Episode-1

629 49 7
                                    

(Unicode)

မှိုင်းညို့ညို့ကောင်းကင်...အေးစိမ့်စိမ့်လေထု...‌စစ်ပြီးစကာလမို့ထင် သွားလာလှုပ်ရှားနေသူများသည်လည်း တက်တက်ကြွကြွမရှိလှ။

အင်းလေ...ဒီစစ်ပွဲအတွင်း သူတို့အတွက်ဘယ်လိုအရာတွေကို ဘယ်လောက်ဆုံးရှုံးခဲ့ရလဲမှမသိတာ။ ဒါနဲ့များဘာလို့ တယောက်နဲ့တယောက်တိုက်ခိုက်နေလဲမသိပါဘူး။ လူသားဆိုသည့်အရာများသည် အခုထိသူ့အတွက်နားလည်ဖို့ရန်ခက်ခဲနေဆဲ။

ဟိုသွားဒီသွားလှုပ်စိလှုပ်စိမြင်ကွင်းများသည် သူ့အားအာရုံနောက်စေလာ၍ သူအနီးရှိလမ်းကြားလေးထဲချိုးကွေ့ဝင်လိုက်ကာ လူများနှင့်ဝေးရာအရပ်သို့သာ ထွက်လာခဲ့လိုက်ပါသည်။

မနေ့ညကကျရောက်ခဲ့သောနှင်းများကြောင့် ဖြူလွလွနှင်းများဖုံးလွှမ်းနေသောမြေပြင်ကျယ်တခုအား သူဖြတ်သန်းရချိန်တွင်တော့ ထိုဖြူလွလွနှင်းများက ကောင်းကင်ပေါ်မှတဖန်ကျလာပြန်သည်။

ခေါင်းပေါ်ရောက်လာသောအေးစိမ့်စိမ့်အထိတွေ့‌လေးသည် သူ့အားသွားနေရာမှရပ်ပြီးမော့ကြည့်စေသည်အထိ ဆွဲဆောင်နိုင်သည်ကတော့အမှန်ပင်။

"နှင်းတွေကျလာပြန်ပြီပဲ။ ဒီနှစ်လည်းလူသားတွေအတွက် အစာရှားတော့မယ်ထင်တယ်။ ပိန်ခြောက်နေတဲ့လူသားတွေက ငါ့အတွက်အရသာလည်းမရှိဘူး"

တဖွဲဖွဲကျနေသောနှင်းများအားမော့ကြည့်ရင်း စိတ်ညစ်စွာသူခပ်ဖွဖွရေရွတ်လိုက်မိသည်။ ထိုစဉ်တွင်ပဲ နားပါးလှသောသူ သူ့နောက်မှခြေသံသေးသေးလေးတခုအား ကြားလိုက်ရပါသည်။ လှည့်ကြည့်လိုက်တော့  ဝိုင်းစက်နေသောမျက်ဝန်းတစုံနှင့် သူ့အားစိုက်ကြည့်နေသော သေးသေးပိစိကလေးတယောက်။ 

ကြည့်နေပုံကတကယ်အံ့ဩတကြီး။ သူ့ကိုယ်သူရှားပါးမှန်းသိသော်ငြား ယခုကဲ့သို့တည့်တိုးကြီးလာကြည့်နေတော့ သူတောင်အနေခက်သွားမိသည်။

"ဦးဦးကနတ်သားလားဟင်"

အံ့ဩတကြီးကြည့်နေပါ‌သော ထိုငတိလေးထံမှ‌အသံသေးသေးလေးနှင့်ထွက်လာသောမေးခွန်းသည် သူ့အားကြောင်အသွားစေတော့သည်။

My CarnivalWhere stories live. Discover now