Chapter 1354

315 31 2
                                    

စာစဉ် 91 Chapter 1354 ကျုပ် နောက်နေတာ မဟုတ်ဘူး

*ဟမ်*
လူတိုင်း ပွဲကြည့်စင်၌ ရှိနေသော ယဲ့ဖန်ကို ပြိုင်တူ ကြည့်မိသွားသည်။ လက်ရှိတွင် ယဲ့ဖန်က လက်ပိုက်၍ ခါဇန်ကို အေးစက်စွာ ကြည့်နေ၏။
*ဒီကောင်လေး သူ ရူးနေတာလား*
လူတိုင်း ကြက်သေ သေသွားသည်။
*ဒီလို စစ်ပွဲမျိုးမှာ ဒီကောင်လေးက ပြဿနာ လာရှာရဲသေးတာလား*
*ဒါ သေတွင်းတူးနေတာ မဟုတ်ဘူးလား*
ချက်ချင်းဆိုသလိုပင် လူတိုင်းက လှောင်ပြုံးပြုံးလာကြသည်။
*ဈာန်ဝင်စားခြင်းအဆင့်လေးက သူတော်စင်သခင်အဆင့်ကို ခြိမ်းခြောက်ရဲတယ်လား၊ မိုက်မဲလိုက်တာ*
*ဒီကောင်က သေဖို့မစောင့်နိုင်တော့တာများလား*
ထိုအခိုက်တွင် သူတော်စင်သခင်အဆင့် အားလုံးက ယဲ့ဖန်ကို မျက်မှောင်ကြုတ်၍ ကြည့်နေကြသည်။ ယဲ့ဖန်ကဲ့သို့ လူဖျင်းက သူတော်စင်သခင်အဆင့်ကို ရန်စရဲလိမ့်မည်ဟု သူတို့ ထင်မှတ်မထားကြချေ။
"ဟေ့ကောင် ပြဿနာ မရှာနဲ့၊ သူက မင်း ရင်ဆိုင်နိုင်တဲ့လူ မဟုတ်ဘူး"
ကျီးကန်းတာအိုသခင်က ယဲ့ဖန်ကို စိတ်ဆိုးမာန်ဆိုး ကြိမ်းမောင်းလေသည်။ သူသည်လည်း စိတ်ပျက်နေ၏။
*ဒီအရူးက ဘာလုပ်နေတာလဲ*
"ကျုပ်က ခင်ဗျားလို အမှိုက် မဟုတ်ဘူး"
ယဲ့ဖန်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ ဟွမ်ယွီလင်း ဝမ်းနည်းမည်ကိုသာ သူ မစိုးရိမ်လျင် ကျီးကန်း တာအိုသခင် သေသေ၊ ရှင်ရှင် သူနှင့် မဆိုင်ချေ။
"မင်း"
ကျီးကန်းတာအိုသခင် ဒေါသထွက်လွန်းသဖြင့် သွေးအန်မိသည်။
*ငါ အကောင်း ပြောတာတောင် ဒီကောင်က ကျေးဇူးမတင်ဘူး*
မူလက သူ သေလျင်တောင်မှ ယဲ့ဖန်အပေါ် သူ မျှော်လင့်ထားမိသည်။ ယဲ့ဖန်က ဟွမ်ယွီလင်းကို အင်ပါယာတွင်းမှ ခေါ်ထုတ်သွားပြီး မည်သူမှ သူတို့ကို မသိသော နေရာတစ်နေရာကို ရှာမည်ဟု မျှော်လင့်ထားမိသည်။
သို့သော် ယဲ့ဖန်က မောက်မာလွန်းပြီး မသိတတ်ချေ။ သူ တမင်သက်သက် သေတွင်းတူးနေသည်ဟုပင် ဆိုရပေမည်။
*အရည်အချင်းလည်း မရှိဘဲ ဂုဏ်မောက်နေတယ်၊ ဘယ်လောက် ရူးလိုက်လဲ၊ ဒီကောင်က ဘာကိုမှ ဂရုမစိုက် ဘူးလား*
"ဪ အဲ့တော့ မင်းက ငါ့ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိတယ်ပေါ့"
ခါဇန်က အထင်သေးသော အပြုံးနှင့် တစ်လုံးချင်း ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် ခက်ထန် ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေပြီး ယဲ့ဖန်အား လူသတ်ချင်သော အကြည့်များဖြင့် ကြည့်နေသည်။
ယဲ့ဖန်၏ ထပ်ခါထပ်ခါ ရန်စမှုများက သူ့ကို ကမ်းကုန်အောင် ဒေါပွသွားစေသည်။ သူ့မျက်နှာတွင် ရက်စက် ခက်ထန်မှုများနှင့် ပြည့်နှက်နေ၏။
"မင်းကို သတ်နိုင်မယ် ဟုတ်လား"
ယဲ့ဖန်က အထင်သေးစွာ ပြုံး၍ အေးအေးလူလူ ပြောလိုက်သည်။
"လွယ်လွယ်လေးပဲ"
လူတိုင်း အံ့ဩသွားပြီး ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်ကြသည်။
*ငါတို့ ဘာကြားလိုက်တာလဲ*
*ဒီကောင်က ခါဇန်ကို သတ်တာက လွယ်လွယ်လေးလို့ ပြောလိုက်တာလား*
*ငါ မောက်မာတဲ့လူတွေကို မြင်ဖူးပင်မယ့် ဒီလောက် မောက်မာတာမျိုးတော့ မမြင်ဖူးသေးဘူး*
ရှင်းကျီကလည်း ယဲ့ဖန်ကို တအံ့တဩ ကြည့်နေသည်။ ယဲ့ဖန်၏ ယုံကြည်မှု ဘယ်က ရလာသလဲ သူမ မသိပါ။
"ဟားဟားဟား ဒါ ပွဲမြှောင်လား၊ တော်တော်တော့ စိတ်ဝင်စားစရာ ကောင်းသားပဲ"
"စိတ်ဝင်စားစရာ ဟုတ်လား၊ ငါတော့ အရမ်း တုံးအလွန်းတယ်လို့ ထင်တာပဲ၊ ဈာန်ဝင်စားခြင်းအဆင့်လေးက သူတော်စင်သခင်အဆင့်ကို စိန်ခေါ်တာက ရူးမိုက်လွန်းတယ်၊ ပျော်စရာကောင်းလို့လား"
သူတော်စင်သခင်အဆင့် တစ်ချို့က ချက်ချင်း သရော်လေသည်။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်က လူရယ်အောင် စီစဉ်ထားသည့် အစီအစဉ်ဟု ထင်နေကာ အလွန် ရယ်ချင်စရာ ကောင်းသည်ဟု ထင်နေကြလေသည်။
ခပ်လှမ်းလှမ်းမှ တာအို ဆရာသခင် မင်တန်းကလည်း ယဲ့ဖန်ကို အလေးအနက်ဟန်ဖြင့် ကြည့်နေသည်။ သူ့မျက်လုံးက လေးနက်နေပြီး သူ ဘာတွေတွေးနေသလဲ မသိနိုင်ပေ။
ခါဇန်က တာအို ဆရာသခင် မင်တန်းဘက် မျက်နှာမူ၍ ပြောလိုက်သည်။
"ကျုပ် ပြိုင်ပွဲကို ဆိုင်းငံ့ထားပြီး ဒီကောင့်ကို သတ်ခွင့်ပေးဖို့ တောင်းဆိုချင်တယ်"
သို့သော် တာအိုဆရာသခင် မင်တန်းက ခေါင်းခါလေသည်။
"ကျုပ် မှန်မီးအိမ်က လူတစ်ယောက်ကို တစ်ကြိမ်ပဲ ဖိနှိပ်နိုင်တယ်၊ မင်း ထွက်သွားမယ်ဆိုရင် ပြိုင်ပွဲကို လက်လျှော့ရမယ်"
"ချီးပဲ"
ခါဇန် အံကြိတ်လိုက်ပြီး မကျေမချမ်း ဖြစ်လာသည်။
"ဒီကောင် အလင်းတော် ဘုန်းတော်ကြီးက ပြိုင်ကွင်းထဲက ထွက်လို့မရတာကို ကြိုသိနေလို့ ဒီလို အတင့်ရဲနေ တာများလား"
"အဲ့လိုပဲ ဖြစ်ရမယ်၊ မဟုတ်ရင် အလင်းတော် ဘုန်းတော်ကြီးကို ရန်စရဲတဲ့ သတ္တိကို ဘယ်လိုလုပ် သူ ရလာမှာလဲ၊ အရှက်မရှိတဲ့ကောင်"
"ဒီတစ်ယောက်ချင်း ယှဉ်တိုက်ရတဲ့ ပြိုင်ပွဲပြီးရင် ဒီကောင့်ကို ထပ်မမြင်ရတော့ဘူးလို့ လောင်းရဲတယ်၊ သူ သေချာပေါက် အဝေးကို ထွက်ပြေးမှာ၊ သူ ဟန်ကိုယ့်ပြီးတာနဲ့ ထွက်ပြေးဖို့ ပြင်နေတာ ဖြစ်မယ်"
ပွဲကြည့်ပရိသတ်များက ယဲ့ဖန်ကို အထင်သေးသော အကြည့်များဖြင့် ကြည့်နေကြပြီး အလွန်အမင်း မုန်းတီး နေကြသည်။
ခါဇန်၏ မောက်မာမှုက သူတို့ကို စိတ်ပျက်စေသော်လည်း ယဲ့ဖန်၏ စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူက သူတို့ကို ပို၍ စက်ဆုပ်ရွံရှာစေသည်။
"ဒါဆို ကျုပ် ပြိုင်ကွင်းထဲကို ဝင်လိုက်မယ်၊ ဒါဆို ရတယ် မဟုတ်လား"
သို့သော် ထိုအချိန်၌ ထွက်ပေါ်လာသော ယဲ့ဖန်၏ စကားက လူတိုင်းကို ကြက်သီး တဖြန်းဖြန်း ထသွားစေသည်။
*ဒီကောင်က ပြိုင်ကွင်းထဲ ဝင်ချင်တာလား*
*သူ ခါဇန်နဲ့ ပြိုင်ဖို့ တကယ် ဆုံးဖြတ်ထားတာလား*
လူတိုင်း မယုံနိုင်စရာကောင်းသည်ဟု တွေးနေကြသည်။
*ဒီလောက် မောက်မာတဲ့ကောင်မျိုး မမြင်ဖူးပါဘူး*
ခါဇန် သည်းခံပြီးရင်း သည်းခံနေသော်လည်း ဤလူငယ်လေးက သူ့ကို ပို၍ ဆွနေသည်။
"ဟားဟားဟား အရူး သူတော်စင်သခင်အဆင့်တောင် အဲ့ထဲ ဝင်ရင် အဆင့်ဖိနှိပ်ခံရတာ၊ ဈာန်ဝင်စားခြင်းအဆင့်ပဲ ရှိတဲ့ မင်းက အဲ့ထဲ ဝင်မယ်ဆိုတော့ မင်း အထက်တန်း ကျောင်းသားလောက်ကိုတောင် နိုင်ပါ့မလားကွာ၊ ဒါတောင် မင်းက အလင်းတော် ဘုန်းတော်ကြီးကို တိုက်ချင်သေးတယ် ဟုတ်လား"
ဟွမ်ကျစ်ရှန်က ခွက်ထိုးခွက်လန် ရယ်မောနေပြီး မတ်မတ်ပင် မရပ်နိုင်ချေ။ ကျီးကန်း တာအိုသခင်က တိတ်ဆိတ်စွာ မျက်လုံးမှိတ်လိုက်ပြီး မတတ်သာဟန်ဖြင့် သက်ပြင်းချလေသည်။
အခြေအနေက ဤမျှအထိ လွန်နေပြီဖြစ်သဖြင့် တားမရတော့ချေ။ သို့သော် ယဲ့ဖန်က အားလုံးကို လျစ်လျူရှု၍ ခုန်လွှားလိုက်သောအခါ မီတာ တစ်ရာ အဝေးမှနေ၍ ပြိုင်ကွင်းထဲသို့ ရောက်လာပြီး ခါဇန်အား တည်ငြိမ်စွာ ကြည့်နေ၏။
ထိုအခိုက်တွင် ရှင်းကျီ ပါးစပ်ကို လက်ဖြင့် အုပ်ထားမိပြီး မျက်နှာ ဖြူရော်ကာ ယဲ့ဖန်အား အလန့်တကြား ကြည့်နေသည်။
ခါဇန်၏ မျက်လုံးများက သွေးဆာကာ ရက်စက်မှုများနှင့် ပြည့်နှက်နေပြီး အလွန်အမင်း စိတ်လှုပ်ရှား နေလေသည်။
*နောက်ဆုံးတော့ ငါ ဒီအမှိုက်ကောင်ကို သတ်နိုင်တော့မယ်*
သူ့စိတ်ထဲတွင် ယဲ့ဖန်အား မရပ်မနား အနား၌ ပျံသန်း၍ အနှောင့်အယှက် ပေးနေသော ယင်ကောင်ဟု သတ်မှတ်ထားပြီး ယခု သတ်နိုင်ပေတော့မည်။
"ဟေ့ကောင်လေး မင်း သေတွင်းတူးနေတာပဲ"
ကျီးကန်း တာအိုသခင် အပြစ်တင် မာန်မဲလိုက်သည်။
"ထွက်သွားစမ်း"
ယဲ့ဖန်က နားညည်းအောင် လုပ်နေသော ကျီးကန်း တာအိုသခင်အား ပြိုင်ကွင်းထဲမှ တစ်ချက်ထဲ ကန်ထုတ် လိုက်သဖြင့် လူတိုင်း အံ့ဩသွားကြသည်။
"ဒီကောင့်ကို ငါ သတ်ကို သတ်မှဖြစ်မယ်"
ပွဲကြည့်စင်မှ ရှင်းကျီ ဒေါသထွက်လာသည်။ သူမဆရာက ဘယ်လိုလုပ် ဤသို့ အရှက်ခွဲခံရမည်နည်း။ ဟွမ်ထျန်းချန်မှာမူ ငိုရမလား ရယ်ရမလား မသိတော့ချေ။ ယဲ့ဖန်၏ စိတ်ကို သူ အတော်ကြာအောင် သိခဲ့ပြီး ဖြစ်သဖြင့် ဤသို့ လုပ်လိမ့်မည်ဟု သူ ခန့်မှန်းမိသည်။
ပြိုင်ကွင်း၌ ယဲ့ဖန်နှင့် ခါဇန်သာ ကျန်ခဲ့ပြီး နှစ်ယောက်လုံးက ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်များ ထုတ်ဖော်နေ၏။ သူတို့သည် မည်သည့် အပိုစကားမျှ မဆိုကြဘဲ တိုက်ပွဲကို ချက်ချင်း စတင်ကြလေသည်။
"ငနာလေး သေလိုက်တော့"
ခါဇန် ဒေါသတကြီး ကြုံးဝါး၍ သူတော်စင် ဓားဖြင့် ယဲ့ဖန်အား ခုတ်ပိုင်းလိုက်သည်။ ထိုဓားထံမှ အလင်းတန်းများ ထွက်ပေါ်လာပြီး မိုးမြေကိုပင် စုတ်ပြဲနိုင်သော အစွမ်း ရှိပုံရပြီး အလွန် ပြင်းထန်လှသည်။
ဓားချက် ကျလာသည်နှင့် လေထု အက်ကွဲလာပုံရသည်။ ထိုအခိုက်တွင် ဓားစွမ်းအင်မှ အရှိန်အဝါက ကြောက်စရာ ကောင်းနေသည်။
ဤဓားချက်က ယဲ့ဖန်၏ ဦးခေါင်းပေါ် ကျလာလျင် တစ်ချက်တည်းဖြင့် သတ်နိုင်မည်မှာ အသေအချာပင်။ ထိုအခိုက်၌ ခါဇန်သည် သူ့ကြောင့် ယဲ့ဖန် ခန္ဓာကိုယ် နှစ်ခြမ်းကွဲသွားမည်ဟု မြင်ယောင်နေပုံ ရပြီး မျက်နှာတွင် အလွန် ဂုဏ်ယူသော အပြုံးမျိုး ပေါ်လာ၏။
ဟွမ်ကျစ်ရှန်ကလည်း ထပ်ခါထပ်ခါ လှောင်ရယ်လေသည်။
*ဒီဓားချက်က သူတော်စင်သခင်အဆင့်တောင် ခုခံဖို့ ခက်တာ၊ ဈာန်ဝင်စားခြင်းအဆင့်လေးကို သတ်တာက ပုရွက်ဆိတ်ကို သတ်တာထက် ပိုမြင့်နိုင်ပါ့မလား*
ဤဓားချက်အား လွှဲယမ်းလိုက်ချိန်တွင် နတ်စွမ်းအင်များ ပါနေပြီး ကောင်းကင်မှ တိမ်တိုက်များပင် ပိုင်းပြတ် သွားရသည်။ နတ်ဘုရားတစ်ပါး ဒေါကန်နေသည်ဟုပင် ထင်မှတ်ရသည်။
"ဒါ ... ဒါက ဘယ်လိုလုပ် ဒီလောက် ကြောက်ဖို့ကောင်းနေတာလဲ"
ပြိုင်ကွင်းပတ်လည်မှ ပွဲကြည့်ပရိသတ်များအားလုံး ကြက်သီးထလာပြီး ဤဓားချက်၏ စွမ်းအင်ကို ခံစားမိ နေသည်။
ထို့ကြောင့် လူတိုင်း တစ်ကိုယ်လုံး အေးစိမ့်သွားပြီး သွားများ တဂတ်ဂတ်ရိုက်ကာ ဓားက သူတို့၏ နှလုံးသားကို ထိုးစိုက်လာသည်ဟုပင် ထင်မှတ်ရသည်။
သူတော်စင်သခင်အဆင့်များလည်း မျက်နှာပျက်လာကြသည်။ ဤဓားချက်က ယခင်ဓားချက်များထက် ပို၍ ကြောက်စရာ ကောင်းနေကြောင်း သူတို့ ရှင်းလင်းစွာ ခံစားမိနေ၏။
ဤစွမ်းအင်၊ ဤအရှိန်အဝါနှင့် ဤအမြန်နှုန်းတို့က သိုင်းပညာ၌ အကောင်းဆုံးပင်။ ပြင်းထန် ထည်ဝါလွန်း၍ လူအများ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို စုတ်ဖြဲနိုင်လောက်သည်။
ဤသည်ကိုမြင်သော် ကျီးကန်း တာအိုသခင် မချိပြုံး ပြုံးလိုက်မိသည်။ တစ်ဖက်လူက တကယ်ပင် နှစ်ထောင် သောင်းချီ လူအိုကြီးပင်။ တစ်ဖက်လူက ဤတိုက်ကွက်ကိုသာ အစောကတည်းက သူ့၌ ထုတ်သုံးခဲ့လျင် သူ သေပင် သေနေလောက်လေပြီ။
ဤဓားချက်ကိုသုံး၍ ဘာမဟုတ်သော ဈာန်ဝင်စားခြင်း အဆင့်လေးကို သတ်ခြင်းက ပိုလွန်းနေမလားဟု လူတိုင်း တွေးနေကြသည်။ သို့သော် ဤသည်က ခါဇန် ယဲ့ဖန်ကို မည်မျှ မုန်းတီးကြောင်း သိသာစေသည်။
ပြင်းထန်သော လေတိုးသံနှင့်အတူ ဓားချက်က ယဲ့ဖန်ထံသို့ ပြင်းထန်စွာ ကျရောက်လာသည်။
"ဝုန်း"
ပြိုင်ကွင်းတစ်ခုလုံး ဖုန်တထောင်းထောင်းထသွားလေသည်။
"သေပြီ အဲ့ကောင် သေပြီ"
"ဒါနဲ့ပဲ တန်တယ်၊ ဒါ သူ့အစွမ်းနဲ့ သူတော်စင်သခင်အဆင့်ကို ရန်စလို ဖြစ်တဲ့ အဆုံးသတ် မဟုတ်လား၊ သူ အခု ငရဲမှာ နောင်တ ရနေလောက်ပြီ ထင်တယ်"
"စိတ်မကောင်းစရာပဲ နောက်ဆုံးတော့ သေရပြီပေါ့"
လူတစ်စုက အလွန် အထင်အမြင် သေးသော မျက်နှာထားနှင့် ရယ်မောနေကြသည်။ ရှင်းကျီကလည်း မျက်နှာပျက်ဟန်မျိုး ပြနေသည်။ ယဲ့ဖန်က ဆန်းကြယ်မှုတစ်ခုကို ဖန်တီးနိုင်မည်ဟု သူမ ထင်ထားခဲ့သော်လည်း သူမပဲ အတွေးလွန်နေခဲ့လေသလော။
"ကဲ အချိန်ဖြုန်းမနေနဲ့ နောက်တစ်ယောက် တက်လာခဲ့"
ခါဇန် ယဲ့ဖန်ကို သတ်ပြီးနောက် အပျော်လွန်နေသော အပြုံးက ဖုံးဖိမရချေ။ သူ ရုတ်တရက် စိတ်အေးသွားသလို ခံစားလိုက်ရသည်။
သို့သော် ထိုအခိုက်၌ ခြေသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလာသည်။ လူတိုင်း မယုံနိုင် ဖြစ်သွားကြပြီး ပြိုင်ကွင်းထဲသို့ လှမ်းကြည့်လိုက်ကြသောအခါ ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို တွေ့လိုက်ရသည်။
ယဲ့ဖန်က ဖုန်တောထဲမှ ဖြည်းဖြည်းချင်း ထွက်လာပြီး နှာခေါင်းနှင့် ပါးစပ်ကို လက်တစ်ဖက်ဖြင့် အုပ်ကာ နောက်တစ်ဖက်ဖြင့် ဖုန်များကို စိတ်မရှည်စွာ ခါယမ်းထုတ်နေ၏။
"မင်းလိုလူမျိုးကို ကြီးမြတ်တဲ့လူလို့ ခေါ်ကြတာလား"
ကြောက်စရာကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် လူတိုင်း မျက်လုံးပြူးသွားပြီး မယုံနိုင် ဖြစ်သွားကြသည်။
*ငါတို့ ဘာမြင်လိုက်ရတာလဲ*
*ဒီဈာန်ဝင်စားခြင်းအဆင့်လေးက ဓားချက်ကို တကယ် တားလိုက်နိုင်တာလား*
ချက်ချင်းဆိုသလိုပင် ပွဲကြည့်ပရိသတ်များအားလုံး ငြိမ်ကျသွားသည်။ သူတော်စင်သခင်အဆင့်များတောင်မှ ထိတ်လန့်သွားပြီး သူတို့ မျက်လုံးမှ မယုံနိုင်ဟန်များက အထင်းသားပင်။
*ဒီပုရွက်ဆိတ်လိုလူက တကယ်ကြီး လုပ်နိုင်တာလား*
ကျီးကန်း တာအိုသခင် မယုံနိုင် ဖြစ်သွားပြီး ယဲ့ဖန်အား တအံ့တဩ ကြည့်နေမိသည်။ သူ ရင်တုန်လာသည်။
"တား ... တားလိုက်တယ်ဟ"
ထို့နောက်တွင်မူ ပွဲကြည့်ပရိသတ်များက မယုံနိုင်ဟန်ဖြင့် အော်ဟစ်လာကြသည်။
"ဒါ ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ခါဇန်၏ အမူအရာက မည်းမှောင်သွားပြီး ယဲ့ဖန်အား တအံ့တဩ ကြည့်ကာ မျက်လုံး ပြူးနေ၏။ ထို့နောက် သူ တစ်ခုခုကို သတိထားမိသွားပြီး မျက်နှာ မည်းမှောင်သွားသည်။
"မင်းက ဈာန်ဝင်စားခြင်းအဆင့် မဟုတ်ဘူးပဲ"
"ကျုပ်က ဈာန်ဝင်စားခြင်းအဆင့်ပါလို့ ပြောမိလို့လား"
ယဲ့ဖန် အထင်သေးစွာ ပြုံးလိုက်သည်။
*ဈာန်ဝင်စားခြင်းအဆင့် မဟုတ်ဘူးလား*
*ဒီကောင်ကလည်း သူတော်စင်သခင်အဆင့်ပဲလား*
ချက်ချင်းဆိုသလိုပင် လူတိုင်းက ယဲ့ဖန်ကို တအံ့တဩ ကြည့်လာကြသည်။ သူတို့၏ ထိတ်လန့်နေသော စိတ်က အချိန်အတော်ကြာသည်အထိ မတည်ငြိမ်သွားသေးပေ။
*ဒီကောင်ကလည်း သူတော်စင်သခင်အဆင့်ပဲဆိုတော့ ဒါ ညီတူညီမျှ ဖြစ်တဲ့ တိုက်ပွဲပဲ*
ခနဲ့သော အသံများ တိခနဲ ရပ်တန့်သွားသည်။
"မင်း ဒီနေ့ ဒီမှာ သေရမယ်လို့ ငါ ပြောခဲ့သားပဲ"
ယဲ့ဖန်က ခါဇန်ထံသို့ တစ်လှမ်းချင်း လှမ်းလာပြီးနောက် တဖြည်းဖြည်း မြန်ဆန်လာကာ လှစ်ခနဲ ပြေးဝင် လာသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးများက အေးစက်နေ၏။
"ငါ စိတ်မကောင်းပင်မယ့် ပြောရဦးမယ်၊ အဲ့စကားက ငါ နောက်နေတာ မဟုတ်ဘူး"

ငရဲမှလာသောသူ (Chapter 1201-1400)Where stories live. Discover now