စတွေ့တုန်းကအချိန်တွေရယ်လို့ ပြန်တွေးမိတော့ Malibu က အိမ်လေးမှာ တစ်ဖန်ပြန်လာနေဖြစ်ပြန်သည်။
ဒီအိမ်လေးကိုတော့ နှစ်ယောက်ရဲ့ ဝင်ငွေကိုစုလို့ အတူတူဝယ်ဖြစ်ခဲ့ကြသည်။
မိုးရွာပြီးစမို့ တဖြောက်ဖြောက်ကျနေတဲ့ မိုးစက်လေးများက အမိုးရဲ့အနားသတ်မှာ တွဲလွဲခိုကာကျနေကြတယ်။
တစ်ပေါက်ပေါက်နဲ့ပေါ့......
မိုးတိတ်သွားလို့ ပြတင်းတံခါးလေးလှစ်ဟမိစဥ် ခပ်အေးအေး လေချိုသွေးက ပါးပြင်ပေါ်ကနေပြေးလို့ဖြတ်သွားသေးသည်။
ထိုင်ခုံတစ်လုံးကို မ ကာ ထိုပြတင်းပေါက်နားသယ်နေစဥ် တီဗွီအားစူးစိုက်ကြည့်နေခဲ့ပါသော ဂျောင်ကုမှ လှည့်ကြည့်လာသည်။
နှုတ်မှထွက်ပေါ်မလာပါပဲ မျက်ဝန်းအဝိုင်းလေးတွေကမေးနေရှာသည်။ ဘယ်လဲတဲ့....
ချိုင်းကြားမှညှပ်ထားသောစာအုပ်လေးထံသို့မေးငေါ့ပြတော့ ဂျောင်ကုဆိုတဲ့ဒီလူသားလေးက ပြုံးလို့ပြကာ ပြန်လှည့်သွားပြန်တယ်။
ဖတ်လက်စ စာအုပ်လေးမို့ bookmark လေးကနေဆွဲ၍လှန်လိုက်သည်။
စာရွက်တစ်ချက်လှန်လိုက်တိုင်း လှည့်ကြည့်လာသော ဂျောင်ကုကြောင့် သူအညိုရောင်လေးလို့ခေါ်လေ့ရှိတဲ့ ကျနော်က"စာအုပ်ဖတ်ချင်လို့လား...ဂျောင်ကု!!"
"ဟင့်အင်း!!"
ခေါင်းကိုသာ ခါပြရင်း ထိုကောင်လေး ပြန်လှည့်သွားပြန်တယိ။
သူကျနော့်ကို အရိပ်တကြည့်ကြည့် ကြည့်နေတတ်သလို ကျနော်ရော ကြည့်နေတတ်တာ သူသိလေမလား လို့ ကျနော်တွေးမိပြန်တယ်။
ဖတ်လက်စ စာအုပ်ကိုသာ ပြန်လည်ဖတ်ရှုနေတုန်း စာသားတစ်ချို့က အတွေးတို့ကိုထပ်မံဖြစ်တည်စေခဲ့သည်။
အရာရာ ပျက်သုဥ်းသွားဖို့
သေချာနေတဲ့ ကြားထဲမှာပဲ
ဒီလောက် ထပ်ပြန်တလဲလဲ ကျော့နေတဲ့
မွေးဖွားခြင်း သေဆုံးခြင်း ကြားထဲမှာပဲ
ရေပွက်ပမာ ခဏမျှသာ ရှိတဲ့
တစ်ဘဝ အတွင်းမှာပဲ
တို့အတူ ရှိနေကြတယ်...
အံ့သြဖွယ်
တို့အတူ
ရှိနေကြတယ်။
(crd:stillness)
ဒီစာလေးကို ကျနော်ဖတ်မိတော့ တီဗွီဖန်သားပြင်ကို ငေးနေတဲ့ ကျနော့်ရဲ့ ကောင်လေးကို ကြည့်နေမိတယ်။
တိုတောင်းလွန်းတဲ့ လူ့ဘဝမှာ ဂျောင်ကုဆိုတဲ့သူနဲ့ဆုံတွေ့ခွင့်ရခဲ့တာ ကျနော့်အတွက် ကောင်းချီးပေးတဲ့လာဘ်တစ်ပါးပါပင်။
တကယ်ပဲ ကျနော်ရယ်...ခင်ဗျားရယ်...အတူတူရှိနေကြတယ်။
"ဂျင်!!"
သူ့မျက်နှာလေးကို ဘေးတိုက်ငေးနေတဲ့ကျနော့်ဘက်ကို ဂျောင်ကု လှည့်လို့ကြည့်ကာ ခေါ်လာခဲ့သည်။
"ခင်ဗျား...မင်္ဂလာဆောင်ချင်လားဟင်!!"
ရုတ်တရက်ဆန်သောမေးခွန်းမှာ တုန့်ပြန်လာမယ့်အဖြေကို စောင့်ဆိုင်းနေခြင်းတွေ တွေ့ရှိခဲ့ရတယိ။
မျက်ဝန်းအဝိုင်းလေးကလည်း မျှော်လင့်ချက်အပြည့်နှင့်သာ။
"ဂျောင်ကုက....ပွဲလုပ်ချင်လို့လား!!"
"အဲ့လိုတော့လည်းမဟုတ်ပါဘူး... ဒီမှာ ဇာတ်ကားထဲမှာပါတာတွေ့တော့ မေးကြည့်ရုံပါ!!"
"ကျနော်တို့အခုလဲ အိမ်ထောင်သည်တွေဖြစ်နေပြီပဲလေ ခင်ဗျားရယ်!!"
"အင်းပါ!!"
မှိုင်းညို့သွားသော မျက်ဝန်းအဝိုင်းလေးက တီဗွီဘက်သို့သာ ပြန်လှည့်သွားသည်မှာ ကျနော့်ဘက်သို့ပင်ပြန်လှည့်မလာတော့ပေ။
ကျနော့်ရဲ့ဂျောင်ကုလေး ဝမ်းနည်းသွားတယ်ထင်ပါရဲ့။
ဖတ်လက်စစာအုပ်ကို ထိုင်ခုံပေါ်တွင်ချကာ ဂျောင်ကုအနားသို့ အညိုရောင်ရပ်ဝန်းလေး ထလာခဲ့သည်။
ဂျောင်ကုနဘေးနားသို့ ကပ်ထိုင်သည်အထိ အညိုရောင်လေးအားလှည့်ကြည့်မလာခဲ့ပါ။
ဂျောင်ကု၏ခါးဆီသို့ လက်နှစ်ဖက်ကယှက်ကာ နဖူးလေးအား ဂျောင်ကုပခုံးလေးပေါ်မှီတင်ခဲ့လိုက်သည်။
"စာဖတ်မှာမဟုတ်ဘူးလား..ခင်ဗျားက!!"
"ဟင့်အင်း... အခု ခင်ဗျားကိုဖတ်ချင်သွားလို့!!"
"အဟက်... ပြန်မလွှတ်ပေးတော့ဘူးနော် ကျနော်က!!"
"အင်း... တနေကုန်ဖက်ထားပေးလို့ရတယ်!!"