|| အန္တရာယ်ကင်းစေဖို့ ကျွမ်းကျင်စွာ အံစာခေါက်စို့ [ အပိုင်း ၃ ] ||
ယေဘုယျအားဖြင့်တော့ လူတွေဟာ သူတို့ရဲ့ နောက်ကျောက ဘယ်ပုံစံရှိလည်း ဘယ်သိနိုင်ပါ့မလဲ ။ ဒါပေမဲ့ ရှဲ့လျန်ကတော့ ကွာခြားတယ် ။ သူအနေနဲ့က သူ့ရဲ့နောက်ကျောသွင်ပြင်ကို ပိုပြီးရင်းရင်းနှီးနှီးရှိခဲ့တယ် ။
ရှန်းလာ့ပြည်ကြီး ကျဆုံးခန်းတိုင်ခဲ့တဲ့ အချိန်တုန်းက လူတွေဟာ သူတို့ရဲ့ ရင်ထဲက အမျက်ဒေါသတွေကို ဖြေဖျောက်ဖို့အတွက် ရှဲ့လျန်ရဲ့ ရှစ်ထောင်သော အိမ်ရှေ့စံ နတ်ကွန်းတွေကို မီးရှို့ဖျက်ဆီးပစ်လိုက်ကြပြီး သူ့ရဲ့ နတ်ရုပ်တုတွေကို မတော်တရော်ပြုလုပ် ဖျက်ဆီးကာ ဓားပေါ်က ကျောက်မျက်ရတနာတွေကို လုယက်ဖြုတ်ယူ ၊ ဆင်မြန်းထားတဲ့ ရွှေတွေကို ပြောင်သလင်းခါအောင် ခွာယူသွားခဲ့ကြတယ် ။ အဲဒါလောက်နဲ့ မကျေနပ်နိုင်သေးဘဲ အမျက်ဒေါသတွေဟာ ဆက်လက်တောင်လောင်နေကြသေးတယ် ။ ဒီလိုနဲ့ သူတို့ဟာတဖြည်းဖြည်း စိတ်ကူးအကြံဉာဏ်သစ်တစ်ခု ရလာကြတယ် ။ အဲဒါကတော့ ဒူးထောက်နေတဲ့ ရုပ်တုတွေ ထုလုပ်ကြဖို့ပဲ ။
အဲဒီလိုနဲ့ အလွန်တရာ အမွန်အမြတ်ထား ကြည်ညိုလေးစားပြီး ယုံကြည်ကိုးကွယ်ခံရတဲ့ အိမ်ရှေ့စံဟာ ဒူးထောက်ပြီး ခွင့်လွတ်အသနားခံတောင်းပန်နေတဲ့ အသွင်မျိုး ပြောင်းလဲ ထုဆစ်ခြင်းခံရကာ မြို့ရဲ့ လူစည်ကားရာ အရပ်နေရာတွေမှာ ထားရှိခြင်းအားဖြင့် လမ်းသွားလမ်းလာ လူတိုင်းအတွက် စိတ်ကြိုက် အခမဲ့ ကန်လိုက ကန် ၊ တံထွေးထွေးလိုက ထွေးနဲ့ သူတို့ရဲ့ ကံဆိုးမှု အပေါင်းကို ပထုတ်ဖယ်ရှားဖို့အတွက် ပြုလုပ်ခြင်းကို ခံရတော့တယ် ။ ပိုဆိုးတာက တချို့ဆို သူ့ရုပ်တုကို မှောက်လျှက်သား ဝပ်စင်းနေတဲ့ အနေအထားမျိုးထိတောင် ထုလုပ်ကြပြီး ရုပ်တုကို ဖိနပ်ချွတ် ခွေးကတက်မှာထားကာ လူထောင်သောင်းမကကို တက်နင်းဖြတ်ကျော်သွားစေခဲ့တယ် ။ ရှန်းလာ့ပြည်ကြီး ပြိုလဲပြီး ပထမ ဆယ်နှစ် ၊ အနှစ် နှစ်ဆယ်လောက်မှာ အဲဒီရုပ်တုတွေဟာ မြို့ကြီး မြို့ငယ် အသွယ်သွယ်မှာ တွေ့နေမြင်နေကျ မြင်ကွင်းမျိုး ဖြစ်ခဲ့တာကြောင့် ရှဲ့လျန်အနေနဲ့ သူ့ရဲ့ နောက်ကျောကိုသူ မမှတ်မိနိုင်ပဲ နေပါမလား ?