Unicode
(ဗုဒ္ဓဟူးနေ့)
မနက်နေပွင့်တာ မကြာသေးတဲ့အချိန်လေးတွင် ခန့်စင်တစ်ယောက် မွေ့ယာထက်မှာ လင်းထက်အိပ်တတ်သော ဘက်ခြမ်းကို ဘေးတစောင်း လှဲနေရင်းမှ အသာ လူးလွန့်လာလေသည်။ နိုးလာတာနဲ့ ခံစားလိုက်ရတာက အရင်လို တစ်စုံ တစ်ယောက်ရဲ့ ပွေ့ဖက်ထားခြင်း မခံထားရတာကြောင့် နွေးနွေးထွေးထွေးမရှိသည့်အပြင် ချမ်းစိမ့်စိမ့်နှင့် အေးစက်မှုတွေကိုသာ ခံစားနေရသည်။
ထို့ကြောင့် တစ်ဖက်ကို လှဲအိပ် နေရင်းမှ မွေ့ယာကို လက်လှမ်းကာ အသာစမ်းကြည့်လိုက်မိတော့ အေးစက်နေသည့် အထိအတွေ့အပြင် ဘာခံစားမှုမှ မရှိနေတာကြောင့် မျက်လုံးမှိတ်ထားရင်းမှ မျက်မှောင်လေးကို အသာကျုံ့လိုက်မိသည်။ မျက်လုံးလေးကိုပါ ဖွင့်ပြီး ကြည့်လိုက်မိတော့ ရှိစေချင်တဲ့ တစ်စုံတစ်ယောက်ဟာရှိမနေ လွတ်နေတဲ့နေရာလွတ်ကြီးနဲ့အတူ ခေါင်းအုံးတစ်အုံးကိုသာတွေ့ရသည်လေ။ ထိုအခါမှ ဖြတ်ခနဲ တစ်စုံတစ်ခုကို သတိရသွားပြီး မျက်မှောင်လေးတွေကလည်း ဖြေလျော့သွားသည်ပင်။
လင်းထက်က အခုသူနဲ့မှ အတူမရှိဘဲ ခရီးသွားနေသည်ပဲ ဒီအရာကို ဘာလို့များ သတိလက်လွတ် ဖြစ်သွားရပါသနည်း။ အရင်ကဆို ညဘက်တွေမှာ ဒီကောင်လေးက အိပ်နေရင်း ရင်ခွင်ထဲထည့်ကာ လာလာဖတ်တတ်၏။ အဲ့ဒါကြောင့်ပဲထင် မနက်မနက်ကျရင် ထိုရင်ခွင်ကျယ်ထဲရောက်ကာ နွေးနွေးထွေးထွေးနှင့် လုံခြုံမှုအပြည့်ကို ခံစားရသည်ပင်။
အရင်က တစ်ယောက်တည်း အိပ်နေကျပေမယ့် အခုလက်ထပ်ပြီးနောက်ပိုင်းမှ အဆင်မပြေတော့သလို ဒီကောင်လေး၏ ရင်ခွင်နွေးနွေးကို တမ်းတနေမိသည်။ အခုလို အိပ်နေတာပင် အထီးကျန်ဆန်လွန်းလှသည်ဟု ခံစားနေရသည်။ တခြားဘယ်သူ့ကိုမှ မဟုတ် ထိုကောင်လေးကိုသာ တမ်းတလွမ်းဆွတ်နေမိသည်။
ဆက်တွေးနေလို့မရတော့တာကြောင့် အိပ်ရာပေါ်က ထလိုက်ကာ မျက်နှာသစ် ရေမိုးချိုးဖို့ ပြင်ဆင်လိုက်တော့သည်။ ရေချိုးခန်းထဲရောက်တော့လည်း ခွက်ထဲမှာရှိတဲ့ သွားတိုက်တံ နှစ်ချောင်းထဲကမှ မီးခိုးရောင် သွားတိုက်တံလေးကို တွေ့လိုက်တဲ့အခါ ပိုင်ရှင်ဖြစ်သူကို သတိရမိသွားပြန်သည်။ ခေါင်းကို အသာခါထုတ်ပစ်လိုက်ပြီး နေ့တစ်နေ့ကို စတင်ဖို့ သွားတိုက်ခြင်းအမှုကို စလုပ်လိုက်တော့သည်။
ရုံးသွားဖို့ suit တွေကိုရော အားလုံးပြင်ဆင်ပြီး အောက်ထပ်ဆင်းလာလိုက်သည်။ ထမင်းစာခန်းထဲ ဝင်သွားတော့ ကြီးမေက
"သားနိုးလာပြီလား လာ
ကြီးမေ သား အကြိုက် ရှမ်းခေါက်ဆွဲလေး ပြင်ထားတယ်""ဟုတ်ကဲ့ ကြီးမေ"
တစ်ချက်မျှ ပြုံးလိုက်ပြီး ထိုင်ခုံကို ဆွဲကာ အသာထိုင်လိုက်သည်။နောက်တော့ ကြီးမေက ရှမ်းခေါက်ဆွဲကို လာချပေးပြီး ကော်ဖီကိုပါ ထည့်ပေးသည်။
"ရပြီ ကြီးမေ လုပ်စရာရှိတာ လုပ်တော့နော် ကျွန်တော်က ရတယ်"
"အေး အေး ဒါဆိုလည်း ကြီးမေ သွားပြီနော်"
ခေါင်းတစ်ချက်သာ ညိမ့်ပြပြီး ရှမ်းခေါက်ဆွဲ ကိုစားဖို့ပြင်လိုက်သည်။ အရင်ကဆို မနက်စာလည်း ဟိုကောင်လေးနဲ့အတူ စားနေကြပင်။ အခုကျ တစ်ယောက်တည်းစားရတာ ပျင်းစရာကောင်းနေသလိုပင်။
ဟက် စားနေရင်း ဘာမှမဟုတ်တဲ့ကိစ္စလေးတွေနဲ့လည်း ထထပြီး ကတောက်ကဆလေးတွေ ဖြစ်တတ်သေးသည်။ အမြဲ သူက ကိုယ့်ထက်ကြီးနေသလိုလည်း ဆိုဆုံးမတတ်သေးသည်။ တွေးနေရင်း ဘယ်လို ပြုံးလိုက်မိသလဲဆိုတာတောင် သေချာသတိမထားမိ။ မရတော့ အမြဲလိုလို ထိုကောင်လေးက အတွေးထဲစိုးမိုးနေတော့တာပဲ။ အခုလို ဝေးနေမှ ထိုကောင်လေးကို စိတ်ထဲမှာ တော်တော်နေရာပေးထားမိမှန်း ပိုပိုပြီး သတိထားမိလာတော့သည်။
.........................................................................
ဒေါက် ဒေါက်
တံခါးခေါက်သံကြောင့်
စားပွဲပေါ်က ခလုတ်ကို နှိပ်လိုက်၍"ဝင်ခဲ့ပါ"
ထိုသို့ပြောပြီးသည်နှင့် အခန်းထဲသို့ အတွင်းရေးမှူး ကိုရဲမင်းက ဝင်လာသည်။
"ဘာဖြစ်လို့လဲ ကိုရဲမင်း"
"သူဌေး ထမင်းစားတော့မယ်မလား ခင်ဗျ အဲ့ဒါလာပြောတာပါ"
"မစားသေးဘူး ကျွန်တော် ဒီအချက်အလက်တွေကို လက်စသတ်ချင်လို့ ကိုရဲမင်း"
ကွန်ပျူတာကို ကြည့်ပြီး ကီးဘုတ်နှိပ်နေရင်းဖြင့်သာ ဖြေလိုက်သည်။