2.2K 148 6
                                    

Unicode

နာမည်ဆိုတာ တောင်းဆုတစ်ခု‌တဲ့။
လှပတဲ့ နာမည်တွေ၊ နေ့နံနဲ့ ကိုက်ညီတဲ့ နာမည်တွေ
နက္ခတ်တာရာကြည့်ပြီး ကံကောင်းစေတဲ့ နာမည်တွေကို ကလေးငယ်တွေကို ပေးကြတယ်။
အမေကတော့ ကျွန်တော့်ကို ချစ်သောလို့ဘဲ
အမြဲခေါ်တယ်။
ကျွန်တော်ဟာ အမေ့ရဲ့ ချစ်သော...။
-မှူးသက်ဦးညံ

အပိုင်း-၂

မြညိုမိခင်ဆုံးသွားသည်ကို မသိစေဖို့အရေး
မမိစံတစ်ယောက် လိမ်ရတော့သည်။
ရွာထဲက လူတွေကို အကူအညီလိုက်တောင်းပြီး
မြညိုကို မပြောဖို့ နှုတ်ပိတ်ရသည်။

ရုပ်အလောင်းကိုတော့ မမိစံက သူ့အိမ်မှာ
ထားထားလိုက်သည်။ မြညိုကိုတော့ အချိန်တစ်ခုထိ
လျှို့ဝှက်ထားဖို့ ဆုံးဖြတ်ထားသည့်အတွက် 'ကလေးက အခုမှ မွေးကင်းစလေးဆို‌တော့ စိတ်မနှံ့တဲ့ နင့်အမေက တစ်ခုခုလုပ်မိမှာ စိုးလို့ ငါ့အိမ်မှာ နေခိုင်းထားတယ်' ဆိုပြီး ပြောထားရသည်။

" အမေက သူ့မြေးလေးကို အဲ့လိုတော့ မလုပ်ပါဘူး မမိစံရယ်၊ အမေက ရူးနေပေမယ့် ကြင်နာတတ်ပါတယ်
ဘယ်သူက ဘယ်ဝါဆိုတာလည်း သူသိတယ်
ညီမကိုတောင် သူ့သမီးလေးမှန်း သိတယ်လေ "

" အေးပါဟယ် ခုလည်း ခဏပို့ထားတာပါ
ကလေးတစ်လပြည့်မှ ပြန်ခေါ်လိုက် ဟုတ်ပြီလား
ကြိုတင် ကာကွယ်ထားတာ ကောင်းပါတယ် "

သို့ပေမယ့် မြညိုခမျာ မြေးဖြစ်သူကို သူ့အဘွားနဲ့ ပေးတွေ့ချင်လွန်းလို့ ရက်လည်မတိုင်ခင်တစ်ရက်မှာ ကလေးကို ချီပြီး မမိစံအိမ်သို့ ရောက်သွားလေသည်။ မိခင်အဖြစ်ကို သိသွားတဲ့ သူမဟာ ဝမ်းနည်းလွန်း၍ မေ့လဲရုံသာ လဲသွားခဲ့ပြီး ကံကောင်းထောက်မစွာ သွေးလန့်ပြီး သူ့အမေလို မရူးသွားခဲ့ဘူး။

ကလေးကြောင့် ထင်ပါရဲ့။
မြညိုဟာ သွေးနုသားနုနဲ့တောင် သူ့ကလေးမှာ
သူဘဲရှိတယ်ဆိုတဲ့ အသိနဲ့ သိပ်ကို သန်မာနေလေရဲ့။

၁၄နှစ်ကြာပြီးနောက်။

" ကဲ ချစ်သော ဒါဘယ်သွားဦးမှာလဲ "

အတတ်နိုင်ဆုံး ခြေဖွလျှောက်တာတောင်
ကြီးကြီးက သတိထားမိသွားပြီး
ထမင်းအိုးမွှေနေရင်းတန်းလန်း ယောက်မမှာ ထမင်းရည်စက်လက်နဲ့ ထွက်လာလေသည်။

You'll also like

          

" ဟဲဟဲ သရက်သီးလေး သွားခူး "

" တယ်... ငါယောက်မနဲ့ ကောက်ပေါက်လိုက်ရ
ဘယ်မှ မသွားရဘူး၊ လာ ငါးပိရည်လာကျို
ငါအကြွေးသွားတောင်းမလို့ "

" ရတယ် သား ဒီနေ့ ငါးပိရည်မစားဘူး
မတည်တော့ဘူး "

" ဟဲ့ ချစ်သော နင်မစားလည်း ငါစားမှာပေါ့ဟဲ့
ပြောထားမယ်နော် လစ်ထွက်ရဲ ထွက်ကြည့်
ငါပြန်လာလို့ မရှိရင် ပျဉ်ပြားစာမိမယ် "

ယောက်မကို ကျစ်ကျစ်ဆုပ်ကာ အံကြိတ် ကြိမ်းမောင်းနေလေသည်။

" အဲ့တာဆို ကျိုပြီးရင် သွားမယ်
နွေရာသီ ကျောင်းပိတ်တုန်းလေး ဆော့ပါရစေ ကြီးကြီးရဲ့ "

" အဲ့စကား နင့်အမေကိုပြော၊ ဒီမယ် ချစ်သော
နင်နောက်နှစ် ဆယ်တန်းနော် စာလေးဘာ‌လေး ကြိုလုပ်စမ်း "

" ကြီးကြီးရာ အေးဆေးပါ ကျောင်းဖွင့်ရင် လုပ်မှာပေါ့ "

" ချစ်သော နင်နော် ဆယ်တန်းကို ပေါ့ပျက်ပျက်မလုပ်နဲ့၊ ဒီစကားကို ပြောရတာလည်း ဖန်တရာထပ်နေပါပြီဟယ်၊ နင်စာကြိုးစားပြီး ပညာတတ်ကြီးဖြစ်လာမှ...."

" နင်စာကြိုးစားပြီး ပညာတတ်ကြီးဖြစ်လာမှ
အမေ့ကို တင့်တောင့်တင့်တယ်ထားနိုင်မှာ
အဝေးကြီးမှာ အလုပ်သွားလုပ်နေရတဲ့ အမေ့ကို မသနားဘူးလား၊ ကဲ ဒါပဲပြောမှာ မဟုတ်လား ကြီး ကြီး မိ စံ..."

ကြီးကြီးနှင့်အတူ သံပြိုင်လိုက်ပြောလိုက်တော့
မျက်လုံးကြီး ပြူးလာပြီး ထဘီစတစ်ဖက်ကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

" ချစ်သော!!"

ထုံးစံအတိုင်း ဒီနေ့လည်း ကြီးကြီး သူ့ကို စိတ်တိုသွားပြန်ပါပြီ။

ချစ်သော ငါးပိအိုး မွှေနေရင်း တွေးတောမိပြန်သည်။
လွန်ခဲ့တဲ့ သုံးနှစ် နွေရာသီတုန်းက အမေက ရှေ့ရေးအတွက်ဆိုပြီး သူ့ကို ကြီးကြီးမိစံဆီမှာ အပ်ပြီး ထွက်သွားခဲ့တာ။ သုံးလတစ်ခါ စုပြီးတော့ ကြီးကြီးဆီ ပိုက်ဆံလှမ်းအပ်တတ်တယ်။ ဗိုင်ဘာကနေလည်း အမေ့စက်ရုံမှာ အလုပ်လုပ်နေတဲ့ ပုံတွေ နေ့တိုင်းပို့ပေးသေးတယ်။ ရွာမှာက အိမ်ပေါက်စေ့ ဖုန်းကိုင်နိုင်ပေမယ့် လိုင်းကတော့ ရွာဘုန်းကြီးကျောင်းနောက်က
တောင်ကုန်းပေါ်မှာဘဲ ရတော့ အမေ့ပုံကို ကြီးကြီးနဲ့ တောင်ကုန်းပေါ် သွားကြည့်ရတာအမော။ ပြဿနာက တောင်ကုန်းပေါ်မှာ လိုင်းလာသုံးတဲ့လူ အပြည့်ဖြစ်နေတာပဲ။ အရင်နှစ်တွေကဆို လိမ့်ကျတဲ့သူတောင်ရှိသေး။ ဒါကြောင့်မို့ ဘုန်းဘုန်းက ဘယ်နေ့တွေမှာ ဘယ်အိမ် လိုင်းသုံးရမယ်ဆိုပြီး သတ်မှတ်လိုက်တာလေ။

The Little Black House Where stories live. Discover now