Unicode
PL's Note ( ဒီအပိုင်းလေးကို ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်ကလေး ဖတ်ပေးစေချင်ပါတယ်♡)
//
သဘာဝနတ်ဘုရား Seokmin က ဧကရာဇ်ပေးအပ်တဲ့ မိုးကြိုးစွမ်းဆောင်ရှင်ထံ သွားရမည့်တာဝန်ကို ထမ်းဆောင်ပြီးပြီမို့ ကောင်းကင်ဘုံသို့ ပြန်လာခဲ့သည်။ မိုးကြိုးစွမ်းဆောင်ရှင် ရောက်ရှိလာဖို့ အတော်အတန်ကြာအောင် စောင့်ရသည်ကြောင့် ကောင်းကင်ဘုံကိုရောက်တော့ အချိန်က အနည်းငယ် လင့်နေချေပြီ။
ကောင်းကင်ဘုံသို့ပြန်ရောက်တော့ ကောင်းကင်ဘုံအပေါက်တံခါးဝတွင် ငုတ်တုတ်လေးထိုင်ကာ ယုန်ဖြူလေးတွေကို ပွတ်သပ်နေသော ငြိမ်းချမ်းရေးနတ်ဘုရား Joshuaကို တွေ့လိုက်ရသည်။ လက်တံရှည်သွယ်သွယ်လေးတွေက ယုန်ဖြူလေးတွေထက်ကို နူးညံ့နေလိုက်တာ။ ခပ်ဖွဖွလေးပြုံးနေသည်က လမင်းရေးတဲ့ပန်းချီလေးအလား။ မျက်ဝန်းထဲက နွေးထွေးမှုရောင်တွေက တောက်ပပြည့်လျှံနေတာ။ ဆံနွှယ်လေးကစ ခြေဖဝါးနုနုအဆုံး သိမ်မွေ့ခြင်းတွေ ကဗျာဖွဲ့နေတာ။ တစ်ချက်ကလေး ကြည့်မိရုံနဲ့တင် ရင်ကိုနွေးပြီး ငြိမ်းချမ်းလိုက်တာ။
Seokmin ဘာအသံမှ မထွက်မိဘဲ ရပ်ကြည့်နေမိတာ အချိန်တစ်ခုအထိပင်။ ထို့နောက် သူ့ဘက်ကို ဖြည်းညင်းစွာ လှည့်လာသည့် Joshua ။ ရုတ်တရပ်တွေ့လိုက်တာကြောင့် မျက်ဝန်းငယ်တွေမှာ အံ့ဩမှုလေး စွတ်သွားသည်။ အမူအရာတစ်ခုချင်းစီကအစ ပျော့ပျောင်းသိမ်မွေ့နေတာကြောင့် Seokmin ကြည့်လေကြည့်လေ မျက်နှာမလွှဲချင်ဖြစ်ရသည်။ Joshua က ပြုံးပြကာ Seokmin ဘက်ကို လျှောက်လာသည်။
"လမ်းခရီး အဆင်ပြေချော်မွေ့ခဲ့ရဲ့လား Seokmin"
"အဆင်ပြေချော်မွေ့ခဲ့ပါတယ် Joshua ။ Shua က ပြန်ရောက်တာ ကြာပြီလား"
"နည်းနည်းကြာပါပြီခင်ဗျ"
"အခု Shua ဘာတွေများလုပ်နေလဲ"
Joshua က အနက်ရှိုင်းဆုံးပြုံးပြီး
"ယုန်ပေါက်လေးတွေပေါ့ ခန်းမဆောင်ရဲ့ ခန်းဆီးတွေကို ကိုက်လို့တဲ့ ကျွန်တော့်မှာ လိုက်ထိန်းနေရတာပဲ"
Seokmin က ရယ်ကာ သူ့ခြေထောက်အောက်မှ ယုန်တစ်ကောင်ကို ကောက်ပွေ့လိုက်ပြီး
"ဒီငတိလေးတွေ အဲ့လိုပဲ၊ Joshua အချိန်လေးများရရင် ကိုယ်နဲ့တစ်နေရာကို လိုက်ခဲ့ပေးနိုင်မလား"
Joshua က သိချင်စိတ်ကြောင့် ခေါင်းလေးတစ်ဖက်ကို စောင်းငဲ့လိုက်ပြီး နှာခေါင်းလေးခပ်ဖြေဖြေရှုံ့ကာ ခေါင်းညိတ်ပြလိုက်သည်။ Seokmin က သူနန်းဆောင်ကို ဦးတည်သွား၏။ Joshua လည်း ဘေးချင်းယှဥ်၍ လျှောက်လာသည်။ Seokmin က နန်းဆောင်ထဲဝင်သွားပေမဲ့ Joshua က လိုက်ရနိုးနိုး၊ အပြင်၌ စောင့်ရနိုးနိုး ဝေခွဲရခက်နေသည်။ Seokminက Joshua ၏ လက်ကောက်ဝတ်ကလေးကို ဖွဖွဆွဲကာ နန်းဆောင်ထဲဝင်ခဲ့ရန် မျက်ဝန်းမှတဆင့် ပြော၏။ ထို့နောက် Seokmin က
"Shua မျက်လုံးလေး ခဏလောက် မှိတ်ပေးထားပါအုံး"
Joshua က တစ်သဝေမတိမ်းလိုက်နာ၏။ Seokmin ပြုံးလိုက်ပြီး
"Shua အခု ဘာမြင်လဲ"
"အပြာရောင်ကောင်းကင်တစ်ခွင်"
"Shua အဲ့ကောင်းကင်ကြီးကို မြင်တော့ ဘယ်လိုသဘောရလဲ"
"လှပေမဲ့ ဗလာနိတ္ထိဖြစ်နေတယ်"
Seokmin ပြုံးလိုက်သည်။ Joshua ၏ လက်ဖဝါးကို ဆုပ်ကိုင်လိုက်ရင်း
"ဗလာဖြစ်နေတာကို ကိုယ်က အခုလို ရေတံခွန်ငယ်လေးဖြည့်ပေးလိုက်တယ်၊ သစ်ပင်တွေ၊ ပန်းပင်တွေနဲ့ ပြည့်သွားစေမယ်၊ ငှက်ကလေးတွေရှိမယ်၊ Shua ချစ်တဲ့ ယုန်ကလေးတွေရှိမယ်။ နေဝင်ချိန်ဆည်းဆာကလေးကလည်း အစွမ်းကုန် လှပနေမယ်။ တောင်ပြာတန်းတွေ တစ်တောင်ပေါ် တစ်တောင်ဆင့်နဲ့ ပြာလဲ့လဲ့ဝေ့ရီနေမယ်၊ ဆိုရင်ရော ဘာလိုသေးလဲ"
Joshuaက နှစ်သက်စွာပြုံးသည်။ သူဤသို့ လှပခြင်းမျိုးကို သိပ်သဘောကျ၏။ မျက်ဝန်းထဲက ရှုခင်းကလေးမှာ အေးချမ်းလိုက်တာ။
" လှလိုက်တာ ပြည့်စုံသွားပြီ"
"ကိုယ်က Shua အနားမှာရှိမနေရင် အပြာရောင်ကောင်းကင်သက်သက်ပါပဲ။ အထီးကျန်ရတယ်၊ တစ်ခုခုက လစ်ဟင်းနေတယ်။ တကယ်လို့များ Shua သာရှိရင် ကိုယ့်အတွက်က Shua မြင်နေရတဲ့ ရှုခင်းလေးလို ကြည်နူးပြည့်စုံရမှာ။ Shua အပြုံးလေးက ရေတံခွန်ငယ်လေးလိုပဲ၊ အေးချမ်းတယ်။ Shua စိတ်ထားကလေးက ပန်းကလေးလိုပဲ နူးညံ့တယ်။ Shua အသံကလေးက ငှက်ကလေးတွေလိုပဲ ချိုသာတယ်။ Shua မျက်နှာကလေးက ယုန်ကလေးတစ်ကောင်လို ဖြူစင်တယ်။ Shua အပြုအမူလေးတွေက နေဝင်ဆည်းဆာလိုပဲ အိန္ဒြေကြီးတယ်။ Shua အရာအားလုံးက တောင်ပြာတန်းတွေလိုပဲ တစိမ့်စိမ့်ငေးကြည့်ချင်လောက်အောင် ဆွဲဆောင်မှု ရှိလှပါတယ်"