TYCDTN
Chapter 52
လင်ရှီက အစက ပြုံးရယ်ကာ သမီးဖြစ်သူရဲ့ဆံပင်ကို ပုလဲဆံထိုး ထည့်ပေးနေခဲ့သည်။ ၁၅မိနစ်လောက် ကြာပြီးနောက် အပြင်ကို မကြာခဏ ကြည့်နေပြီး နာရီဝက်လောက်ကြာတော့ လင်ရှီရဲ့မျက်နှာက ပျက်ယွင်းလာကာ အစေခံလေး တစ်ယောက်ကို လွှတ်ပြီး သွားကြည့်ခိုင်းခဲ့သည်။
ကသိကအောက် လေထုကြီး လျော့ကျစေဖို့အတွက် ဆိုင်ရှင်ချန်က ကျန်ရှိနေသည့် သေတ္တာအနီတွေကို ဖွင့်ပြနေကာ သူ(မ)ရဲ့ လက်ဝတ်ရတနာတွေကို အမွှန်းတင်နေသည်။
ခဏလောက်ကြာပြီးနောက် ကျင်းမောမောက အိတ်ငယ်လေးတစ်လုံးကိုင်ကာ ဝင်လာခဲ့သည်။
"ဘာလို့ အဲလောက်ကြာနေတာလဲ"
လင်ရှီက လေသံမာမာဖြင့် မေးလိုက်တုန်း ယွီမောက်ချီကတော့ ဘာမှမကြားသလို ရွှေဆံထိုးကို ယူကာ မှန်ကြည့်ပြီး ထိုးကြည့်နေသည်။
"တတိယသခင်မလေးက ဒုတိယသခင်မလေးကို လက်ဆောင်ပေးဖို့ ပစ္စည်းရှာတာ ကြာနေလို့ အချိန်နောက်ကျသွားတာပါ"
ကျင်းမောမောက ယွီရှန်း စွန့်ပစ်ထားပုံရသည့် ဖုန်တက်နေသည့် သေတ္တာကို ကမ်းပေးလိုက်သည်။ စိတ်ကသိကအောက် ခံစားနေရတာကြောင့် သေတ္တာက ဖုန်တွေကို သူ(မ)က အင်္ကျီလက်ဖြင့် သုတ်ပေးလိုက်သေးသည်။
လင်ရှီရဲ့ မျက်နှာက မည်းမှောင်နေသည်။ သူ(မ)က အပြင်းအထန် အပြစ်တင်တော့မည့်အချိန်မှာ ဆိုင်ရှင်က ဖြတ်ပြောလေသည်။
"အိုက်ယား ဒါကျွန်မတို့ ကျင်းချုံအိမ်တော်က တစ်ခုတည်းသော ရွှေဖီးနစ် ပုလဲတောင်ပံ ခေါင်းအဆင်တန်ဆာမလား၊ ခေါင်းအဆင်တန်ဆာက ပုလဲတွေက နဂါးမျက်လုံး အရွယ်အစားရှိရုံမကဘဲ ရှားပါးပုလဲပဲ၊ ဒီသေတ္တာကလည်း အလွန်စျေးမြောက်တယ်၊ သေတ္တာအဖုံးကို ရှားပါးသစ်သားနဲ့ လုပ်ထားပြီး အပေါ်က ပွင့်ချပ်တွေကိုလည်း ထိပ်တန်းကျောက်စိမ်း အနီတွေနဲ့ လုပ်ထားတာတော့ အရောင်ကလည်း တောက်ပြောင်နေကောပဲ၊ နေရောင်အောက်မှာဆိုရင် ပန်းနီနီလေးကို လူတိုင်း ထိတွေ့ချင်နေမှာ"
သူ(မ)က စကားပြောပြီး သေတ္တာကိုယူကာ နေရောင်အောက်မှာ လှည့်လည်လိုက်သည်။ သူ(မ)က လျှာခတ်ကာ အားကျစွာ ပြောလေသည်။
"သခင်မလေးရှန်းအာက တကယ် သဘောထားကြီးတာပဲ၊ ကျွန်မတို့ဆိုင်မှာ ဒီသေတ္တာက အဖိုးအတန်ဆုံး ဖြစ်ပြီး ခေါင်းအဆင်တန်ဆာဆို ပြောမနေပါနဲ့တော့၊ ဒီပုလဲတစ်လုံးချင်းဆီကိုတောင် စျေးကြီးကြီးနဲ့ ရောင်းလို့ရတယ်"
သူ(မ)က လက်တစ်ဖက်ဖြင့် ကိုင်ကာ ခါယမ်းလိုက်သည်။
ဒုတိယ သခင်မလေးက မှူးမတ်စံအိမ်တော်မှာ ပေါ်လာပြီး သခင်မလေးရှန်းအာရဲ့ အမြွှာလို့ ပြောတာ ထူးဆန်းတယ်။ ရုပ်ကလည်းမတူဘဲ စိတ်ထားကလည်း တော်တော်ကွာလို့ ဘယ်မိသားစုကလည်း ဆိုတာ မသိပေ။
သူ(မ)သာ အကျိုးအမြတ်ရနေသ၍ ဒီကိစ္စက အရေးမကြီးပေ။
ဆိုင်ရှင်က စိတ်ထဲကသာ တွေးတောနေပြီး အပြင်မှာတော့ ယွီရှန်းပေးလိုက်သည့် ပစ္စည်းကို ချီးကျူးနေတော့ လင်ရှီရဲ့ မည်းမှောင်နေသည့် မျက်နှာထား အနည်းငယ် ပြေလျော့သွားကာ သူ(မ)ကို ငွေထုတ်ကတ်ပြား ကမ်းပေးကာ
"ကတ်ပြားယူပြီး ငွေသွားထုတ်တော့"
"ဝယ်ယူအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မကြီး၊ နောက်လိုတာရှိရင်လည်း အခေါ်လွှတ်လိုက်ပါ၊ ကျွန်မတို့ဆိုင်က ပစ္စည်းတွေက မြို့တော်မှာ အကောင်းဆုံးတွေမလို့ သခင်မကြီး မျက်နှာ မငယ်စေရပါဘူး"
ဆိုင်ရှင်က နူးညံ့စွာပြုံးလျက် ငွေထုတ်ကတ်ပြားယူကာ စိတ်အေးသွားဟန်ဖြင့် ထွက်သွားခဲ့သည်။
လင်ရှီက ကျင်းမောမောကို စားပွဲပေါ်က ပြန့်ကျဲနေသည့် ပစ္စည်းတွေ သိမ်းခိုင်းလိုက်ပြီး ပြန်လှည့်လာတော့ သမီးဖြစ်သူက သေတ္တာဖွင့်ရင်း ငိုနေတာကို တွေ့လိုက်လေသည်။
"ဘာဖြစ်တာလဲ သမီးကို ဘယ်သူစိတ်ဆိုးအောင် လုပ်တာလဲ"
သူ(မ)က အမြန်လေးလာပြီး သမီးဖြစ်သူကို ပွေ့ဖက်ကာ ကျောကိုပုတ်ပေးခဲ့သည်။
"အမေ ဒီသေတ္တာ တစ်ခုတည်းတောင် တော်တော်တန်ဖိုးကြီးလို့ အထဲက ခေါင်းအဆင်တန်ဆာဆိုရင် ပြောမနေပါနဲ့တော့"
သူ(မ)က သေတ္တာပိတ်ပြီး အဝေးကိုပို့ပစ်ကာ ငိုလေသည်။
"ရှန်မိသားစုမှာနေတုန်းက ဒီလို တန်ဖိုးကြီးပုလဲမျိုး တစ်ခါမှ မတွေ့ဖူးဘူး၊ ဒါတွေက သမီး မရနိုင်တဲ့အရာတွေ အိပ်မက်တောင် မမက်ရဲတဲ့ဘဝပါ၊ တကယ်တော့ ဒါတွေက သမီးအပိုင် ဖြစ်သင့်တာတွေပါ သူက ခိုးယူသွားခဲ့တာ၊ ရတနာတချို့နဲ့ အဝတ်အစားတချို့လေး လိုချင်တာတောင် သူ့ဆီကို တင်ပြနေရသေးတယ် သမီးက တရားဝင်သမီးမှ ဟုတ်ရဲ့လား၊ သမီးတစ်ဘဝလုံး သူ့မျက်နှာကို ကြည့်ပြီးပဲ နေထိုင်ရမယ်ဆိုရင် ဘာလို့ ပြန်လာရမှာလဲ၊ သမီးကိုဘာလို့ပြန်မပို့ပစ်တာလဲ"