၂၆. ဂျွန်ပင်ဒယ်လ်တန်

6 2 0
                                    


ခရစ်စမတ်မရောက်မီ တစ်ပါတ်အလိုတွင် ပေါ်လီယာနာသည် သူ့ဇာတ်လမ်းအား (ယခုတွင် သေသပ်စွာ လက်နှိပ်စက်နှင့် ရိုက်ခဲ့ပြီးဖြစ်၏) ပြိုင်ပွဲကျင်းပရာသို့ ပေးပို့ခဲ့သည်။ ဆုရရှိသူများအား ဧပြီလမတိုင်ခင်အထိ မကြေငြာဟု မဂ္ဂဇင်းထဲတွင် ထုတ်ပြန်ထားသဖြင့် ပေါ်လီယာနာသည် ကြာမြင့်လှသော ထိုအချိန်အတွက် စိတ်ရှည်ရှည်ထားကာ တည်ငြိမ်စွာ စောင့်ဆိုင်းရန်သာ ပြင်ဆင်ထားခဲ့သည်။

"ဘာပဲဖြစ်ဖြစ် ... ငါမသိတော့ဘူး။ ဒါပေမဲ့ ဒီလိုအချိန်ကြာတဲ့အတွက် ငါဝမ်းသာတယ်"

"ဒီဆောင်းရာသီတစ်ခုလုံးမှာ တခြားဆုတွေအစား ငါ ပထမရနိုင်တယ်လို့တွေးပြီး ပျော်နိုင်တယ်။ ငါအဲ့ဒါကို ရမယ်လို့ပဲ တွေးထားရမယ်။ ဒါမှ ငါရလာခဲ့တဲ့အခါ တစ်လျှောက်လုံး မပျော်ခဲ့ရဘူး ဆိုတာမျိုး မဖြစ်နိုင်တော့ဘူး။ တကယ်လို့ ငါမရခဲ့ဘူး ဆိုရင်လဲ အခုလတွေအတွင်းမှာ ကြိုပြီး စိတ်ဆင်းရဲနေရတာမျိုး မဖြစ်ခဲ့ရဘူး။ ဘာပဲဖြစ်ဖြစ် ဆုအသေးလေးပဲ ရရင်တောင် ငါဝမ်းသာနိုင်တယ်"

ပေါ်လီယာနာသည် ဆုတစ်ခုမျှ မရနိုင်ဟူသည်ကိုတော့ ကြိုတင်တွက်ဆထားခြင်း မရှိခဲ့။ ထိုဇာတ်လမ်းအား မီလီစနိုးမှ လှလှပပ ရိုက်နှိပ်ထားပေးကာ ပုံနှိပ်ထားသကဲ့သို့ပင် သေသပ်လှသည်။

ထိုနှစ်၏ ခရစ်စမတ်သည် ပေါ်လီယာနာ အားသွန်ခွန်စိုက်နှင့် ကြိုးစားအားထုတ်ခဲ့သော်လည်း ဟယ်ရင်တန် အိမ်ခြံကြီးအတွက်သည်တော့ ပျော်စရာ အချိန်မဟုတ်ခဲ့ပေ။ အန်တီပေါ်လီသည် ထိုနေ့နှင့်ပတ်သက်ဆက်နွယ်သော ပျော်ပွဲရွှင်ပွဲများအား ကျင်းပခွင့်ပြုရန် လုံးဝငြင်းဆိုခဲ့ပြီး သူ၏စိတ်သဘောထားကို ရှင်းရှင်းလင်းလင်းပြသခဲ့သည့်အတွက် ပေါ်လီယာနာသည် ရိုးရှင်းသော လက်ဆောင်တစ်ခုတလေမျှပင် မပေးနိုင်ခဲ့။

ခရစ်စမတ် ညနေခင်းတွင် ဂျွန်ပင်ဒယ်လ်တန်ရောက်လာခဲ့သည်။ မစ္စက်ချစ်လ်တန်သည် သူ့ကိုယ်သူ အကြောင်းပြကာ ဆင်ခြေပေးခဲ့သော်လည်း ပေါ်လီယာနာသည် သူ့အဒေါ်နှင့်အတူ ရှိနေခဲ့ရသော နေ့တာအရှည်ကြီးအား ငြီးငွေ့ပင်ပန်းနေလျက်ရှိကာ သူ့အား ဝမ်းသာအားရနှင့် ကြိုဆိုခဲ့သည်။ သို့သော်ဤအခြေအနေတွင်လည်း ဂျွန်ပင်ဒယ်လ်တန်သည် ဂျင်မီ့ထံမှစာကို သူနှင့်တပါတည်း ယူဆောင်လာခဲ့သည့်အတွက် အတိတ်နေ့ရက်များကိုသာ ပြန်လည်၍ အောက်မေ့မိပြန်သည်။

ပေါ်လီယာနာ ကြီးပြင်းလာခြင်းWhere stories live. Discover now