အခန်း ၂၄

1.4K 61 8
                                    

[Unicode]
"အစ်မ စိမ်းလဲ့ကလေ တော်တော်လေးကိုမှစိတ်ထားနူးညံ့တဲ့ အစ်မပါ အန်တီတို့တော့လေ အိမ်နီးချင်းဖြစ်ခဲ့တဲ့သူတွေထဲ အစ်မစိမ်းလဲ့ကို အလေးစားဆုံးနဲ့ အခင်ဆုံးပဲ၊ အစ်မ ဆရာမလေးကို မွေးတော့၊ အန်တီက လရောင်လေးကိုတောင် ကိုယ်ဝန်မရှိသေးဘူး၊ အစ်မနဲ့ ခမည်းခမက်တော်ချင်လွန်းလို့၊ အန်တီ ကိုယ်ဝန်ရှိတော့ ယောကျာ်းလေးမွေးပါစေလို့ဆုတောင်းနေတာ၊ မိန်းကလေးဖြစ်သွားတဲ့ အပြင် အစ်မကလည်း အိမ်ပြောင်းသွားတယ်လေ၊ အဲ့ထဲက အဆက်အသွယ်ပြတ်သွားလိုက်တာ အခုမှပဲ..."

စကားဆုံးတော့ သက်ပြင်းရှည်တစ်ချက်ချလိုက်သည့် ဒေါ်ကလျာကို စန္ဒကူးငေးကြည့်နေမိသည်။
စန္ဒကူးရဲ့ မာမီအကြောင်းကို ပိုပြီးသိလာသလိုခံစားရ၍လည်း စိတ်ထဲပီတိဖြစ်မိသည်။ ကျန်နေသေးသည့် ကိစ္စတစ်ခုက လလေးကိစ္စ၊ မိန်းကလေးမွေးလို့ ခမည်းခမက်မတော်လိုက်ရဘူးဆိုသည် ဘယ်လိုအဓိပ္ပါယ်နည်း။ စန္ဒကူးနဲ့လရောင်ကိစ္စကို ဒေါ်ကလျာသိသွားလျှင်ရော...အတွေးပေါင်းမြောက်မြားစွာက စန္ဒကူး၏ခေါင်းထဲတွင်ဖြတ်ပြေးနေသည်။စန္ဒကူးစိတ်ဆင်းရဲရမှာထက် လရောင်နွေးဆိုတဲ့ ကလေးမစိတ်ဆင်းရဲမှာပိုကြောက်မိသည်။ဘာမှအပြစ်မရှိတဲ့ကလေးမကို တော်တော်လေး စိတ်ဒဏ်ရာတွေပေးခဲ့ပြီးပြီမလား။
"အန်တီ"
သူမစကားကိုဖြတ်ပြောလိုက်မိသည်လားမသိ ဒေါ်ကလျာ၏ တရစပ်ပြောဆိုနေသောစကားသံကတိတ်ဆိတ်သွားသည်။ သူမတို့ကြားမှာရှိနေတာ တိတ်ဆိတ်မှုတစ်ခုသာ။ စန္ဒကူးသည် သူမရဲ့နှလုံးခုန်သံကိုပါပြန်ကြားနေရသည်ဟု ထင်မှတ်မိသည်။ အခုလို အချိန်မှာ ဒီစကားပြောလိုက်ရင် ဆိုသောအတွေးကြောင့် သူမ၏မူလပြောမယ့်စကားကို စန္ဒကူး လမ်းကြောင်းပြန်လွှဲလိုက်သည်။
"မာမီ့အကြောင်းတွေ အများကြီးပြောပြပေးလို့ကျေးဇူးပါ အန်တီ"
ထိုအခါမှ ဒေါ်ကလျာလည်းပြုံးကာ စန္ဒကူး၏လက်ကို အသာအယာဖျစ်ညှစ်လိုက်သည်။
"ဘာမှ စိတ်မပူနဲ့နော် ဆရာမလေး၊ အန်တီတို့က အမြဲဆရာမလေးဘက်ကရှိနေပေးမှာ"

စန္ဒကူးရင်ထဲ ဝန်ထုပ်ဝန်ပိုး- ကြောက်လန့်မှု၊ ထိတ်လန့်မှု၊ ဘယ်လိုခံစားချက်ဆိုတာကို မည်မည်ရရမရှိသော ခံစားချက်ကိုခံစားနေသည်။
လရောင်နွေးနဲ့ စန္ဒကူးအကြောင်းကို သိသွားလျှင်ရော...၊ ဒေါ်ကလျာက စန္ဒကူးဘက်မှာရှိနေနိုင်ပါဦးမလား..မရှိနေနိုင်ဘူးဆိုရင်တောင်စန္ဒကူးနားလည်ပါသည်။ ဆရာနဲ့ တပည့်၊ အသက်အရွယ်အပိုင်းအခြား၊ အစစအရာရာက သူမတို့ကိုစည်းခြားထားသလိုပင်၊ ဒီလိုသာဆို လရောင်နွေးကို စန္ဒကူးလက်လွှတ်လိုက်ရတော့မှာလား၊ မဖြစ်နိုင်ပါ၊ ထိုအတွေးနဲ့တင် စန္ဒကူး၏ရင်ထဲ လှိုင်းများလှုပ်ခတ်သွားသလိုပင်...။
"မာမီ...သမီးဘယ်လိုလုပ်ရတော့မလဲ"
စန္ဒကူးစိတ်ထဲကပြောလိုက်မိသည့်စကားကိုသူမ၏အမေဒေါ်စိမ်းလဲ့ ကြားနိုင်ပါမည်လား..
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်တီ၊ စကားနဲ့တင် ကူး အားရှိသွားပါပြီ"
စန္ဒကူးပြုံးပြီး ပြောလိုက်သော်လည်း ရင်ထဲပူလောင်နေသော အဖြစ်များကိုတော့ ဘယ်သူမှမြင်နိုင်လိမ့်မည်မဟုတ်ပါ။ အချိန်အတော်အတန်ကြာအောင် စကားပြောပြီးသောအခါ ဒေါ်ကလျာလည်း အိမ်ပြန်ဖို့ပြင်လေတော့သည်။ စန္ဒကူးအမေ၏ စျာပနအတွက် စိတ်ပူစရာမလိုကြောင်း၊ သူမတို့ဝိုင်းဝန်းကူညီပေးမည်ဖြစ်ကြောင်း၊ အားပေးစကားများပြောပြီး ပြန်သွားတော့သည်။
ဒေါ်ကလျာအား အိမ်​ရှေ့အထိလိုက်ပို့ပေးပြီး စန္ဒကူးတစ်ယောက် ဧည့်ခန်းထဲတွင် ထိုင်ကာ သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ ထို့နောက် သူမအမေ၏ ဓာတ်ပုံကိုကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။
"ဒီသမီးမိုက်ကို ကြည့်ပါဦးမာမီ...မာမီတစ်ယောက်လုံးမရှိတော့တာတောင်...သမီးမှာ မာမီ မဟုတ်တဲ့အပူတွေနဲ့ ပူလောင်နေတာ."
ထို့နောက် မနက်စာမစားရသေးခင်ဘဲ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် စန္ဒကူးအိပ်ပျော်သွားတော့သည်။
ဘယ်အချိန်ထိအိပ်ပျော်သွားတယ်မသိ၊ အိမ်ထဲမဝင်ခင်ကတည်းက ကြားလိုက်ရသော လရောင်နွေး၏ အသံကြောင့် စန္ဒကူး လန့်နိုးလာသည်။
လရောင် အိမ်ထဲဝင်လာသည်နှင့် စန္ဒကူးစိတ်ထဲတစ်မျိုးဖြစ်သွားသည်။ အမေဖြစ်သူဆုံးသွားတာတောင် လရောင်ကို စိတ်ပူနေမိသော ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်၊ လရောင်ကိုလက်လွှတ်ရမှာကြောက်သည့်စိတ်၊ အမျိုးမျိုးအဖုံဖုံသော စိတ်တို့က စန္ဒကူးရင်ထဲဝင်ရောက်မွှေနှောက်နေသည်။ စန္ဒကူးဘေးသို့ လရောင် ရောက်လာသည့်တိုင်အောင် သူမ လရောင်ကို ပြုံးမပြမိ၊ စိတ်နဲ့လူနဲ့မကပ်သည့်အတိုင်း ခပ်တွေတွေသာငေးနေမိသည်။ လရောင်က စန္ဒကူး၏ နဖူးကို လက်ဖြင့်လာစမ်းကြည့်တော့မှ အသိစိတ်ဝင်လာကာ လရောင်၏လက်ကို ဖြတ်ကနဲဆိုရုံမျှရိုက်ကာခါထုတ်လိုက်မိသည်။
ထိုအချိန်တွင် လရောင်၏မျက်လုံးထဲတွင်ဖြတ်ပြေးသွားသော အရိပ်မှန်သမျှကို စန္ဒကူးနားလည်လိုက်သည်။ စိုးရိမ်စိတ်၊ ဝမ်းနည်းစိတ်နဲ့ နာကျင်မှု အရိပ်အယောင်...။
စန္ဒကူးမှားသွားပြန်လေပြီ၊ စန္ဒကူး ဒီကလေးမကိုပဲ နောက်တစ်ကြိမ်ထပ်ပြီး နာကျင်စေမိပြန်ပြီ။

You'll also like

          

"လလေး-"
စန္ဒကူး၏စကားမဆုံးခင်မှာပဲ လရောင်ကစကားစလာသည်။
"လရောင်ရှိနေတာ တီချယ့်အတွက် အဲ့လောင်တောင် အနှောင့်အယှက်ဖြစ်နေလားဟင်"
သည်စကား၊ စန္ဒကူးမကြားချင်ဆုံးစကား၊ အထူးသဖြင့် လရောင်ဆီက...
လရောင်၏လက်ကိုလှမ်းပြီးဖမ်းဆုပ်ရန်ပြင်သော်လည်း သူမလက်ထဲကနေချော်ထွက်သွားကာ အနောက်ကိုဆုတ်သွားသောကလေးမ၊ စန္ဒကူး၏ မျက်လုံးတွင် မျက်ရည်စတို့တွဲခိုလာကြသည်။ မျက်ရည်ကျမလာအောင် နှုတ်ခမ်းကိုဖိကပ်ကိုက်ထားမိတော့ စိုးရမ်တကြီးနဲ့ကြည့်လာတဲ့ လရောင်၏ မျက်ဝန်းတွေ..။
"မဟုတ်-အဲ့လိုမဟုတ်ပါဘူး လလေးရယ်၊ တို့လေ- တို့.."
မငိုမိအောင်ထိန်းထားသော်လည်း စန္ဒကူး၏အသံတို့က တုန်ယင်လာလေသည်။ ဤအရာကို မြင်သွားသော လရောင်က စိုးရိမ်တကြီးနဲ့ သူမလက်ကိုအပြေးလာဆုပ်ကိုင်သည်။
-လရောင်က စန္ဒကူးရဲ့ အလင်းရောင်ပါ၊ စန္ဒကူးရဲ့ အမှောင်ဆုံးနေ့တွေမှာ အလင်းဖြာပေးမယ့် လရောင်လေး...-
မျက်ရည်စတွေကြောင့် အမြင်တွေဝေဝါးနေရင်းနဲ့ပဲ လရောင်၏ ပါးနှစ်ဖက်ကိုအုပ်မိုးကာစန္ဒကူး၏ နှုတ်ခမ်းအစုံတို့ကိုလရောင်၏နှုတ်ခမ်းတို့ဖြင့် ထိကပ်ထားလိုက်သည်။ အချိန်တွေကိုသာရပ်လို့ရခဲ့မယ်ဆိုရင် စန္ဒကူးဟာ ဒီအချိန်မှာသာရပ်နေလိုက်ချင်သည်။ ရုတ်တရက်ဖြစ်သော လှုပ်ရှားမှုတို့ကြောင့် လရောင်၏မျက်လုံးတို့ဟာ အဝိုင်းသား...မကြာခင်မှာပဲ လရောင်ဟာလည်း သူမ၏မျက်လုံးတို့ကိုမှိတ်ချလိုက်တော့သည်။ သည်အချိန်တွင် စိုးရိမ်မှု၊ ကြောက်ရွံ့မှုအလုံးစုံဟာ ပျောက်ကွယ်ကုန်ကြသည်။ ကျန်နေခဲ့သည်က သူမတို့နှစ်ယောက်သာ... ရင်ထဲမှာခံစားချက်ကိုယ်စီဖြင့်...။

အချိန်အတော်တန်ကြာ အသက်ရှူရန်လေလိုလာတော့မှ လရောင်ဆီကခွါလိုက်သည်။
"အခုကစပြီး တို့ပြောမယ့်စကားတွေကို သေချာနားထောင်နော် လလေး"
စန္ဒကူး၏ ဆုံးဖြတ်ချက်မှန်သည်၊ မှားသည် သူမမသိပါ၊ သို့သော် သည်ဆုံးဖြတ်ချက်ကို စန္ဒကူးမုန်းသည်၊ မိမိကိုယ်ကိုလည်း စန္ဒကူးမုန်းမိသည်၊ လရောင်ကို နာကျင်စေမှာကြောက်သည့်တိုင် စန္ဒကူး၏ လုပ်ရပ်တိုင်းက လရောင်ကိုနာကျင်စေတာချည်း...တချို့လူတွေက ဘယ်လောက်ချစ်ချစ်ပေါင်းရဖို့ကံမပါဘူးတဲ့.. သည်စကားကိုတောင် စန္ဒကူးလက်ခံချင်လာသယောင်ထင်မိသည်။
မျက်တောင်မခတ်ဘဲ သူမကိုမျက်လုံးအဝိုင်းသားဖြင့်ကြည့်နေသော မျက်စိရှေ့က ကလေးမကိုဘယ်လိုလုပ်ရမည်နည်း။ တောင်းပန်စကားတို့ကို ရင်ထဲကပြောနေမိသော်လည်း မျက်စိရှေ့က ကလေးမ ကြားနိုင်ပါ့မလား...

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Where stories live. Discover now