အခန်း (၁၅၈)
ဆေးရုံသို့ အသွားအပြန်ခရီးသည် ၃ နာရီခန့် ကြာမြင့်ပေသည်။ ဟိုတယ်သို့ပြန်ရောက်သောအခါ ၁၀ နာရီကျော်နေပြီ ဖြစ်လေသည်။ လုလီရှင်းသည် ကျီချင်းချင်းအား အခန်းတွင်းသို့ ပွေ့သွားလျက် ကျန်နှစ်ယောက်အား ပြန်နားကြရန် ပြောလိုက်သည်။
လမ်းကြမ်းသော အပြန်ခရီးတွင်မူ ကျီချင်းချင်းသည် ထပ်နိုးမလာချေ။ သူမအား အိပ်ရာပေါ်ချလိုက်ချိန်အထိပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်လေသည်။ သူမ၏မျက်နှာသည်လည်း စောစောကလောက် ရဲမနေတော့ချေ။
ကိုယ်လက်သန့်စင်ပြီးသောအခါ လုလီရှင်းသည် အိပ်ရာဝင်လေသည်။ ကျီချင်းချင်းလည်း ထုံးစံအတိုင်း သူ့နားကပ်လာကာ ခါးကိုလာဖက်လေသည်။ သူတို့နှစ်ယောက်ကြား အကွာအဝေးသည် အလွန်နီးကပ်နေပေသည်။
ယနေ့တွင်မူ ယခင်နေ့များနှင့်မတူသည်က သူမကိုယ်အပူချိန်သည် အနည်းငယ်မြင့်တက်နေဆဲဖြစ်လေသည်။ အေးစက်နေသော လုလီရှင်း၏ ကိုယ်ကိုထိမိသောအခါ သူ့ရင်ခွင်ဆီသို့ တိုးမိသွားလေသည်။
လုလီရှင်းမှာလည်း လိင်စိတ်ရှိသော သာမန်ခင်ပွန်းတစ်ယောက် ဖြစ်လေသည်။ ကျီချင်းချင်း၏ ပူနွေးသောအသက်ရှူထုတ်မှုများသည် သူ့အောက်မေးရိုးဆီရောက်ရှိလျက်ရှိကာ အဖျားကြောင့် နီနေသောမျက်နှာသည်လည်း သူ့ထံမှ လက်မအနည်းငယ်သာ ကွာဝေးလေသည်။ သူ့လည်ချောင်းသည် ပြင်းထန်စွာလှုပ်သွားလျက် သူမ၏လက်များကို လက်တစ်ချောင်းတည်းဖြင့်ကိုင်လျက် အသံဩဩဖြင့် ပြောလိုက်သည်။ "ကျီချင်းချင်း"
ကျီချင်းချင်းသည် ပြန်ဖြေခြင်း မရှိချေ။
-- "နေ့စဉ်တာဝန် ပြီးမြောက်မှု မရှိသေး၊ ၅ မိနစ်အတွင်း ကျန်းမာရေးအမှတ်များ သတ်မှတ်ပေးမည်"
"ကျီချင်းချင်း"
ကျီချင်းချင်း၏ မျက်မှောင်ကြုံ့သွားသည်။ အသံကြောင့် အနှောင့်အယှက်ဖြစ်နေပုံရလေသည်။
"ထပါဦး"
ကျီချင်းချင်းသည် မျက်လုံးတစ်ဝက်ပွင့်လာလျက် လုလီရှင်းကို ကြည့်လိုက်သည်။