မေ့မြောနေသည့် နေးနေးကို ဘုန်းခန့်ပိုင် ငေးကြည့်နေမိသည်။ ခဏကြာတော့ မေ့မြောနေရာကနေ အနည်းငယ်လူးလွန့်လာတဲ့ နေးနေးကြောင့် ဘုန်းခန့်ပိုင် ထိုင်နေရာကနေ မတ်ခနဲဖြစ်သွားသည်။
ဆေးအရှိန်ကြောင့် ခေါင်းကိုက်နေပုံရတဲ့ နေးနေးက မျက်လုံးတွေကိုဖိမှိတ်ကာ မျက်မှောင်ကြုတ်ထားသည်။ လက်ချောင်းလေးတွေနဲ့ နားထင်ကို ဖိနှိပ်နေတာကြောင့် ဘုန်းခန့်ပိုင် စိတ်ပူသွားရသည်။
" နေး . နေးနေး... အဆင်ပြေရဲ့လား... ခေါင်းအရမ်းကိုက်နေလို့လား "
သူ့ပယောဂမကင်းတာကြောင့် မသက်မသာဖြစ်နေပုံရတဲ့နေးနေးကိုကြည့်ရင်း ဘုန်းခန့်ပိုင် စိတ်ပူလာရသည်။ ပခုံးလေးကို အသာအယာ ဆုပ်ကိုင်ယမ်းခါရင်းမေးတော့ အခုမှ သေသေချာချာ သတိဝင်လာပုံရတဲ့ နေးနေးက ဆတ်ခနဲ ထထိုင်သည်။
" ကို . ကိုခန့် ... "
" အင်း နေးနေး... ကိုခန့်လေ "
" ကျွန်တော်ဘယ်ရောက်နေတာလဲ ကိုခန့် ... အခု ဘယ်ရောက်နေတာလဲ "
အခြေအနေကို အနည်းငယ် ရိပ်မိသွားပုံရတဲ့ နေးနေးက ဖင်ထိုင်လျက်သားလေး ကုတင်ခေါင်းရင်းဆီ တိုးကပ်သွားသည်။ ဘုန်းခန့်ပိုင်က ကုတင်နားကို တိုးကပ်သွားလေလေ နေနေးက ကုတင်ခေါင်းရင်းကို ရွှေ့သွားလေဖြစ်သည်။
" ဒါ ကိုခန့်ရဲ့အပန်းဖြေအိမ်ပဲ... ကိုခန့်တို့ သေချာစကားပြောဖို့လိုတယ် နေးနေး "
ထွက်ပြေးဖို့အရိပ်အခြေကြည့်နေတဲ့ နေးနေးကြောင့် ဘုန်းခန့်ပိုင်လည်း ကုတင်တစ်ဖက်ကိုသွားရင်း တံခါးဝကိုကျောပေးကာ နေးနေးရှေ့ကနေ ပိတ်ထားလိုက်သည်။
" ကျွန်တော့်ကို ဒီလိုမလုပ်ပါနဲ့ ကိုခန့် ... ကျွန်တော်မကြိုက်ဘူး "
" ကိုယ့်ကို စိတ်ဆိုးမပြေသေးဘူးလား နေးနေး "
" ကိုခန့်ကို ကျွန်တော်စိတ်ဆိုးနေတာ မဟုတ်ဘူး "
နေးစကားအဆုံး သက်ပြင်းချကာ ကုတင်အဖျားကို ဝင်ထိုင်လိုက်တဲ့ ကိုခန့်က နေးရဲ့ လက်ဖျားတွေကို အုပ်ကိုင်လာသည်။ ဆတ်ခနဲရုန်းလိုက်တာကြောင့် ကိုခန့် မျက်နှာပျက်သွားတာ မြင်လိုက်ပေမယ့် နေးမျက်နှာလွှဲလိုက်သည်။
" ကိုယ့်ကို မျက်နှာမလွှဲနဲ့ နေးနေး... ကိုယ်ပြောတာ နားထောင် "
အကြည့်လွှဲထားဆဲဖြစ်တဲ့ နေးနေးက ဘုန်းခန့်ပိုင် ပြောသမျှကို အရေးမစိုက်ပဲ တုံဏှိဘာဝေ။
" ကိုခန့်တို့ အခုလိုမျိုး ကတောက်ကဆတွေဖြစ်နေတာ ဟိုကောင် ဆက္ကဘုံလျှန်.. မင်းရဲ့ ဒုဥက္ကဌဆိုတဲ့ကောင်ကြောင့်ပဲ နေးနေး "
" မဆိုင်တဲ့လူကို ဆွဲမထည့်နဲ့... ကိုခန့် "
ဆတ်ခနဲ လှည့်ကြည့်လာတဲ့ မျက်လုံးတောက်တောက်လေးတွေက စူးရဲနေသည်။ ဒေါသထွက်နေတဲ့ ကြောင်ရိုင်းလေးတွေလိုမျိုး။ ဘုန်းခန့်ပိုင် စိတ်ထဲကနေ ဟားတိုက်ရယ်လိုက်မိသည်။ သူ့ကိုမမြင်ချင်လို့ မျက်နှာလွှဲထားတဲ့သူက ဟိုကောင့်နာမည်ကြားရုံနဲ့ သူ့ကိုခပ်စိမ်းစိမ်းလာသည်။ အထိမခံနိုင် ဖြစ်နေတယ်ပေါ့လေ။
" မယုံဘူးမလား နေးနေး... ကိုခန့်ပြောနေတာတွေက အကုန်အမှန်ပဲ "
" အဓိပ္ပာယ်မရှိတာတွေ ပြောမနေပါနဲ့ ကိုခန့် ... ကျွန်တော်တို့ကိစ္စမှာ မဆိုင်တဲ့လူကို ဆွဲထည့်ဖို့မလိုဘူးလို့ ခုနကလည်း ပြောပြီးသားလေ "
" အဟက် . မဆိုင်ဘူးတဲ့လား ... ကုမ္ပဏီပရောဂျက်တွေ ကိုယ်တို့နဲ့တွဲလုပ်ဖြစ်တာတွေက တိုက်ဆိုင်မှုလို့ ထင်နေတာလား နေးနေး "
ဘုန်းခန့်ပိုင်အမေးကို နေးနေးက ဘာမှပြန်မဖြေပဲ စိုက်ကြည့်နေသည်။
" ကိုခန့်နဲ့ နေးနေးနဲ့က ချစ်သူတွေဆိုတာ သူသိနေတယ် နေးနေး... မင်းကို လိုချင်တပ်မက်လွန်းလို့ အဲ့ကောင်က ကိုယ်တို့ပြဿနာဖြစ်အောင် ဖန်တီးနေတာ... တမင်သက်သက် စောက်ကျင့်ယုတ်နေတာ "
" ဘာဆိုင်လို့လဲ ကိုခန့် "
နေးစကားကို မထင်မှတ်ထားပုံရတဲ့ ကိုခန့်က ပြန်မဖြေနိုင်ပဲ မျက်လုံးတွေက တောင်ပြေးမြောက်ပြေး ဖြစ်ကုန်သည်။
" သူက ကျွန်တော်နဲ့ ကိုခန့်နဲ့က ချစ်သူဖြစ်နေလို့ တမင်လုပ်တယ်ဆိုရင်တောင် သူ့ကို ကျွန်တော့်ဘက်က လက်ခံမှဖြစ်တာ ကိုခန့် "
" နေးနေး... မဟုတ် "
" ကျွန်တော်ပြောမယ် ကိုခန့်... ကျွန်တော်နဲ့ကိုခန့်ရဲ့ဆက်ဆံရေးက အစောကြီးကတည်းက ပြစ်ချက်တွေချည်းပဲ... ကျွန်တော်က ချစ်တဲ့စိတ်တစ်ခုတည်းက ကိုခန့်ကို ဖာထေးပြီး တွေးပေးနေလို့သာ ဒီလိုအခြေအနေထိ ရောက်လာတာ "