(UNICODE)
ကျွန်မတို့ မနက် ၇ နာရီခွဲတွင် အိမ်မှထွက်ကာ စူဠာမုနိဘုရားသို့သွားခဲ့ကြသည်။ ထို့နောက် မနက်စာကို အရှေ့မြို့ပတ်လမ်းတွင်ရှိသည့် ဆိုင်၌ စားကြသည်။
"မင်း တောင်ကြီးမှာ ရှိနေဦးမယ်မလားဟင်"
"ဟုတ် ဒေါက်တာ"
"ဖြစ်နိုင်ရင်လေ မင်းကို တို့ အနားမှာခေါ်ထားလိုက်ချင်တာ သိလား၊ မင်း မပြန်ခင်အထိ တို့ အိမ်မှာ လိုက်နေပါလားဟင်"
"ဒေါက်တာ့စကားကို လေပြေ ငြင်းဖူးတာရှိလို့လား"
"ဟွန့် ... သိပ်ပိုတာပဲ၊ ကဲ ဒါဖြင့် ဟိုတယ်မှာရှိတဲ့ ပစ္စည်းတွေ သိမ်းထားလိုက်တော့၊ ညနေ ဆေးရုံကပြန်ရင် တို့ မင်းကို လာခေါ်မယ် ဟုတ်ပြီလား"
ဒေါက်တာ ဘာပြောပြော ခေါင်းညိမ့်ကာ "ဟုတ်ကဲ့ ဒေါက်တာ" ဟုပြန်ပြောသည်က ကျွန်မရဲ့ အကျင့်တစ်ခုလိုဖြစ်လာသည်။
"ဒါဖြင့် ညနေကျရင် တွေ့ကြမယ်၊ See You"
ဒေါက်တာက ကျွန်မတည်းသည့် ဟိုတယ်သို့ လိုက်ပို့ပေးပြီးနောက် ဆေးရုံသို့သွားသည်။
ဟိုတယ်ရှိ ကျွန်မ၏ ပစ္စည်းများကို သေချာစွာ ထုပ်ပိုးကာ ဒေါက်တာလာခေါ်မည်ကို တစ်နေ့ကုန် အဆင်သင့် စောင့်နေသည်။
ညနေ ၅ နာရီတွင် ဒေါက်တာရောက်လာခဲ့သည်။
"အို့ ... မင်းက ဂစ်တာလည်း တီးတတ်သလား"
ဒေါက်တာက ကျွန်မလွယ်ထားသည့် ဂစ်တာအိတ်ကို မြင်မြင်ချင်းမေးတော့သည်။
"နည်းနည်းပါးပါးလောက်ပဲ တီးတတ်တာပါ"
"ဒီညတော့ မင်း တို့ကို သီချင်းဆိုပြရတော့မှာပဲ"
"ဆိုပြမှာပေါ့ ဒေါက်တာရဲ့၊ ဒါပေမယ့် လေပြေ့အသံကို ဒေါက်တာ နားထောင်နိုင်ပါ့မလား"
"ဆင်ခြေတွေမရဘူးနော် ကလေးမ၊ ဘယ်လိုပဲဖြစ်ဖြစ် တို့ကို ဂစ်တာတော့ တီးပြရမယ်"
"ဟုတ်ကဲ့ပါရှင့်၊ ဒေါက်တာ အမိန့်တော်မြတ်အတိုင်းပါ"
ဒေါက်တာက ကျေနပ်သည့်အပြုံးလေး ပြုံးလိုက်သည်။