အပိုင်း-၃၀ (Unicode)

3.8K 265 2
                                    

နှစ်တစ်နှစ်၏ကုန်ဆုံးခါနီး ဒီဇင်ဘာလသို့ ရောက်လာသောအခါ အအေးဓာတ်တို့က အများအပြားဝင်ရောက်လာရင်း ဆောင်းရာသီ၏အငွေ့အသက်ကို ပေးစွမ်းနေလေသည်။ ဒုတိယအသုတ်အဖြစ် ရောက်ရှိလာသော လင်းရောင်တို့သည်လဲ သင်တန်းဆင်းမည့် အချိန်ကာလသို့ မကြာမီရောက်ရှိလာတော့မည် ဖြစ်သည်။ အချိန်ကာလ အနည်းငယ်ကြာသောအခါ တိုက်ပွဲအခြေအနေတို့ကလဲ အနည်းငယ်ပြောင်းလဲခဲ့လေသည်။

PDFတပ်သားများ များပြားလာကာ စစ်တပ်ကို နည်းမျိုးစုံဖြင့် ဘက်ပေါင်းစုံက တိုက်ခိုက်မှုကြောင့် ဒီဘက်နယ်မြေတစ်ကြောတွင် စစ်တပ်မှ အထိနာလျှက်ရှိသည်။ နဂိုတပ်စွဲထားရာ တပ်စခန်းငယ်များကို လက်လွှတ်ပေးလိုက်ရပြီး တဖြည်းဖြည်း ဆုတ်ခွာသွားကြလေသည်။ KNLAရဲ့ ဦးဆောင်မှုအောက်မှ PDF တပ်သားများ၏ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် အောင်ပွဲများ ဆက်တိုက်ရရှိခဲ့သည်။ အစက ထောက်ပို့တပ်နားလောက်ကသာ အပိုင်နယ်မြေဖြစ်ခဲ့သော်လည်း ယခုတွင်မူ အပိုင်နယ်မြေများ ပိုမိုများပြားလာခဲ့သည်။ ရွာငယ်များကနေစ၍ ရွာကြီးများအထိ တဖြည်းဖြည်း သိမ်းပိုက်ကာ စစ်တပ်မှ လာမတိုက်ခိုက်နိုင်အောင် စောင့်ရှောက်ပေးခဲ့လေသည်။ မြို့ကြီးများအထိ မသိမ်းပိုက်နိုင်သေးသော်လည်း တချို့မြို့ငယ်များကိုပါ သိမ်းပိုက်နိုင်တဲ့အထိ အောင်ပွဲတွေ ဆက်လာခဲ့ကြသည်။

တစ်ခါတစ်ရံ စစ်တပ်ဘက်မှ အင်အားများလျှင် နာမည်ကြီးလှသော KNLA တပ်မဟာ(၆) ကော့ကရိတ်ခရိုင်နယ်မြေ၏ ကော်ဘရာ (Cobra)စစ်ကြောင်းနှင့် သွားရောက်ပူးပေါင်းကာ တိုက်ခိုက်ရလေသည်။ စစ်စခန်းမတူ၊ စစ်ကြောင်းများမတူကြသော်လည်း စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းတော်လှန်တိုက်ခိုက်မည့် စိတ်ဓာတ်ကတော့ တူညီကြသော PDF တပ်သားများ ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ကာ တိုက်ခိုက်သည့်အခါတွင်လည်း ပြသနာမရှိဘဲ သွေးသားရင်းချာများပမာ ရင်းနှီးချစ်ကြည်စွာပူးပေါင်း၍ တိုက်ခိုက်ကြသည်။

နယ်မြေတော်တော်များများကို သိမ်းပိုက်ထားပြီးဖြစ်ရာ နွေဦးသာတို့မှာ ရောက်စကလိုမျိုး စစ်တပ်ကို သတိထားနေစရာမလိုတော့။ အပိုင်နယ်မြေများ၊ အနီးအနားရွာများ၊ မြို့ငယ်များဆီသို့ပင် ရဲရဲဝင့်ဝင့် သွားလာ လှုပ်ရှားနိုင်ပြီဖြစ်သည်။ ရွာသားများကလဲ မိမိတို့ကို မြင်လျှင် ဖက်လဲတကင်း ဝမ်းသာအားရစွာ ကျေးဇူးတင် ကြိုဆိုနှုတ်ဆက်ကြလေသည်။ ဒါဟာလဲ ပြည်သူများအတွက် တိုက်ခိုက်ပေးရခြင်းကြောင့် ရရှိသော ပီတီပင် ဖြစ်လေသည်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now