Unicode
လရောင်ဟာ ထိန်ထိန်လင်းလို့ လမင်း၏တည်နေရာသည်လည်း ကောင်းကင်၏အထိဋ်အထိပ်သို့ ရောက်ရှိနေလေပြီ။ တစ်ချက်တစ်ချက်ဝေ့ဝဲတိုက်ခတ်သည့် လေညှင်းတွေရယ် ပုစဉ်းရင်ကွဲတွေရဲ့အော်သံတွေရယ်ကလွဲလို့ အခြားဘာသံမှမကြားရပါဘဲ တိတ်ဆိတ်နေသည်ဟူ၍ပင် ပြောလို့ရနိုင်၏။ ညဉ့်နက်လို့ သန်းခေါင်တောင်ကျော်လာပေမဲ့ ထိုသူမျှော်လင့်နေသူကား အခုအချိန်အထိရောက်လာခြင်းမရှိ။ အာခေါင်ခြောက်လာတာနဲ့ ဘူးသီးခြောက်ထဲမှရေကို ထိုသူကတစ်ငုံသောက်လိုက်တယ်။ အမတ်မင်းရှောင်းက အိမ်ပြန်နောက်ကျတတ်မှန်းသူသိလို့ အရင်နေ့ညတုန်းက စောစောအိပ်ရာဝင်လာခဲ့တာ အတော်မှန်သွားလေပြီ။ သို့သော်လည်းပဲ အိပ်ချင်စိတ်မပေါ်ဘူးပြောရင်တော့ မုသားဆိုရာကျမှာပေါ့။ ဒီလောက်ညဉ့်နက်နေမှတော့ ဘယ်သူကမအိပ်ချင်ဘဲနေမလဲ။ ပျော်စရာလည်းမရှိ လုပ်စရာလည်းမရှိ ဒီတိုင်းကြီးစောင့်နေရတာ ပျင်းစရာကကောင်းတော့ ထိုသူမှာ ပိုလို့တောင်အိပ်ချင်စိတ်ပေါက်နေသည်။
ခပ်လေးလေးခြေသံတစ်စုံဟာ လမ်းထဲချိုးဝင်လာသည့်အသံကိုကြားတာကြောင့် ခြံစည်းရိုးကိုကျောမှီ၍ ငပျင်းပုံစံဖမ်းနေသည့် ထိုသူရဲ့ကျောကုန်းက တမဟုတ်ချင်းတန်းမတ်သွားသည်။ ထိုသူဟာ ထိုင်နေရာမှထကာ ခါးနောက်ထိုးထည့်ထားသည့် ဓားမြှောင်ကိုလည်း လှမ်းဆုပ်ကိုင်ထားပြီး အချိန်မရွေးဆွဲထုတ်လိုက်ဖို့ အသင့်အနေအထားပင်။ မှောင်မှောင်ညရဲ့ တစ်ခုတည်းသောအလင်းရောင်ဟာ လရောင်သာရှိပြီး အခြားသောအလင်းရောင်ဆိုသည်မှာနတ္ထိ။ မျက်စိကောင်းလွန်းသည့် ထိုသူကတော့ အမှောင်ထဲမှာ လမ်းလျှောက်လာနေသူကို တော်တော်လေးသဲသဲကွဲကွဲ မြင်နေရသည်။ ရုံးတော်ကအမတ်မင်းတွေဝတ်တဲ့ ဝတ်ရုံနီနီကိုတွေ့ခါမှ သူစောင့်နေသူများလားလို့ ထိုသူကအတွေးဝင်မိသော်ငြား သတိနဲ့တော့နေဆဲပင်။ ထိုသူဟာ မြေပြင်ပေါ်ကခြေနှစ်ဖက်ကို အတန်အသင့်ကားထားပြီး ဓားမြှောင်ကိုလည်း ဆွဲထုတ်ဖို့တပြင်ပြင်နဲ့လုပ်နေသည်။
ဖြောင့်မတ်သော်ငြား ပင်ပန်းနေသူလိုလေးလံတဲ့ ခြေလှမ်းတွေက ထိုသူ့အနားကိုတဖြည်းဖြည်းနဲ့ချဉ်းကပ်လာတော့ လရောင်ဝင်းဝင်းအောက်မှာ အမတ်မင်းဝတ်စုံနဲ့တစ်ဖက်လူရဲ့မျက်နှာကို ထိုသူကထင်ထင်ရှားရှားမြင်လိုက်ရသည်။ ကြည်လင်သောမျက်ဝန်းတစ်စုံက မှေးစင်းနေပြီး မျက်ကွင်းတွေကအနည်းညိုနေသည်။ မျက်တွင်းတွေကလည်း အပေါ်တည့်တည့်မှတောက်ပနေသော လ၏အလင်းကြောင့် ချိုင့်ဝင်နေသယောင်။ တောင်တန်းတွေသဖွယ် မြင့်မားပြီး သွယ်ဆင်းနေတဲ့နှာတံရယ် မထူမပါးနှုတ်ခမ်းတစ်စုံရဲ့အောက်မှာလည်း မှဲ့နက်လေးတစ်ခုဟာနေရာယူထားလေရဲ့။ ထိုသူ့အထင်မမှားလျှင် သူ့ရှေ့ကလူကား အမတ်မင်းရှောင်းပင်ဖြစ်ရမည်။ မိန်းမပျိုလေးများပြောကြသော အကြည်ဓာတ်ခံလေးနဲ့မျက်နှာဆိုသည်မှာ သူ့ရှေ့ကလူနဲ့ကိုက်ညီနေ၏။
"ဒီက ဘယ်သူများလဲ ခင်ဗျ ကျွန်တော့်အိမ်ရှေ့မှာရောက်နေတာ ဘာကိစ္စများရှိလို့ပါလဲ"
အမတ်မင်းရှောင်းရဲ့အသံဟာ စိမ့်စမ်းရေအလားကြည်လင်ပြီး ဓားသွားတို့လိုပြတ်သားသော်ငြား ပင်ပန်းနွမ်းနယ်မှုတွေကြောင့်ထင် အနည်းငယ်လျော့တိလျော့ရဲနိုင်ပြီး အိပ်ချင်မူးတူးအသံနဲ့ခပ်ဆင်ဆင်ဖြစ်နေ၏။ ထိုသူက အမတ်မင်းရှောင်းအား စကားကိုဆင်ဝေ့ရန်ရှောင် ကွေ့ပတ်ပြောမနေတော့ဘဲ လိုရင်းတိုရှင်းနဲ့ပဲပြောလိုက်ပါတယ်။
"အမတ်မင်းရှောင်းနဲ့ ကျွန်တော်က လက်ရည်ပြိုင်ချင်လို့ပါ မနက်ဖြန်ကျရင် ကျွန်တော့်နဲ့လက်ရည်ချင်းယှဉ်ပေးနိုင်မလားလို့ လာရောက်မေးမြန်းတာပါ"
"ရပါတယ် ညနေနေဝင်ချိန်ကျရင် လာခဲ့ပါ အမည်က ဘယ်လိုခေါ်ပါသလဲ"
"ကျွန်တော့်နာမည်က ဝမ်ရိပေါ် ပါ"
အမတ်မင်းရှောင်းက အိပ်ချင်နေတာကြောင့် စကားကိုရှည်ရှည်ဝေးဝေးမပြောချင်တော့တာနဲ့ပဲ သူ့ကိုမောင်းထုတ်ဖို့ရာအတွက် ပြိုင်ဆိုင်ဖို့ကိစ္စကို သဘောတူလိုက်တာလားတော့မသိ။ အမတ်မင်းရှောင်းဟာ ပြောပြီးသားစကားကိုတည်တတ်သူလို့ ကျော်ကြားတာကြောင့် သူ့ကိုမလှိမ့်တပတ်လုပ်သွားမယ်လို့လည်း ထိုသူကမထင်ချေ။ ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန်ညနေနေဝင်ချိန်မှာတော့ သူတို့လက်ရည်ချင်းယှဉ်ရဦးတော့မယ်လို့သာ ထိုသူကစွဲစွဲမြဲမြဲမှတ်သားထားလိုက်တော့သည်။ အမတ်မင်းရှောင်းနဲ့ လက်ရည်ချင်းယှဉ်ရတော့မည်ဆိုတော့ ထိုသူရဲ့ရင်ထဲမှာပျော်ရွှင်မှုလှိုင်းလေးတစ်ခု ဖြတ်သွားသည်။ နာမည်ကြီးသော အမတ်မင်းရှောင်းနဲ့တိုက်ခိုက်ရမယ်ဆိုတော့ မပျော်တာကမှထူးဆန်းနေပါဦးမယ်။
"အမတ်မင်းရှောင်း ကောင်းသောညလေးဖြစ်ပါစေ ကျွန်တော်ပြန်လိုက်ပါဦးမယ်"
"ကောင်းပါပြီ"
ထိုသူက လက်နှစ်ဖက်ကိုယှက်လို့ အရိုအသေပြုတော့ အမတ်မင်းရှောင်းကလည်း ထိုသူနဲ့နည်းတူစွာအရိုအသေပြန်ပေးလျက် စကားဆိုလာပါ၏။ အမတ်မင်းရှောင်းရဲ့ယဉ်ကျေးပုံတွေက လော့ယန်မြို့မှာ ဟိုးလေးတကျော်ကျော်ဖြစ်တာလည်း မထူးဆန်းတော့ပါဘူးလို့ ထိုသူကတွေးလိုက်မိပါ၏။ အခုမှတွေ့ဖူးသည့် နောက်ကြောင်းရာဇဝင်မထင်ရှားသူတစ်ဦးကိုပင် ရိုရိုသေသေနဲ့ဆက်ဆံလာပုံဟာ အမတ်မင်းရှောင်းသည် ဘယ်လောက်မျှ အဆင့်အတန်းရှိပြီး ယောက်ျားပီသကာ ယဉ်ကျေးသိမ်မွေ့သည်ကို ဖော်ပြနေလေ၏။