Intro-----
၂၀၁၉ ခုနှစ် မေ ၄ရက်
ပဲခူးမြို့လေးရဲ့ လူနေထိုင်မှုနည်းတဲ့ ပတ်ဝန်းကျင်လေး သူ့အစွန်စပ်နားမှာတော့ စွယ်တော်ပန်းပင်တွေဝန်းရံထားတဲ့ လုံးချင်းအိမ်ကလေးတစ်လုံး။
ဆိုင်ကယ်ဖြူလေးတစ်စီး ထိုအိမ်လေးထဲသို့ဝင်လာ၏။ ဆိုင်ကယ်ပေါ်မှ ဆင်းလာတဲ့ရုပ်တည်တည်နဲ့ အမျိုးသားက အိမ်တံခါးလေးဖွင့်၍ ဝင်လာပြီး အဖြူနဲ့အစိမ်း ဝတ္စုံကို လဲလွယ္ကာ အဖြူရောင်ပွင့်တွေနဲ့ ဝေဝေဆာဆာလှနေတဲ့ စွယ်တော်ပင်တွေကို ရေလောင်းနေသည်။
နေ့စဉ်လုပ်နေကျအလုပ်တွေပြီးသွားတော့ ရေးမိုးချိုးကာ စွယ်တော်ပွင့်တွေကို အစုလိုက်အပြုံလိုက် ခူးနေသည်။
ခူးနေရင်းလည်း ပြုံးသေး၏။
ပြီးတဲ့နောက်တော့ စက္ကူပုံးတစ်ခုထဲ ပွင့်ဖက်တွေ မကြွေအောင် ဂရုတစိုက်နဲ့ထည့်ကာ တစ်ယောက်တည်းစကားပြောနေသည်။"ချစ်ရသူလေးသာ သိရင်တော့ သူသိပ်ချစ်တဲ့ စွယ်တော်တွေကို အများကြီးခူးရပါ့မလားဆိုပြီး ဆူနေရော့မယ်"
"ကိုကိုကြီးက ခင်ဗျားလေးအတွက် ခူးတာမို့ စိတ်တော်မညိုးစေချင်ဘူး ကို့ကိုခွင့်လွှတ်မယ်မဟုတ်လားကွယ်"
ယောက်ျားဆန်ဆန် ခပ်ဩဩနဲ့ အသံက ကျောင်းအုပ်ဆိုတဲ့ ရာထူးနဲ့လိုက်ဖက်ပါဘိ။
ပြင်ဆင်မှုတွေပြီးတဲ့နောက်တော့ အိမ်တံခါးလေးနဲ့ ခြံတံခါးကို ပိတ္ကာ ဆိုင်ကယ်ဖြူလေးစီးလို့ ထိုမြို့လေးမှ ထွက်ခွာလေသည်။
မနက်ဖြန်က ကျွန်တော့်ချစ်ရသူလေးရဲ့ ၃၀ ပြည့်မွေးနေ့မို့ တစ်နေကုန် ချစ်ရသူလေးနား ကပ်ချင်လို့ ကျောင်းအုပ်ဖြစ်တဲ့ကျွန်တော်က မနက်ဖြန်တစ်ရက် ကျွန်တော့်ကျောင်းကို ပိတ်ပေးထားတယ်။
ချစ်ရသူလေးမြို့နဲ့ ကျွန်တော့်မြို့က နှစ်နာရီစာလောက်ပဲ ကွာဝေးသည် ဆိုင်ကယ်အရှိန်နဲ့ပေါ့။ ဒီဆိုင်ကယ်ဖြူလေးက ကျွန်တော်ချစ်ရသူလေး ကျွန်တော့်အသက် ၂၅နှစ်ပြည့်မွေးနေ့မှာ သူ့ရဲ့လုပ်အားခတွေနဲ့ ဝယ်ပေးခဲ့တာလေ။ ခုဆို ၁၀နှစ်တောင် ပြည့်ပြီပေါ့။