ကျွန်မ တကယ်အံ့အားသင့်မိပါသည်။ သူ့သမီးကို နှစ်နှစ်မတွေ့ပါနဲ့ဆိုတဲ့ ဦးလေးက အခု သူ့သမီးလက်ကိုဆွဲပြီ ကျွန်မအိမ်ထိ လိုက်လာတယ်တဲ့လား ကျွန်မ စိတ်ကူးယဉ်တာများ များသွားလို့ မြင်ယောင်မြင်မှားဖြစ်နေတာလား....
"ဟဲ့ သမီး! ကလေးငယ်ကို ခေါ်ချေဦးလေ "
ဟုတ်ပါရဲ့ တစ်မိသားစုလုံး မေမေခေါ်သွားတဲ့နောက် လိုက်သွားကြပေမယ့် ကလေးငယ်နဲ့ ကျွန်မပဲ အိမ်ပေါက်ဝကြီးမှာ ရပ်ကျန်ရစ်ခဲ့သည်။
"လာလေ... တို့ဆီလိုက်လာတာမဟုတ်လား"
"မဟုတ်ပါဘူး တီတီဆီ လာတွေ့တာ"
ကြည့် ကျွန်မနဲ့ အဆက်အသွယ်ပြတ်တဲ့ တစ်နှစ်ဆိုတဲ့ကာလမှာ အဆိုးလေးက ကလန်ကဆန်လုပ်တတ်နေပါရောလား....
လက်ထပ်ချင်ပါတယ်ဆိုပြီး အိမ်ထိ လာတောင်းခဲ့တဲ့သူက အခု သူ့အိမ်ထိ လိုက်လာတဲ့လူကို ပွေ့ဖက်နှုတ်ဆက်မှုမျိုးတောင် မလုပ်နိုင်ဘူးလား ငယ်လေး ချော့ဖို့လာတာ ဆိုပေမယ့် စိတ်ဆိုးချင်ပါသည်။
"တို့တော့ မင်းကိုလွမ်းနေတာ"
"အပိုတွေပါ ငယ့်ကို block သွားတာ ဘယ်သူလဲ ဖေဖေပြောတာနဲ့ အဆက်အသွယ်မလုပ်ဘဲ နေနိုင်တာ ဘယ်သူလဲ"
"အို တဖက်သတ်ကြီးပါလား မင်းကရော ကောင်လေးတစ်ယောက်နဲ့ ဓာတ်ပုံတွဲရိုက်စရာလား ချစ်တယ်လို့ အရင်ပြောခဲ့တာ မင်းလေ မင်းဘက်က ဆက်သွယ်လည်း ရတာပဲဟာ"
"သူငယ်ချင်းတစ်စုလုံးကို မမြင်ဘဲ ကောင်လေးတစ်ယောက်တည်းကိုပဲ ကွက်မြင်တဲ့ တီချယ့်မျက်လုံးကိုလည်း အံ့ဩတယ်"
"ပုံတိုင်း မင်းဘေးနားရပ်နေစရာလိုလား ဘယ်လိုပြောမလဲ မြွေမြွေချင်းက ခြေမြင်တာ မဆန်းပါဘူး"
"ကလေးတွေ အိမ်ထဲမှာထိုင်ပြီးပြောပါလားကွယ်"
"ဟုတ်ကဲ့ တီတီ"
အဆိုးလေး စစ်စစ်ပါပဲ ကျွန်မအိမ်ရောက်ရင် ကျွန်မထက် မေမေ့ကို ပိုချစ်သွားတာ အဆိုးလေးမှ အဆိုးလေးပါ ဒါဆို ကျွန်မကို ရန်ရှာနေတာလည်း အဆိုးလေးပဲ အမြင်မှားနေတာ မဟုတ်ဘူးပေါ့....
"မျိုးခန့် ဘယ်ချိန်ပြန်လာမှာလဲ"
"ခဏနေ လာတော့မှာပါတော် "
ဖေဖေရော ကလေးငယ်ဖေဖေရော တွေ့ကတည်းက စကားတစ်ခွန်းမပြောသေးပါ။ ယောင်္ကျားသားတွေဆိုတော့ လက်ပါမှာစိုးလို့ ကျွန်မရော မေမေရော အန်တီပါ သူ့တို့ကို တကြည့်ကြည့်ဖြစ်နေခဲ့ရသည်။ အဆိုးလေးကတော့ သူ့ဇာတိ ပြန်ရောက်လာသလိုပဲ သူ့အစ်ကို အစ်မတွေ ခေါ်ပြီး သွားလည်နေလေရဲ့။
"မင်းက ငါသမီးနဲ့ ဘာကိစ္စ သဘောမတူရတာလဲ"
"ငါ့မှာက သမီးလေးတစ်ယောက်ပဲရှိတာကွ"
"ဟ! ငါသမီးကလည်း အငယ်ဆုံး အထွေးဆုံးလေးပါကွ"
"ဒါပေမယ့် မင်းတို့က သားတွေ သမီးတွေကျန်သေးတယ်လေ မျိုးဆက်ရှိလာနိုင်တယ်ကွ"
"မင်းအဲ့ကိစ္စကြောင့် သဘောမတူတာလို့တော့ ငါ့ကို မပြောနဲ့နော်"
"---"
"မှန်နေတာပဲ မင်းဦးနှောက်တွေ ဘယ်ချိန်က ကျပျောက်သွားတာလဲ ဟမ်! ဘယ်ခေတ်မှာနေနေတာလဲကွ"
"ဟျောင့် မင်းငါ့ကို ဆရာလုပ်စရာမလိုဘူး မြတ်မင်း"
တစ်ယောက်တစ်ခွန်းပြောနေကြရင်း ဖေဖေကန့်ကွက်ရခြင်းအကြောင်းကို ကျွန်မသိခဲ့ရသည်။
"တော်တော့ ကိုရယ် တော်ပါတော့"
"သူများအိမ်ကြီးလေ သတိထားပါဦး"
"ဒီကောင်အမြဲအဲ့လိုပဲလေ ငါ့သမီးကိုများ သဘောမတူဘူး ပြောစရာလား"
"ရှင်ဆွေးနွေးဖို့ လာတာဆို အခုလို သောင်းကျန်းနေမယ်ဆို ပြန်မယ်"
ကလေးငယ်က သူ့ဖေဖေနဲ့ တပုံစံတည်းဆိုတာ ကျွန်မသဘောပေါက်လိုက်သည်။
"သမီး... ဦးတို့နဲ့ ပြန်လိုက်ခဲ့ ဟိုမှာ မင်္ဂလာဆောင်ပေးမယ်"
"ဟုတ်ကဲ့ ဦးလေး အယ် ဟုတ်ကဲ့ဖေဖေ"
"မိသန္တာ ညည်းအဖေက ဒီမှာ"
😒
"မင်း ငါ့သမီးကို အဲ့လို အပိုင်ခေါ်သွားလို့ ရမလားကွ"
"ကဲ တော်ကြပါတော့ရှင် ကိုမျိုးရယ် နောက်မှ အေးဆေးပြောကြမယ်လေ သူတို့ နားပါစေဦး"