73

782 54 0
                                    

အခန်း၇၃။ အလှပဂေးလေး

“ အရှင့်သား၊ ရှောင်ရီ နောက်တစ်ခွက် ထပ်ထည့်ပေးပါမယ် ”

လောရှောင်ရီသည် လီယင်နှင့် မျက်နှာချင်းဆိုင်မိလုနီးပါးအထိ နီးကပ်လျက်ရှိရာ သူမ၏ ခန္ဓာကိုယ်မှ မွှေးရနံ့သည် လီယင့်မျက်နှာတစ်ဝိုက် ပျံ့ဝဲလျက်ရှိနေ၏။ လှေပေါ်တွင် ပြင်ဆင်ထားသည့် ဝိုင်မှာလည်း လီယင်ထုတ်လုပ်ထားသော အရည်အသွေးမြင့် ဝိုင်အပြင်းစားဖြစ်ရာ သောက်လေ သောက်လေ ရီဝေဝေနှင့် တရိပ်ရိပ်မူး‌လာလေ ဖြစ်နေတော့သည်။

“ အရှင့်သား၊ အရှင့်သားသာ မကယ်ခဲ့ရင် အဲ့နေ့တုန်းကတည်း ရှောင်ရီရဲ့ ဘဝဟာ မင်းသားတော် ငါး ရဲ့လက်ထဲမှာ အပြစ်မဲ့စွာနဲ့ ဖျက်ဆီးခံရတော့မှာပါ။ ဒါကြောင့် အရှင့်သားကို ကျေးဇူးတင်လွန်းလို့ ရှောင်ရီ‌ နောက်တစ်ခွက် ထပ်ထည့်ပေးပါရစေ ” ဟု လောရှောင်ရီက ပြောရင်း တစ်ခွက် ထပ်ထည့်ပေးမည် ပြု၏။

လီယင်က ခေါင်းကို လေးတွဲစွာ ယမ်းကာ ဗလုံး‌ဗထွေးဖြင့် -

“ အဲ့ဒီ့နေ့က အစ်ကိုတော် လုပ်လိုက်တဲ့ အမှားကြောင့် ကိုယ်တော် အလွန်ဒေါသထွက်သွားပြီး လုပ်လိုက်မိတာပါ။ အရမ်းစိတ်ထဲမထားပါနဲ့ ” ဟု ပြန်ပြောလိုက်သည်။

“ အဲ့လိုဆိုရင်တောင်မှ အဲ့နေ့က အရှင့်သားသာ မရှိခဲ့ရင် မင်းသားတော် ငါး ကို ဘယ်သူမှ တားနိုင်မှာမဟုတ်ဘူးလေ ” ဟု လောရှောင်ရီက ဆက်ငြင်းရင်း ဝိုင်ခွက်အား လီယင့်ပါးစပ်နား တေ့ပေးကာ လီယင်၏ ကိုယ်ပေါ်သို့ မှီချလိုက်တော့သည်။ သူမ၏ ထွက်သက်များသည် လီယင်၏ ရင်သို့ ခပ်ဖြည်းဖြည်း ရိုက်ခတ်နေ၏။

လီယင်လည်း အလှပဂေးလေး၏ တောင်းဆိုမှုကို မငြင်းဆန်နိုင်တော့ပဲ -

“ ကောင်းပြီလေ။ ဒါ နောက်ဆုံးတစ်ခွက်နော် ” ဟု ဆိုကာ သောက်လိုက်ရလေတော့သည်။

လီယင်တောင် ဤကဲ့သို့ ဖြစ်နေလေရာ ကျန်သူများမှာတော့ အခြေအနေပိုဆိုးလျက်ရှိသည်။ လီယင် နောက်တစ်ခွက်သောက်လိုက်သည်နှင့် လောရှောင်ရီသည် အခြားအပျော်မယ်လေးများကို မျက်စပစ်ပြလိုက်သည်။ ထိုအခါ အဆိုပါ မိန်းမငယ်လေးများသည် ခေါင်းညိတ်ပြကာ လုပါးယန်နှင့် အခြားသူများကိုတွဲကာ လှေပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းသွားကြလေ၏။

You'll also like

          

“ လော မိန်းကလေး၊ ဒါက ဘာလုပ်တာလဲ ”

အရက်မူးနေသောကြောင့် လီယင်၏ မျက်လုံးများက ရီဝေဝေသာ မြင်ရသည်။ စကားပြောဖို့လည်း အားမရှိတော့။ ခန္ဓာကိုယ်မှာလည်း တစတစ ပူလာသည်။ စိတ်လှုံ့ဆော်မှုတစ်ခုကလည်း ပြင်းပြသထက် ပြင်းပြလာတော့သည်။

ထိုအချိန်တွင် လောရှောင်ရီသည် ထရပ်လိုက်သည်။ သူမ၏ မျက်နှာထက်က အပြုံးမှာလည်း တဖြည်းဖြည်းပို၍ နှစ်လိုဖွယ်ကောင်းလာသည်။ အံ့ဩနေသော လီယင်အား စိတ်သက်သာရာရစေရန် -

“ အရှင့်သားရဲ့ ကြင်နာသနားမှုကို ရှောင်ရီ တခြားဘယ်နည်းနဲ့မှ ပြန်ကျေးဇူးဆပ်လို့ မရဘူးဆိုတာ သိပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးမရဲ့ ခန္ဓာနဲ့ပဲ ကျေးဇူးဆပ်ပါ့မယ်။ အခုလို နိမ့်ကျလှတဲ့ ကျွန်တော်မျိုးမရဲ့ ခန္ဓာကိုယ်ကို သနားသောအားဖြင့် လက်ခံပေးတော်မူပါ ” ဟု အသနားခံလိုက်သည်။ ထိုကဲ့သို့ ပြောပြီးပြီးချင်းတွင် လီယင့်မျက်စိရှေ့၌ နှင်းကဲ့သို့ ဖြူဖွေးဝင်းမွတ်လှသော ခန္ဓာကိုယ်တစ်ခု ပေါ်လာလေတော့သည်။

နေဝင်ဆည်းဆာအရောင်ကြောင့် ချွီကျန်းကန်မျက်နှာပြင်သည် သွေးရောင်လွှမ်းလျက်ရှိသည်။ ကန်ထဲမှ ကြာပန်းတို့သည်လည်း နေပူဆာလှုံနေကြ၏။ နေဝင်ချိန်ရှုခင်းမှာ တစတစ ပိုပို၍ လှပလျက်ရှိသည်။ နွေဦးလေ၏ ကျီစယ်ခြင်းကို ခံလိုက်ရသော ပုစဉ်းငယ်တစ်ကောင်သည်လည်း ကြာပန်းပေါ်တွင် နားနေရင်းနဲ့မှ လွင့်သွားပြီး လှေဦးပေါ်သို့ ‌လာနားလေသည်။

“ အား ... ”

နာနာကျင်ကျင်အော်လိုက်သော အသံကြောင့် ခုနက လာနားနေသော ပုစဉ်းငယ်လေးသည် ပျံထွက်သွားကာ မြင်ကွင်းမှ ပျောက်သွားတော့၏။
ထိုအသံကား လီယင်၏ အသံပင်တည်း။ အရက်ဒဏ်‌ကြောင့် ခေါင်းကိုက်နေသော လီယင်ကို ပို၍ ခေါင်းကိုက်စေသည်က သူ့ဘေးတွင် အဝတ်ဗလာဖြင့် လဲလျောင်းနေသော လောရှောင်ရီပင် ဖြစ်သည်။

သူ့ဘက်က အရင် လောရှောင်ရီကို သိမ်းပိုက်မိတာလား၊ လောရှောင်ရီ ကိုယ်တိုင်က သူ့ထံ ဇွတ်အတင်း တိုးဝင်ခဲ့တာလား ဆိုသည်ကို သူမမှတ်မိတော့။ လောရှောင်ရီ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်၊ တချက်တချက် မျက်မှောင်ကြုတ်သွားဟန်တို့ကြောင့် ပထမတစ်ခုက ပိုဖြစ်နိုင်သည်ဟု လီယင်တွေးမိသည်။

လီယင်၏ အပြုအမူတို့ကြောင့် လောရှောင်ရီလည်း နိုးလာသည်။ ထိုအခါ လောရှောင်ရီသည် လီယင့်ဘက်သို့ တိုးကပ်လိုက်ရင်း -

“ ကျွန်တော်မျိုးမလို ညစ်နွမ်းတဲ့မိန်းကလေးတစ်ယောက်အတွက်တော့ အရှင့်သားဆီက အခုလို အလေးပေးခံရတာဟာ  ဆွေမျိုးသုံးဆက်စာလောက် ကောင်းချီးအပေးခံလိုက်ရသလိုပါပဲ ” ဟု ပြောလာ၏။

“ ဘုရား .. ဘုရား .. ”

လီယင် ဘာဆက်ပြောရမည်မှန်း မသိတော့။ ဘာဆက်လုပ်ရတော့မည်နည်း။ အိပ်ပြီးပြီဆိုတော့ ထွက်သွားရရင် ကောင်းမလား။ ဤခေတ်သည် ၂၁ ရာစုခေတ် မဟုတ်သော‌ကြောင့် အခုလို အပျော်မယ်နှင့် အိပ်သည်က မထူးဆန်းပေ။ ထို့အပြင် လောရှောင်ရီဘက်မှ အရင်စတင်ဆွဲဆောင်ခဲ့သည် မဟုတ်လား။ အိမ်တစ်ဆောင် မီးတပြောင်ပေးကာ ကြင်‌ယာတော်အဖြစ် တော်ကောက်ရမလား။ အရှင်မင်းကြီး လီရှစ်မင်သာ သိလျှင် ရင်ကျိုးပေလိမ့်မည်။ ဒါဆိုရင် မသိအောင် လျှို့ဝှက်ထားရင်ရော။ ဤအကြံ မဆိုးလှ။

“ ကဲ ... ဒီလိုတွေ ဖြစ်ပြီးမှတော့ ပြန်သွားမနေပါနဲ့တော့။ ကိုယ်တော် မင်းအတွက် အိမ်တစ်ဆောင်ဝယ်ပေးပါ့မယ်။ အနာဂတ်ကာလမှာ မင်းဟာ အမျိုးကောင်းသမီး ဖြစ်လာစေရမယ် ”

ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက်တော့ ဤ ‌လော မိန်းကလေးသည် သူ့ဘဝ၏ ပထမဆုံးမိန်းကလေးပင် မဟုတ်လား။ အိပ်ရာပေါ်မှ အစက်အပြောက်များကို ကြည့်ကာ လီယင်တွေးလိုက်သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now