နွေဉီးမနက်ခင်းမို့ ရွက်စိမ်းနံ့ဖျော့ဖျော့သင်းတဲ့ လေညင်းက တသုန်သုန်တဖြူးဖြူး။ခြေထောက်ဒဏ်ရာနဲ့မို့ ဟိုင်းဆင်ကလေးရဲ့ အိပဲ့ပဲ့ခန္ဓာကိုယ်ဟာတော့ ဟိုဒီယိမ်းလို့ လိမ့်လိမ့်လူး။
"ဘာလို့ ငါ့နောက်ကနေ တကောက်ကောက်လိုက်နေရတာလဲ"
"ကိုယ်သွားမဲ့လမ်းကြောင်းနဲ့တူနေလို့လေ...နောက်ပြီး မင်းကသာ ကိုယ့်ရှေ့ကနေ ပိတ်လျှောက်နေတာပါနော်"
"ဒါဆိုလည်း ရှေ့က ကြွ"
သူစိတ်လက်မရှည်လွန်းစွာနဲ့ လမ်းဖယ်ပေးတော့ ဝမ်စွယ်စုံက ဖွဖွပြုံးတယ်။ အရှေ့ကိုသွားဖို့ရာ သူ့ဘေးကအဖြတ်မှာ သူ့ဗိုက်ပူပူလေးကို နှာမောင်းဖျားနဲ့တို့ထိကျီစယ်သွားသေးရဲ့။ ခရီးသွားဟန်လွှဲတွေ့လို့သာပဲ။ မသိရင် တစ်အုပ်ထဲက မွေးချင်းပေါက်ဖော်ကျနေရောရယ်။
သူငြူငြူစူစူနဲ့ခြေဆောင့်တော့ နင်းထား
မိတဲ့ သစ်ကိုင်းခမျာ ညက်ညက်ပြားတယ်။နာနေတဲ့ ခြေဖဝါးလေးတစ်ဖက်ကိုတော့ တတ်နိုင်သမျှကွေးကုပ်ထားပါတယ်။ရှေ့ကနေ တစ်လှမ်းချင်းသွားနေပြီဖြစ်တဲ့ ဝမ်စွယ်စုံကိုကြည့်ရင်း ရုတ်တရက် ဗိုက်ကဆာလာပြန်တာမို့ အနီးအနားက ဝါးတောထဲ ခြေဆန့်ဖို့ပြင်ရပြန်ပါရဲ့။ မျှစ်ချိုချိုနုနုကလေးတွေ ရှာဖွေစားသောက်ပါဉီးမယ်။"ဝါးးး"
ဝါးတောထဲ ခြေလှမ်းနည်းနည်းလောက်လှမ်းအပြီးမှာ တွေ့လိုက်ရတဲ့ မျှစ်စို့ပေါက်ကြီးတွေကြောင့် သူ့မျက်လုံးလေးတွေဆို တောက်ပသွားရောပဲ။အကြီးဆုံးတစ်ခုကို နှာမောင်းနဲ့ဆွဲလွဲနှုတ်ပြီးတာနဲ့ ဂျွတ်ဂျွတ်မြည်အောင် ဝါးပစ်လိုက်ပါတယ်။လတ်ဆတ်ချိုမြပြီး သိပ်အရသာရှိတာပဲ။
ဖြောင်းး!
"ဟင်"
ရုတ်တရက်ဝါးပင်ကျိုးသံ ကြားလိုက်ရတာမို့ သူ တိခနဲငြိမ်ကျသွားရပြီပဲဖြစ်တယ်။သတိထားမိသလောက်ဆို ခြေသံလုံအောင်ထိန်းတဲ့ကြားက သတိလက်လွတ်ဖြစ်သွားတဲ့ ပုံစံမျိုးပဲ။ လေတင်ကမို့ အနံ့ကတော့ ထောင်းခနဲရလိုက်ပါရဲ့။သေချာပေါက် စိမ်းသက်တဲ့အနံ့ရှိနေတဲ့ မျိုးနွယ်တူသတ္တဝါပါပဲ။