🥀⚔️⚜️ - I

2.7K 168 17
                                    

Unicode

"နွေးထွေးမှုကိုသာ မျှော်လင့်မိတဲ့ နေခြည်ဆီက ပူလောင်မှုကိုလည်း လက်ခံရရှိနိုင်တယ်ဆိုတာကို ကြိုတင်မတွေးဆမိခြင်းဟာ အမှားတစ်ခုလေပဲလား"


-🥀⚔️🔱-






"မင်းသားလေး ဒီနေ့ညီလာခံကိုတက်ရောက်ဖို့ အရှင်မင်းကြီးက မိန့်ကြားလိုက်ပါတယ်"

မနက်စောစော လျှောက်တင်လာတဲ့ အထိန်းတော်ကြီးစကားကြောင့် ဆောင်းဟွန်းတစ်ယောက် အနည်းနဲ့အများတော့ အံ့ဩမိသည် ။


ခမည်းတော်က သူ့ကိုညီလာခံတက်ဖို့စေခိုင်းတယ်တဲ့လား ။


တကယ်ဆို ထုံးတမ်းအစဉ်အလာအရ ဒါကသိပ်ပြီးထူးဆန်းတဲ့အရာတော့မဟုတ် ။

တရားဝင်အိမ်ရှေ့စံမင်းသားလို့ မဟုတ်သေးသည့်တိုင် ဆောင်းဟွန်းဟာ တိုင်းပြည်အရှင်သခင်ရဲ့ တစ်ဦးတည်းသော ရင်နှစ်သည်းချာဖြစ်တာမို့ သူမှတပါးတခြား အရိုက်အရာကိုဆက်ဆံမည့်သူလည်းမရှိ ။

ထီးမွေနန်းလျာကိုဆက်ခံမယ့် မင်းသားတစ်ပါး အရွယ်ရောက်စပြုတာနဲ့ ပုံမှန်ညီလာခံကိုတက်ပြီး တိုင်းပြည်ရေးရာတွေကို ရင်းနှီးအောင်သင်ယူရတာဟာ ထုံးတမ်းတစ်ခုပဲမို့ အဆန်းမဟုတ် ။

အခုဆောင်းဟွန်း ကိုယ်တိုင်လည်း အရွယ်လွန်သည်ဟု မဆိုနိုင်သည့်တိုင် လုံလုံလောက်လောက် အရွယ်ရောက်နေပြီဖြစ်ပေမဲ့
ယခုအချိန်အထိ ညီလာခံတက်ဖူးဖို့ဝေးစွ တိုင်းရေးပြည်ရေးကိစ္စကို သာမန်ထက်ပိုပြီး ခေါင်းထဲမထည့်ပဲနေနိုင်ခဲ့သည် ။
ဒီလိုမျိုး သူ့ကို အေးအေးဆေးဆေးလွှတ်ထားပေးခဲ့သည့် ခမည်းတော်ရဲ့ အကြောင်းအရင်းကလည်း ခိုင်ခိုင်လုံလုံ ။

တကယ်တမ်းဆိုရရင် ထိုအကြောင်းအရင်းဆိုတာက ခမည်းတော်ရဲ့အကြောင်းအရင်းလို့ဆိုရမှာထက် သူကိုယ်တိုင်ကြောင့်လိုပဲ ဆိုရလေမလား ။

ငယ်စဉ်ကတည်းက ကျန်းမာရေးချို့တဲ့လွန်းတယ်လို့မဆိုနိုင်ရင်တောင်မှ မွေးရာပါအားနည်းတယ်လို့ဆိုတဲ့ နှလုံးကြောင့်
တစ်ဦးတည်းသော ဘုရင့်သွေးသားလေးမှာ ခမည်းတော်မင်းကြီးအပါအဝင် တစ်နန်းတွင်းလုံးရဲ့ သည်းသည်းလှုပ် အမြတ်နိုးခံ အစောင့်ရှောက်ခံ ။

SOVEREIGN | HeeHoonWhere stories live. Discover now