"သီဟနိုင်ရေ... သီဟ"
အိမ်အပြင်ဘက်ကခေါ်သံကြောင့် ကျွန်တော်ရော သီဟနိုင်ရော လန့်နိုးလာကြပြီး တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်မိကြတယ်။ ပြတင်းတံခါးကနေ မြင်နေရတဲ့ ကောင်းကင်ယံရဲ့ အလင်းရောင်ဟာလည်း မှောင်လျက်ပဲရှိသေးတာမို့ အိပ်ရာခုတင်ဘေးကဖုန်းကို ယူပြီး အချိန်ကိုကြည့်မိတော့ နံနက်လေးနာရီကိုမှ နှစ်မိနစ်ပဲစွန်းနေသေးတာကြောင့် ကျွန်တော်တို့မှာ ပိုပြီး အံ့သြရတယ်။ ဒီအချိန်ကြီး ဘယ်သူများပါလိမ့်။
"အကိုသူရစိုး ဓားပြတွေလားမသိဘူးနော်"
"မဖြစ်နိုင်ဘူး။ ဓားမြတွေဆို ကလေးနာမည်ကို သိနေစရာအကြောင်းမရှိဘူးလေ"
"ဟုတ်သားပဲ။ အဲ့ဒါဆို သရဲလားမသိဘူး"
"ဟမ်! မဟုတ်လောက်ပါဘူး"
"သီဟနိုင်ရေ..."
ကျွန်တော်တို့နှစ်ယောက် သုံးသပ်နေကြတုန်းမှာပဲ အပြင်ဘက်ကနေ သီဟနိုင်ရေဆိုတဲ့ခေါ်သံထပ်ထွက်လာပြန်တယ်။
"ကလေးလေး ဒီမှာနေခဲ့.. ကိုယ် သွားကြည့်လိုက်မယ်"
"ဟာ ခင်ဗျားတစ်ယောက်တည်း စိတ်မချပါဘူး။ ကျွန်တော်ပါလိုက်မယ်"
သီဟနိုင်က ပြောပြောဆိုဆိုနဲ့ ကျွန်တော့်နောက်လိုက်ဖို့ နေရာယူတယ်။ အဲ့ဒါနဲ့ သူ့ကိုပါခေါ်ပြီး ခြံထဲကို ဆင်းလာခဲ့လိုက်ကြတယ်။ အဲ့လိုနဲ့ ခြံဝန်းတံခါးနားရောက်တော့ တံခါးကို တန်းမဖွင့်သေးဘဲ ဘယ်သူလဲလို့ အရင်မေးကြည့်လိုက်တယ်။
"ကိုသူရစိုးလား... ကျွန်တော် နေလင်းပါ"
"ဟမ်... မင်းက ဘယ်လိုလုပ်"
"ဘေးမှာ သီဟနိုင်ပါတယ်မလား။ ကျွန်တော့်ကို တံခါးဖွင့်ပေးဦး"
ဖွင့်ပေးလိုက်ရမလားဆိုတဲ့သဘောနဲ့ ကျွန်တော် သီဟနိုင်ကို လှည့်ကြည့်လိုက်တော့ ခေါင်းညိတ်ပြတယ်။ အဲ့ဒါနဲ့ ကျွန်တော် တံခါးဖွင့်ပေးလိုက်တယ်ဆိုရင်ပဲ ခြံအပြင်ဘက်မှာ နေလင်းတစ်ယောက်တည်းမဟုတ်။ သူ့အပြင် တခြားတစ်ယောက်ကိုပါ တွေ့လိုက်ရတယ်။ မှောင်နေတာကြောင့် ဘယ်သူဘယ်ဝါရယ်လို့တော့ သဲကွဲစွာမမြင်ရ။