ်အောင် သေချာစွာ ဖန်တီးထားတဲ့ ရုပ်သေးရုပ်တစ်ရုပ် ။
တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကြီးစီးပွါးရေးလုပ်ငန်းရှင်ရဲ့ အငယ်နှောင်းမှ မွေးဖွားသောသား ။
ကျွန်တော်- ဒိုဂယောင်ဆူး ။
မည်သူမှတော့ ကျွန်တော့ကိုအထင်သေးသလိုအကြည့် အထင်သေးသောစကားတို့နှင့်မထိပါးနိုင် ။ အဖေ့ရဲ့အရှိန်ဝါကြောင့်လည်းဖြစ်နိုင်သလို ကျွန်တော့ရဲ့ ခပ်တင်းတင်းမာနများနှင့်ပြည့်နေသော မျက်နှာထားကြောင့်လည်းဖြစ်နိုင်သည် ။ မိဘမေတ္တာအပြည့်အဝမရနိုင်တဲ့ကျွန်တော့အတွက် ချစ်ခြင်းမေတ္တာဆိုတဲ့အရာကို ပေးလည်းမပေးတတ်သလို ခံလည်းမခံယူတတ်ခဲ့ ။ အဖေအရင်းရှိသော်လည်း ဖတဆိုးလိုဖြစ်နေသည့်ကျွန်တော့အတွက် အမေသည်သာ တစ်ဦးတည်းသာတွယ်တာရာ ။ ကျွန်တော့လုပ်ရပ်တိုင်းက အမေ့အပေါ်တိုက်ရိုက်သက်ရောက်သည် ။ ခြေလှမ်းတစ်လှမ်းမှားရုံနဲ့တင် ကျွန်တော့အမေ၏ဘဝ စုတ်ပြတ်သတ်သွားနိုင်သည် ။ ကျွန်တော် အမေ့ကိုချစ်သည် ။ အဘယ်နည်းနှင့်မျှ အမေထိခိုက်မည့်အရေးကိုမလုပ်ခဲ့ ။ ကာကွယ်ပေးချင်သည် ။ စောင့်ရှောက်ပေးချင်သည် ။ အမေသာ ကျွန်တော့၏ခိုနားရာတစ်ခုတည်းသောရင်ခွင်ဖြစ်သည် ။
အေးစက်စက်နိုင်ပြီး အလုပ်ကလွဲမသိခဲ့သော ကျွန်တော့အတွက် ပြစ်ဒါဏ်ခံရသည်နဲ့တူပါတယ် ။ ဘာတစ်ခွန်းမှ ပြောဆိုခြင်းမရှိပဲ အမေ ကျွန်တော့်ကို ထားရစ်ကာ လောကကြီးထဲကနေ နှုတ်ဆက်ထွက်ခွာသွားသည် ။ လူသူမရှိ တိတ်ဆိတ်ကာခြောက်ကပ်နေသော နာရေးတွင် အမေ့ဓါတ်ပုံကိုကြည့်ကာ ကျွန်တော်ငိုင်နေမိသည် ။ ပြောပြခွင့်မရခဲ့ပေမဲ့ ကျွန်တော်ကြိုးစားသမျှအရာရာသည် အမေ့အတွက်သာဖြစ်သည် ။ အသက်မပါခဲ့သောအမေ့အပြုံးတွေတောက်ပနိုင်အောင် ကျွန်တော် ရေကုန်ရေခမ်းကြိုးစားခဲ့သည် ။ ဒါပေမဲ့ အခုတော့ အရာရာတိုင်းဟာ အလကားအရေးမပါတော့ပြီ ။ ကျွန်တော့ဘဝတစ်ခုလုံးပျောက်ဆုံးသွားသလိုခံစားနေရသည် ။ နေ့ရက်တိုင်းမှာ အသက်ရှူနေရသည်က အရမ်းကိုပင်ပန်းလွန်းသည် ။ အတုယောင်ဆန်သောလူတွေ ၊ အတုယောင်ဆန်တဲ့ချီးကျူးသံတွေ ၊ မနာလိုသောအကြည့်တွေ ၊ အရှိုက်တည့်တည့်ထိုးနှက်ကြသော ဖိနှိပ်စကားတွေ ၊ မညီညွတ်ခြင်းတွေ ၊အားလုံး.. အရာအားလုံးပဲ ! ထိုအရာရာအားလုံးကို ကျွန်တော်ငြီးငွေ့နေပြီ ။ ခြေကုန်လက်ပန်းလည်းကျနေပြီ ။