•unicode
' အပြင်မှာထိုင်မလား ၊အထဲမှာပဲထိုင်မလားညီ '
' အပြင်မှာပဲ ထိုင်မယ် ၊ လေလည်းရတယ် '
' ပြီးရော အဲဒါဆိုလည်း '
ဆိုင်အပြင်ဘက်ခုံလေးတစ်ခုမှာ နှစ်ယောက်ဝင်ထိုင်လိုက်သည်။ ညနေစောင်းချိန်ဖြစ်၍ ဆိုင်ရှေ့ကားဂိတ်တွင် ကားစောင့်နေသူ သိပ်မရှိ။ ကားလမ်းကတော့ အရင်တိုင်း ကြပ်ဆဲပါ။လေအေးအေးလေးများကလည်း တိုးဝှေ့ကာ တိုက်ခက်နေသည်။ မီးရောင်စုံများဖြင့် အလှဆင်ထားသော ဤမြန်မာပလာဇာတွင်တော့ လူသူများပြားရှိနေဆဲ။ကော်ဖီဆိုင်အတွင်း၌လည်း အပြည့်နီးပါးရှိသည်။
' ဘာသောက်မလဲညီ၊ ကိုယ်သွားမှာလိုက်မယ် '
' ဘာသောက်ရမလဲ.....'
' မြန်မြန်လုပ်ပါကွ '
' Hot chocolate သောက်မယ် '
' သေချာပြီနော် '
' အင်း...၊ သေချာပြီ '
' ဒါဆို ကိုယ်သွားမှာလိုက်ဦးမယ် ၊ ထိုင်နေဒီမှာ '
ခေါင်းကိုတစ်ချက်ညိတ်ပြလိုက်သည်။
ဆိုင်ထဲကို သူကခပ်သွက်သွက် ဝင်သွားသည်။
ကောင်တာသို့သွားပြီး ကော်ဖီနှစ်ခွက်ကို မှာနေသည်။သူ ပိန်သွားသည်။
ဟိုမှာပင်ပန်းပုံရသည်။ မျက်နှာ အနည်းငယ်ချောင်ကျနေသည်။ စားပွဲပေါ်လက်တင်ကာ မေးထောက်ပြီး ဘေးဘီကို ငေးကြည့်နေမိ၏။ လူငယ်လေးတွေ အလာများကြသည်။ ကောင်လေး၊ကောင်မလေးများသည် ပုံစံမျိုးစုံနှင့် ခပ်ချောချောလှလှလေးတွေပါ။လိုင်းကားများကလည်း တစ်စင်းပြီးတစ်စင်း ဖြတ်သွားကျသည်။ခရီးသည်ကတော့ အပြည့်နှင့် ။ ညနေ ၆နာရီ ထိုးခါနီးပြီဖြစ်၍ ကောင်းကင်ကြီး၏အရောင်က အမှောင်ဘက်ကူးလာသည်။ ခပ်ဖျော့ဖျော့ လမ်းမီးဝါဝါလေးများကလည်း ထိန်ထိန်လင်းလာ၏။အင်းယားကန်မှ တဆင့်ခံ၍ တိုက်ခက်လာသော လေနုအေးများကလည်း အေးမြမြနှင့်ရှိသည်။
' Hot Chocolate ရပါပြီဗျာ '
ကျေးဇူးပါဟုပြောပြီး သူကမ်းပေးသော ခွက်ကိုလှမ်းယူလိုက်သည်။ ပြီးနောက် တစ်ငုံမော့သောက်လိုက်သည်။
ချိုချိုခါးခါးရသာမျိုးကို သူနှစ်သက်သဖြင့် ပြုံးမိသည်။