ဇာတ်လမ်း-၂၃
ကျောင်းပိတ်ရက်ကုန်သွားပြီမို့ ဒီနေ့ပဲ စစ်ပြေ တတိယနှစ်သို့ စတက်ရတော့မည်ဖြစ်သည်။ပိတ်ရက်အတွင်းမှာ စစ်ပြေသည် ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတတ်နေပြီ။ ညဘက်အားသည့်အချိန်တွင် ခေါင်သင်ပေးသလို ကိုယ်တိုင်ကလည်း လေ့လာခဲ့သည်။ခေါင် ဝယ်ပေးထားသည့် မရမ်းပြာရောင်ကျောပိုးအိတ်ထဲ ဗလာစာအုပ်နှင့် ဘောပန်အိတ်တွေ လိုအပ်သည်များ ကြိုထည့်ထားပြီးသည်မို့ လွယ်ပြီး အိမ်ရှေ့ထွက်လာခဲ့လိုက်သည်။အိမ်ရှေ့တွင် ရပ်ထားသည့် အနီရောင်စကူပီလေး တစ်စီးတော့တွေ့သည်။ ဧည့်သည်လည်းရောက်နေတယ်မကြားမိ။
"ဆိုင်ကယ်ကို သဘောကျရဲ့လား စစ်ပြေ"
"ဟင်"
စစ်ပြေ နောက်ကျောနားကနေ ခပ်တိုးတိုးထွက်လာသည့်အသံကြောင့် ချက်ချင်းလှည့်ကြည့်လိုက်မိသည်။ခေါင်က သူ့ဘေးတွင် ယှဉ်ရပ်လာသည်။
"ကိုကြီး ဒါ..က"
"စစ်ပြေအတွက်..။. ကားမလိုချင်ဘူးဆို.အဲ့ဒါကြောင့် ဆိုင်ကယ်အသစ်လဲပေးတာ။ တတိယနှစ်စတက်မယ့် ကိုယ့်ကလေးအတွက်."
"ကိုကြီး."
စစ်ပြေ မျက်ရည်လေးတွေပင် ဝဲတက်လာကာ ခေါင့်ကို ချက်ချင်းပင် ခါးကနေ တိုးဖက်သည်။ဂရုစိုက်ပေးတာတွေက စိတ်ရင်းနှင့်မှန်း စစ်ပြေ ခံစားသိနေမိသည်။နောင်တမရဘူး။ ကိုကြီးကို လက်ထပ်ခဲ့လို့ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။
"မငိုနဲ့နော်... ကျောင်းသွားရဦးမှာ။တစ်ခါတစ်လေတော့ ကိုယ်လာကြိုမယ်။တစ်ခါတစ်လေတော့ စစ်ပြေ လွတ်လွတ်လပ်လပ်ပေါ့"
"ကျေးဇူးအများကြီးတင်ပါတယ် ကိုကြီး။ကျွန်တော် ကိုကြီးကို တကယ်ကျေးဇူးအများကြီးတင်ပါတယ်"
စစ်ပြေ ထိုဆိုင်ကယ်လေးနှင့် ခြံထဲကထွက်သွားသည့်အထိ ခေါင် လိုက်ကြည့်နေမိသေးသည်။စစ်ပြေ၏ မျက်ဝန်းကြည်စင်နေတာလေးတွေကို သဘောကျသည်။ကိုယ်တိုင်လည်း သတိထားမိပြီး နှုတ်ခမ်းတို့ ပြုံးနေခဲ့သည်။ ခြံဘက်သွားမှာမို့ ကားမောင်းလျက် ခေါင်လည်း ထွက်လာခဲ့သည်။ သူ လိုက်ပို့လို့ရပေမယ့် ရံဖန်ရံခါတော့ စစ်ပြေကို လွတ်လပ်စွာနေစေချင်တာမို့ သူ တမင်သက်သက်လွှတ်ထားပေးလိုက်သည်။မောင်းလာရင်းနှင့် တစ်နေရာရောက်တော့ လမ်းဘေးကနေ သူ့ကိုလှမ်းတားနေသည့် ကားတစ်စီးနားက လူကိုတွေ့သည်။ဖြည်းဖြည်းချင်း အရှိန်လျှော့ပေးလိုက်ကာ ကားမှန်ချလိုက်သည်။