"စီနီယာယွန်း..ကောင်းသောမနက်ခင်းပါ။"
"မတွေ့ရတာတောင်ကြာပြီနော်။ စီနီယာယွန်း။"
"ခဏလေးနေဦး။ မျက်နှာကကြည့်ရတာအခြေအနေမကောင်းဘူး။"
"လာ။ မြန်မြန်လစ်ရအောင်။ မဟုတ်ရင်ချိုင်းထောက်စာမိနေဦးမယ်။"
ပြောရင်းအထက်တန်းပထမနှစ်ကျောင်းသားလေးများသည် အုပ်လိုက်ရှောင်သွားလေတော့သည်။ ကျန်တဲ့သူများသည်လည်း မြင်သည်နှင့် မသိလိုက်မသိဘာသာနှင့် ခပ်ဝေးဝေးက ရှောင်ဖယ်သွားကြသည်သာ။ ခုအခြေအနေက မြင်လို့ နှုတ်ဆက်မိလျှင်လည်း စကားပြန်ပြောဖော်မရတဲ့အပြင် မနှုတ်ဆက်လျှင်လည်း မနှုတ်ဆက်ရကောင်းလားဆိုပြီး ပြဿနာရှာခံရနိုင်သည့် အခြေအနေမဟုတ်ပါလား။ ပြောရရင် ဈေးထဲကရောင်းမကုန်တဲ့ခရမ်းသီးလိုပုပ်သိုးနေတဲ့ မျက်နှာကြီးနဲ့ ဇွန်ဘီးတစ်ကောင်လို စောင်းငမ်းစောင်းငမ်း လမ်းလျှောက်လာတဲ့ ယွန်းဂျောင်ဟန်ပုံစံကြီးက မြင်ကွင်းထဲဖြတ်ဝင်ရုံနဲ့တင် တော်တော်လန့်စရာကောင်းနေပြီ။
"ဝေး။ ဂျောင်ဟန်။"
ဒီအသံပိုင်ရှင်ကိုတော့ လှည့်မကြည့်ချင်တဲ့တိုင် ဂျောင်ဟန့်ပုခုံးတစ်ဘက်က သူ့ဆီဆွဲဖက်ခံလိုက်ရပြီးပြီ။
"ဆေးရုံကဆင်းပြီးတစ်ပတ်ပဲရှိသေးတယ်။ ဒီလောက်လမ်းလျှောက်နိုင်တာမဆိုးပါလား။ ခုခေတ်ဆေးပညာတွေ သိပ်တိုးတက်လာတာပါနော်။"
မျက်စိနောက်စရာ ပန်းရောင်ဆံပင်မွှေးတွေနဲ့ ခပ်ဝေးဝေးနေချင်တာမို့ ဂျောင်ဟန်တွန်းဖယ်ထုတ်လိုက်တဲ့တိုင် အနားလာကပ်ပြောတဲ့ သူ့အသံက နားကြားပြင်းကပ်စရာကောင်းလှသည်။
"ဒါနဲ့ မင်းရဲ့အောက်ကကောင်လေးကရော သေချာပြန်အလုပ်လုပ်နိုင်ပြီလား။"
ဒေါသကထောင်းခနဲ ထွက်သွားတာများ ဆံပင်မွှေးတွေပါ ထောင်ကုန်မလားမှတ်ရသည်။ မျက်ထောင့်နီကြီးနဲ့လှမ်းကြည့်လိုက်တော့မှ ဟူန်းဂျီဆူးရဲ့လက်တွေက ဂျောင်ဟန်ဆီကနေ ဖယ်ခွာသွားတော့သည်။
"နာကျင်သွားစေဖို့ မရည်ရွယ်ပါဘူး။"
ဂျောင်ဟန့်ပုခုံးပေါ်ကဖုန်မှုန့်တွေကိုပါ သူကလက်လေးနဲ့ အသာဖယ်သွားသေး။ တကယ်ပါ။ အဲ့ကောင်အချိုးနဲ့ ဂျောင်ဟန်သာ နဂါးဆိုရင် ဟုန်းဂျီဆူး ပြာကျနေပြီ။ အခုတော့ မျက်စောင်းထိုးရလွန်းလို့ မျက်ရိုးတွေညောင်းတာပဲ အဖတ်တင်သည်။
"လောလောဆယ် ကင်မင်ဂယူ။ အဲ့ကောင်ဘယ်မှာလဲ။"
ညပ်ထားတဲ့ချိုင်းထောက်ကို သေချာနေရာပြန်ချလိုက်ရင်း ဂျောင်ဟန်မေးလိုက်သည်။
"အိုး..ဟိုး..အဲ့ကောင်တွေဘာတွေဖြစ်ကုန်ပါလား။"
ဟုန်းဂျီဆူးက တအံ့တဩဟန်နဲ့ ပါးစပ်အဟောင်းသားလေး ဖြစ်ပြနေသေးသည်။ သက်သက်အပိုလုပ်တာ သိသားပဲ။ ဂျောင်ဟန်ရဲ့အောက်က ကောင်က မထောင်နိုင်ဘူးဆိုတာ သိရင် ကင်မင်ဂယူ ဂျောင်ဟန့်ကို ပစ်ပြေးသွားတဲ့ အကြောင်းကို မသိစရာ အကြောင်းကိုမရှိဘူး။
"အဲ့ကောင်ဘယ်မှာလဲလို့ ငါမေးနေတယ်လေ။"
"နွေဦးပြိုင်ပွဲအတွက် ဘတ်စကတ်ဘောပွဲလေ့ကျင့်နေပြီကြားတယ်။ ဘတ်စကတ်ဘောကွင်းထဲမှာ ရှိမှာပေါ့။"
အင်း..တွေ့ကြသေးတာပေါ့။
အရင်ဆုံး ယွန်းဂျောင်ဟန်လွယ်အိတ်ကို စလွယ်သိုင်းပြီးလွယ်ပစ်လိုက်သည်။ ဆံပင်ရှည်တွေကိုပါ နောက်မှာ စုစည်းလိုက်သေးသည်။ပြီးတော့ အနားကခုံမှာ ခဏထိုင်ပြီး ဖိနပ်ကြိုးကိုပါ သေချာကုန်းချည်လိုက်သေးသည်။ ဘေးကဟုန်းဂျီဆူးသည် ချိုင်းထောက်ကြီးကားယားကားယားနှင့် ဂျောင်ဟန်လုပ်နေသမျှကို မဲ့ကာရွဲ့ကာနှင့် ရပ်ကြည့်နေလေသည်။ အားလုံး ပြင်ဆင်ပြီးသည်နှင့် ဘတ်စကတ်ဘောကွင်းရှိရာသို့ဦးတည်လိုက်ပြီး ဂျောင်ဟန် မာန်ပါပါနှင့်ပြောလိုက်သည်။
"သွားမယ်!"
"ဘယ်ကိုလဲ။"
ဂျောင်ဟန်မှာ မယုံနိုင်တဲ့မျက်နှာနှင့် ဟုန်းဂျီဆူးကို ပြန်လှည့်ကြည့်မိလေသည်။
"ဘယ်ဖြစ်ရမလဲ။ မင်းသူငယ်ချင်းကိုပစ်သွားတဲ့ကောင်ကိုသွားပညာပေးရမယ်လေ။"
"အွန်."
ဟုန်းဂျီဆူးပုံစံက မလှုပ်တုပ် လှုပ်တုပ်နှင့်။ သူဘာတွေးနေလဲ ဂျောင်ဟန်သိသည်။ ခုအခြေအနေနဲ့ လမ်းတောင်မနည်းအသားကျအောင် လျှောက်နေရတဲ့အချိန်မှာ သွားကြုံးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုတာမျိူး။ ဒါပေမဲ့ ဂျောင်ဟန်ကတော့ မမှုပါ။
Devil Trio အဖွဲ့ခေါင်းဆောင်ဟာ ချိုင်းထောက်ကြီးနဲ့ဖြစ်နေတာတောင် Aura ကကျသွားစရာအကြောင်းကိုမရှိဘူး။ မနက်ကတင် တခြားကောင်တွေအကုန်ထွက်ပြေးသွားတာကိုကြည့်။