"တရားဝင် အုပ်ထိန်းစောင့်ရှောက်မှု တစ်ဝက်ကို မင်း လိုချင်တယ်ဆိုတာ ငါ နားလည်ပါတယ်။ ငါ ဂျီမင်နဲ့လည်း စကားပြောပြီးသွားပြီ။ သူကိုယ်တိုင်ကလည်း မင်းနဲ့အတူတူ အုပ်ထိန်းစောင့်ရှောက်မှု တစ်ယောက်တစ်ဝက်စီ ယူဖို့ ကိစ္စကို လက်ခံတယ်။ ဒါပေမယ့် ငါတို့ရဲ့ ခွင့်ပြုချက် မပါဘဲ ဂျီမင်ဆီကိုရော၊ ငါတို့ရဲ့အိမ်ဆီကိုရော မင်း လာလို့မရဘူး။ ငါရဲ့ ရှေ့နေတွေက မင်းရဲ့ ရှေ့နေတွေဆီကို ဆက်သွယ်လာလိမ့်မယ်။ ဂျီမင်ကို ပြောချင်တဲ့ ဘာကိစ္စမဆို သူတို့ကနေတဆင့်ပဲ မင်း ပြောလို့ရမယ်။ အခုကိစ္စတွေကို ဟိုဆော့ပဲဖြစ်ဖြစ်၊ မင်းပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်က public ထိ ပေါက်ကြားသွားအောင် လုပ်ရင် ဒါမှမဟုတ် ဂျီမင်ကို တစ်ခုခု ထိခိုက်နာကျင်ရအောင် လုပ်ရဲရင် လုပ်ကြည့်လိုက်လေ။ ငါ မင်းတို့လုပ်ငန်းရဲ့ ရှယ်ယာတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံးကို ပြန်ထွက်သွားအောင် လုပ်ပစ်နိုင်တယ်ဆိုတာ မင်း သိတယ်မလား? အခု ငါတို့ပြောတဲ့ စကားတွေကို မင်း သေချာ သဘောပေါက် နားလည်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်..."ထိုအခါ တစ်ဖက်လိုင်းမှ အတန်ကြာ တိတ်ဆိတ်သွားသည်မို့ ထယ်ယောင်း ဖုန်းကို ပြန်ကြည့်လိုက်သည်။ တစ်ဖက်မှ ယွန်းဂီက ဖုန်းချသွားသည်ဟု ထယ်ယောင်း ထင်မိလိုက်သော်လည်း ထိုသူက ဖုန်းမချသွားပါ။ ကြည့်ရတာ အခု သူ ပြောသော စကားများအပေါ် ဝေခွဲရခက်နေပုံပင်။
ပြောရလျှင် အခုချိန်တွင် ယွန်းဂီနှင့် ထိုကဲ့သို့သော စကားမျိုးတွေ ထယ်ယောင်း မပြောချင်။ ယခုလက်ရှိတွင် သူတို့အတွက် အရာအားလုံး အဆင်ပြေပြေ ရှိနေလေပြီ။ သူရဲ့ ကိုယ်ပိုင်မိသားစုလေးနှင့်အတူ ပျော်ပျော်ရွှင်ရွှင် ကောင်းကောင်းမွန်မွန် နေထိုင်နေပြီ။ အားလုံး အဆင်ပြေနေကြပြီမို့ ယခုအခြေအနေလေးအတိုင်းသာ ထယ်ယောင်း ဆက်ထိန်းထားချင်မိသည်။ ဒါကလည်း သူ ဆိုးလ်ကနေ ပြောင်းရွေ့ခဲ့သည့် အဓိက အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။
တအောင့်ကြာမှ တစ်ဖက်လိုင်းကနေ ခပ်သဲ့သဲ့ဖြင့် မထေ့တထေ့ ရယ်လာသော ယွန်းဂီရဲ့ အသံကြောင့် ထယ်ယောင်းလည်း အတွေးတို့ကို ရပ်တန့်လိုက်ပြီး အသိပြန်ကပ်လိုက်သည်။