"ဦးလေးကြီးက ဘာမလို့လဲ"
အဲ့စကားကို နားထောင်ရတာ ဒေါသသံတွေ မကျေနပ်သံတွေပါနေသလိုပင်။
ကျွန်တော် ဘာမှမဖြေလိုက်ပဲ သူ့ကိုပဲ စိုက်ကြည့်နေလိုက်တော့ သူက တစ်ဖက်ကို လှည့်သွားသည်။ တကယ်ဆို ကျွန်တော်သူ့ကို စိတ်တိုအောင်လုပ်မိထားတာ မရှိဘူးမလား။ အကုန်သူ့စိတ်တိုင်းကျ လိုက်လျောပေးထားတာကို ဒီချာတိတ်က ဆိုးချင်နေသည်။"ငါဟိုဘက်ခဏသွားဦးမယ်...လိုက်ချင်ရင်လိုက်ခဲ့"
ပြန်ဖြေလာသံမရှိတာမလို့ ကိုယ့်ဟာကိုယ်ပဲ ထွက်လာခဲ့လိုက်သည်။ နှုတ်ဆက်စရာရှိတာ လိုက်နှုတ်ဆက်နေပေမဲ့ စားပွဲမှာ ကျန်ခဲ့တဲ့ ချာတိတ်ကို လှည့်လှည့်ကြည့်ရသည်။ ကြည့်လိုက်တိုင်း ဝိုင်ခွက်မော့နေတာမလို့ သေချာပေါက်မူးတော့မှာ မြင်ယောင်သေးသည်။
"ခဏနော်...ကျွန်တော်ပြန်လာခဲ့မယ်"
ချာတိတ်နားကို ပြန်သွားလိုက်ပြီးတော့ သူ့လက်ထဲက ဝိုင်ခွက်ကို ဆွဲယူကာ ရပ်ခိုင်းရသည်။
"တော်တော့ ချာတိတ်"
"ပေးပါ...ဒီလောက်နဲ့ ဘာမှမဖြစ်ဘူး"
"ငါပြောနေတယ်လေ ချာတိတ် တော်တော့လို့..."
အသံနည်းနည်းမာလိုက်ပြီး ရပ်ခိုင်းလိုက်တော့မှ ငြိမ်သွားသည်။
"လာ ငါနဲ့လိုက်ခဲ့"
လက်ကနေဆွဲပြီးတော့နှုတ်ဆက်တဲ့သူတွေနားခေါ်သွားသည်။ အနားရောက်တော့မှ လက်ကို လွှတ်ပေးလိုက်ပြီးတော့
"ငါ့နားကနေ တဖဝါးမှ မခွာနဲ့ အနားမှာပဲနေ....ခွာရင် ဘာဖြစ်မလဲ စောင့်ကြည့်နေလိုက်"
"...."
ဘာမှမဖြေလာပဲ ဘေးနားမှာ ရပ်နေတဲ့ ချာတိတ်ကို စိတ်ထဲကနေတော့ ရယ်ချင်သွားသည်။မျက်နှာက ဆူပုပ်ပုပ်နဲ့ အလိုမကျပေမဲ့ ကျွန်တော် မခွာခိုင်းထားတာမလို့ ထားတဲ့အတိုင်း ရပ်နေသည်။
"အတွင်းရေးမှူး အသစ်လား CEO Kim "
"အော်...မဟုတ်ဘူး အလုပ်က ဝန်ထမ်းတစ်ယောက်ပါ...အတွင်းရေးမှူးက ခွင့်ယူသွားလို့လေ"