"နေကောင်းသွားပြီလား ရဂုံ"
"ကောင်းသွားပါပြီ ပန်းကန်တွေပြန်လာပေးမယ်နော်"
"ရပါတယ် အေးဆေးပေါ့"
သုံးရက်လောက်အိမ်တွင်းအောင်းနေသူပြန်ထွက်လာတော့ မျက်နှာကနဂိုကထက်ကိုပို၍ဖြူဖျော့နေသလို အနည်းငယ်လည်းချောင်ကျသွား၏။
သို့သော်လည်း ထိုသို့ကျိုးပဲ့လွယ်လွန်းသည့် ပုံစံကပင် ရဂုံ၏ဆွဲဆောင်မှုရှိသည့် နူးညံ့မှုလေလား ကျွန်မလည်းမပြောတတ်၊"ကျွန်မတို့ ဟိုဘက်သောင်ခုံမှာ ခရမ်းချဉ်သီးသွားကောက်ကြမလို့ ရဂုံလိုက်ခဲ့ချင်လား"
"လိုက်ခဲ့မယ်လေ"
"ဒါဆို ဒီခမောက်ဆောင်းလိုက် ဆောင်းတွင်းကရာသီဥတုအေးပေမဲ့ နေကကြတော့ပြင်းတယ် သဲသောင်ခုံကိုဖြတ်ရမှာဆိုတော့ ဖိနပ်ကိုပေါ့ပေါ့ပါးပါးဖြစ်တဲ့ဟာပဲစီးခဲ့နော် ရေဘူးရောယူခဲ့ဦး"
ဟိုဘက်ကမ်းဟုခေါ်ရသည်ကား သာမန်မြစ်ရေတိုးသည့်အချိန်တွင် ထိုနေရာက မြစ်လယ်ခေါင်နားကသောင်ထွန်းနေတတ်သည့်နှုန်းတင်ကျွန်းလေးတစ်ခုပင်။ ကျွန်မတို့ရွာကလူတွေတော်တော်များများက ထိုကျွန်းမြေမှာ မြေပဲစိုက်၊ ခရမ်းချဉ်စိုက်၊ ဖရဲစိုက်၊ မုံလာစိုက်နှင့် မြေကွက်တွေခွဲကာလုပ်ဆောင်ကြသည်။ သို့သော် ထိုနေရာတွေကအမြဲတည်နေသည်တော့မဟုတ် ရေစီးကြောင်းပြောင်းသည်နှင့်ကမ်းပါးပြိုသည်နှင့်ဆိုတော့ ကျွန်းကလည်းအရင်ကလောက်မကြီးတော့ပေ၊ သို့သော်လည်း စားဝတ်နေရေးကရှိတော့ စိုက်ပျိုး၍ရသ၍တော့ လူတွေကစိုက်ပျိုးနေကြဦးမည်ပင်၊
ယခုလည်း ကျွန်မ၏အစ်ကိုအငယ်ဖြစ်သူ၏စိုက်ပျိုးထားသော ခရမ်းချဉ်ခင်းကိုသွားကြတာဖြစ်၏။ ခရမ်းချဉ်က အစောပိုင်းစျေးကောင်းရတာကြောင့် တော်တော်များများခူးရောင်းထားပြီဖြစ်ပေမဲ့ နောက်ပိုင်းကျတော့စျေးသိပ်မရတော့တာကြောင့် သိပ်အားမစိုက်ကြတော့ပေ။ သို့သော်လည်း အိမ်စားဖို့နှင့် ရွာအနီးနားလိုချင်သူတွေလာဝယ်ကြတာကြောင့် အိမ်တွင် တစ်တောင်းနှစ်တောင်းတော့ ကောက်ထားတတ်ကြသည်။
YOU ARE READING
စောင့်ဆိုင်းခဲ့သည့်နောက်
RomanceOctober ရဲ့ Cosmos ပန်းတွေပျိုးထားတယ်.. မိုးတွေရပ်ပြီး ပန်းတွေပွင့်တဲ့အခါတွေ့ကြမယ်လို့ပြောတယ် စောင့်ဆိုင်းခဲ့သည့်နောက်မှာတော့...