အင်းဝခေတ်က ကညာပျို
အပိုင်း(၅၀)ကျွန်းလုံးတိုင်ဖြင့် အခိုင်အမာတည်ဆောက်ထားသော သစ်တပ်အတွင်း ကညင်ဆီမီးရောင်သည် တဖျတ်ဖျတ်တောက်လောင်နေ၏။
တပ်တွင်း တပ်ပြင်၌ ထားရှိသော အစောင့်များသည်လည်း အခိုင်အမာ။သစ်တပ်၏ ဘယ်ဘက်ထောင့်ချိုးကွေးရှိ ဝန်းကြီးတွင် ပျဉ်းကတိုးကာ၍ အုပ်ကြွပ်မိုးသော ခမ်းနားလှသည့်အိမ်ကြီးတစ်ဆောင်ရှိသည်။အိမ်တော်ရှင်သည်ကား ရမည်းသင်းမြို့စား။
၅ပေခန့်မြင့်သော ခြေတံရှည်အိမ်တော်သည် အခန်းပေါင်း ၄၈ခန်းဖြင့် ဖွဲ့စည်းထားသည်။ အခင်းအဖြစ်သုံးထားသော ကြမ်းတို့တွင် ရှားနက်ဆေးအား အရည်ကြို၍ သုတ်ထားသဖြင့် ပြောင်လက်ချောမွတ်နေသည် ။ မနက်ခင်းတိုင်း ကျွန်များမှ အမြဲမပြတ် တိုက်ချွတ်ရသဖြင့် အစဉ်သဖြင့် သန့်ရှင်းနေ၏။
အနက်ရောင်တောက်တောက် ပြောင်လက်နေသော ကြမ်းခင်းတို့နှင့် ဆက်နွယ်နေသော လှေကားမှ ဦးကော့သည့် ရွှေခြေနင်းတစ်စုံအောက်သို့ဆင်းလာသည်။ ခဲပြာရင့်ရောင် မိန်ထက်တွင် ဈေးကောင်းပေးဝယ်ထားရသော သံချပ်ကာသည်နေရာတကျ။ ပုခုံးမှစ လက်ဖျံ လက်မောင်းတို့အား ကာရံထားသည့် သံထည်မှာ ကညင်ဆီ မီးရောင်အောက်၌ မျက်စိကျိန်းဖွယ်အတိ။
အရှည်အတော်သင့်ခွေ၍ထုံးထားသောသျှောင်တွင် သခွားနုရောင်အောက်ခံ အပွင့်ရိုက်ခေါင်းပေါင်းအားပေါင်းထားသည်။တည်ကြည်သော ဥပတိရုပ်ရှိသည့်တိုင် ခပ်မဲ့မဲ့ကွေးနေသော နှုတ်ခမ်းအစုံနှင့် မှေးကျဉ်းသည့်မျက်လုံးများမှာ စဉ်းလဲသောစိတ်၏သဏ္ဍန်အား အပြည့်အဝဖော်ကြူးထား၏။
အောက်ပို့ကျိုက်ထားသော အကွက်ကျဲချည်ပုဆိုးအောက်၌ ခဲပြာရင့်ရောင် ရွှေချည်ထိုးဘောင်ဘီအားဝတ်ဆင်ထားသည်။လက်ထဲတွင် ကျောက်မြတ်ရတနာမျိုးစုံစီခြယ်ထားသော ရွှေဓားရှည်အား ကိုင်ဆောင်ထား၏။
လှေအားအောက်ခြေမှ မြေပြန့်ကျယ်တွင် ဒူးတုပ်လျှက် လက်ပြန်ကြိုးတုပ်ထားသော လူတစ်ဦးအား စေ့စပ်စွာ အကဲခတ်လိုက်သည်။ ရေများစိုရွဲကာ ဖရိုဖရဲကျနေသော ရုပ်သွင်လွှာက ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပုံဖမ်းရန်ခဲယဉ်းလှ၏။
" သင်းက ဘယ်သူလဲ "
ကျန်နေသည့် လှေကားနှစ်ထစ်အား ဆက်မဆင်းပဲ သူ့ထံတွင် သစ္စာခံထားသောဇေယျကျော်ထင်အား လှမ်းမေးလိုက်သည်။
" ရဲဒိပ္ပပါ ဘုရား "
ဇေယျကျော်ထင်က လက်အုပ်ချီလျှက် ရိုသေစွာလျှောက်၏။
"တစ်ယောက်ထဲ လုပ်ကြံရင်
တစ်သက်ပဲသေမယ်
သင်းကို ငါးစာထားပြီး
စဝ်ခွန်သတို့ကို မြှားခေါ်လိုက်ရင်
ကျွန်တော်မျိုးတို့ သတ်ချင်တဲ့သူ
အကုန်သေမယ်မဟုတ်ရော့လား
ဒါကြောင့် မသတ်ပဲ လက်ရဖမ်းခဲ့လေတာ"ရမည်းသင်းမြို့စားသည် ဇေယျကျော်ထင်ဘက်သို့ကိုယ်မလှည်ပဲ စောင်းငဲ့ကြည့်လာသည်။
" အိမ်ရှေ့စံကို လုပ်ကြံတာကရော"
"ချွင်းချက်မရှိ အောင်မြင်ပါရဲ့ "
ရမည်းသင်းစားသည် အောင်နိုင်သူကဲ့သို့ ပြုံးလိုက်၏။ထို့နောက် ချက်ချင်းပြန်တည်သွားကာ
"သင်းလို လက်ပါးစေကျွန်တစ်ယောက်
အတွက်နဲ့ စဝ်ခွန်သက
ရောက်လာလိမ့်မယ်လို့
မောင်မင်းကမျှော်လင့်နေတာလား "" စဝ်ခွန်သက သူ့လူတွေကို
ထားခဲ့ရိုးထုံးစံမရှိဘူး
ဒါကြောင့် သေချာပေါက် လာလိမ့်မယ်"ဇေယျကျော်ထင်လျှောက်တင်ချက်များအားနားထောင်ပြီး မြို့စားမှာပုခုံးများသိမ့်သိမ့်တုန်သည်အထိ အားရပါးရရယ်မောလေတော့၏။
မှန်သည်။စဝ်ခွန်သသည် သူ၏ လက်အောက်ခံဟုဆိုလျှင် အောက်ခြေတပ်သားငယ်ပင်ဖြစ်နေပါစေ ဘယ်သောအခါမှ လျစ်လျူမရှု။ရဲဒိပ္ပနှင့်စဝ်ခွန်သဆိုသည်မှာလည်း ဓားနှင့် ဓားအိမ်ကဲ့သို့ပင်။ တစ်ယောက်ကိုမြင်လျှင် နောက်တစ်ယောက်လည်း ပါလာစမြဲ။သူတို့နှစ်ဦးအား ခွဲ၍တွေ့ရချိန်မှာ အတော်ရှားတတ်၏။ ထို့ကြောင့် ကျိန်းသေပေါက် ရောက်လာလိမ့်မည်။
" တယ်လဲတော်ပါ့လား ဇေယျကျော်ထင်
ကျုပ်ဖြင့် သည်လောက်ထိ မတွေးမိချေဘူး
ဧကန္တ ကျုပ်လူရွေးမမှားဘူး ထင်ပ "" ကိုယ့်တော့် ဘုန်းရိပ်မှာခစားမိတာကြောင့်ပါ "
" ကောင်းတယ် သိပ်ကောင်းတယ်
အဟင်း...."