သစ္စာရှင်မ​လေး'ပင်'(အခန်း-၃၄)

498 17 1
                                    

မြင်းငယ်များ

 

"အန်တီ ဒေါင်။"

ပီလန်တီတာသည် အမျိုးမျိုးသော မနက်စာတို့ကို ပြင်ဆင်ရင်း အလုပ်ရှုပ်နေသော ပရီဒီ ဖီရွန်နန်းတော်၏ ထမင်းချက်အား နှုတ်ဆက်လိုက်သည်။ နန်းတော်သို့ အလည်အပတ် လာရင်း တည်းခိုရန် ရောက်ရှိနေကြသော အရှင်သခင်များ အားလုံးအတွက် မည်သို့သော နံနက်စာအား ပြင်ဆင်ပေးရမည်ကို သခင်မလေးပင်ထံမှ ညွှန်ကြားချက်ရပြီး ဖြစ်သည်။ တချို့အတွက် အနောက်တိုင်း နံနက်စာဖြစ်သည့် ပေါင်မုန့်၊ ကြက်ဥကြော်၊ ဝက်အူချောင်းကြော်၊ ပဲကြော်၊ မှိုကင် သို့မဟုတ် ဝက်ပေါင်ခြောက် စသည်တို့ကို ပြင်ဆင်ပေးရလေသည်။  တချို့မှာမူ ထိုင်းရိုးရာ မနက်စာကို ပို၍ နှစ်သက်ကြပြီး တချို့ကတော့ ကော်ဖီပူပူ ဒါမှမဟုတ် လိမ္မော်သီးဖျော်ရည်တစ်ခွက်လောက်ကိုသာ နှစ်သက်ကြလေသည်။

အန်တီဒေါင်က အစေခံအားလုံးကို စေ့စေ့စပ်စပ် ပြင်ဆင်ခိုင်းခြင်းဖြင့် ပြဿနာကို ဖြေရှင်းခဲ့သည်။

"ဟုတ်ကဲ့ သခင်မလေးပင်"

အန်တီဒေါင်က ပြန်ဖြေရင်းမှ မင်းသမီး အန်နီလာဖတ်အတွက် ပုဇွန်ယာဂု ချက်ပြုတ်ရန် ပြင်ဆင်နေသည်ကို ရပ်ထားလိုက်ပြီး သခင်မလေးပင်ထံသို့ အမြန်လျှောက်သွားလိုက် သည်။

"ပုဇွန် ယာဂု ပြင်စရာ မလိုဘူး အန်တီ ဒေါင်။ ကျွန်မပါ ကျွန်မ လုပ်လိုက်မယ်။"

"ဟုတ်ကဲ့ သခင်မလေးပင်" အန်တီဒေါင်က လေးလေးစားစား အမူအရာဖြင့် အလျင်အမြန် ခေါင်းညိတ်သည်။ "သခင်မလေး မီးဖိုချောင်ထဲကို အချိန်မီရောက်လာလို့ တော်သေးတယ်။ မဟုတ်လို့ ယာဂုက သူ့စိတ်ကြိုက်အရသာမဖြစ်ရင် မင်းသမီး အန်နီက ကျွန်တော်မျိုးမကို စိတ်ဆိုးလိမ့်မယ်။"

"မင်းသမီးအန်နီက ဘယ်သူ့ကိုမှ ဒေါသမထွက်ဖူးဘူး။ အစားအသောက် အဆင်မပြေရင် သူက နည်းနည်းပဲ စားရင်စား ဒါမှမဟုတ် မစားဘဲနေတော့တာ။"

သူမချက်ပြုတ်ပြင်ဆင်ပေးသည့် ယာဂုအား မင်းသမီးအန်နီလာဖတ်သည် ပန်းကန်လုံး တစ်လုံး လုံးကုန်သည်အထိ နှစ်နှစ်ခြိုက်ခြိုက် စားလေ့ရှိသည်ကို ပြောရင်း ပီလန်တီတာ သည် ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။

သစ္စာရှင်မ​လေး'ပင်'(အတွဲ -၂)Where stories live. Discover now