YAMC - 2

28.8K 1.9K 22
                                    

[Unicode]

လွန်ခဲ့သော ၂နှစ်ခန့်က...
 
မိုးကုန်ခါနီး ဆောင်းဦးမရောက်တရောက်မို့ ရာသီဥတုက စိမ့်ကာအေးချင်နေသယောင်ယောင်။ သို့သော်နေမင်းကြီးက နေရောင်ခြည်နုနုကို အိပ်ခန်းရဲ့မှန်ပြတင်းကိုဖြတ်ပြီး ယူဆောင်လာတာကြောင့် သိပ်တော့မအေးလှ။

အခန်းပြတင်းပေါက်များကို ဖွင့်လိုက်တော့ လေနုအေးက သူ့ကိုတိုးဝှေ့ပြီး အခန်းထဲသို့ အတင်းပင် ဝင်ရောက်လာလေသည်။ ထိုစဉ်မှာပဲ တံခါးခေါက်သံနှင့်အတူ မနက်တိုင်းကြားရတတ်သည့် ညီမဖြစ်သူ၏ အသံလေးကိုကြားလိုက်ရသည်။
    
"ကိုကိုရေ နိုးပြီလား"
    
"နိုးပြီညီမလေး ကိုကိုရေချိုးလိုက်ဦးမယ်နော်"
    
"ဟုတ်ကိုကို ထမင်းစားခန်းထဲကပဲ စောင့်နေမယ် မြန်မြန်ချိုးနော်"
    
"အေးပါညီမလေးရဲ့ မြန်မြန်ချိုးမှာပါ"
    
ဘုန်းမြတ်ပိုင်တစ်ယောက် ညီမဖြစ်သူကိုပြန်ဖြေရင်း တဘက်တစ်ထည်ယူကာ ရေချိုးခန်းထဲဝင်လာလိုက်သည်။ မိနစ်ပိုင်းသာခြားကာမွေးသော်လည်း သူတို့မောင်နှမနှစ်ဦးမှာ သူသာအကိုကြီးအဖအရာ။ မိခင်ဆိုတာ ဝမ်းကနေကျွတ်ကတည်းက မမြင်ဖူးလိုက်ရပေ။

ဖခင်ဖြစ်သူဦးမင်းမြတ်ပိုင်ကလည်း သားနှင့်သမီးကို အစ်မဖြစ်သူလက်ထဲအပ်ပြီး အမေရိကမှာသာ အခြေချနေသူ။ သားနှင့်သမီး၏ မွေးနေ့ကိုတောင်ပြန်လာဖော်မရချေ။ မြန်မာပြည်ကိုပြန်မလာချင်သည့် အကြောင်းတွေကလည်းရှိနေသည်ကိုး။

ဘုန်းမြတ်ပိုင်သည် ရာသီဥတု အနည်းငယ်အေးနေတာကြောင့် ရေကိုခပ်မြန်မြန်ချိုးလိုက်သည်။ ထို့နောက်breakfastစားရန် ထမင်းစားခန်းထဲသို့ဝင်လာရင်း ညီမဖြစ်သူကို စနောက်လေသည်။
    
"ဟား ကော်ဖီနံ့လေးကမွှေးနေတာပဲ"
    
"ကိုကို့အကြိုက်ကော်ဖီလေ"
   
"မွှေးနေတာပဲ ငါ့ညီမလက်ရာမဖြစ်နိုင်ဘူး ကြီးစုဖျော်တာပဲ ဖြစ်ရမယ်"
    
"ကိုကိုနော်..."
    
နှင်းမြတ်ပိုင်တစ်‌ယောက်အစ်ကိုဖြစ်သူစနေသည်ကို စိတ်ဆိုးဟန်ဆောင်ကာ အော်လိုက်တာကြောင့် မုန်ပန်းကန်ကိုင်ရင်း အနားရောက်လာသည့် ကြီးဒေါ်ဖြစ်သူဆီက ဆူခံထိလေတော့သည်။
    
"အမယ်လေးဟဲ့ ဖြည်းဖြည်းအော်ပါနှင်းမြတ်ပိုင်ရယ် နားကိုအူသွားတာပဲ"
    
"ဟီး...ကန်တော့်နော်ကြီးစု"
    
နှင်းမြတ်ပိုင်၏ စပ်ဖြဲဖြဲကလေးရယ်ကာ တောင်းပန်နေသည့်ပုံစံကြောင့် တူအရီးတစ်တွေ ပြိုင်တူရယ်မိကြသည်။
    
"စတာပါညီမလေးရယ်။ ကိုယ့်ညီမလေးဖျော်ထားမှန်း သိပါတယ်ဗျာ။ ကဲစားပြီးရင်ကျောင်းသွားမယ်။ သြော်ဒါနဲ့ကြီးစု မနက်ဖြန်ညနေ birthday partyအတွက် ခြံထဲမှာမီးတွေဆင်ဖို့ အလုပ်သမားတွေငှားထားတယ်။ နေ့ခင်းလာဆင်ရင် နည်းနည်းကြည့်ပေးထားပါဦးနော်"
    
"အေးပါငါသိပါတယ်။ ကျောင်းမြန်မြန်သွားပါ။ နောက်ကျနေတော့မယ်"
    
"ဟုတ်ကြီးစု ညီမလေးရော သူငယ်ချင်းတွေဖိတ်တာစုံပြီလား"
    
"ဟုတ်ကိုကို စုံပြီ။ အခုလည်းသူတို့လာခေါ်မှာမို့လို့ ကိုကို့ဘာသာ ကျောင်းသွားလိုက်နော်။ ဒါနဲ့buffet ကျွေးမှာနော်ကိုကို..."
    
"ခင်ဗျားလေးသဘော buffetပါဗျာ။ hotelကို ဖုန်းဆက်ပြီး မှာထားပါပြီ"
    
"ဒါနဲ့တစ်ခုလိုသေးတယ်ကိုကို"
    
"အင်း ပြောလေညီမလေး"
    
"ပြောရဦးမှာလား"
    
"ပြောလေညီမလေးရဲ့"
    
"present ဘာပေးမှာလဲ"
    
"ဟင်ပေးရဦးမှာလား။ မွေးနေ့တစ်ရက်ထဲကို"
    
"ဘာလဲ ကိုကိုကမပေးချင်ဘူးလား။ ဒီညီမလေးတစ်ယောက် ရှိတာကို"
    
ဘုန်းမြတ်ပိုင်တစ်ယောက် မွေးနေ့လက်ဆောင်မရ၍ နှုတ်ခမ်းစူကာ စိတ်ကောက်သွားသည့် ညီမဖြစ်သူကြောင့် ရယ်မိလိုက်ပြီး စူနေသောနှုတ်ခမ်း‌လေးကို ‌ဖွဖွလေးဆွဲညှစ်လိုက်သည်။
    
"စတာပါညီမလေးရယ် နှုတ်ခမ်းကြီးမဆူနဲ့လေ ပေးမှာပေါ့"
    
"ကိုကိုရော ဘာလိုချင်လဲ"
    
"ဝယ်ပေးမလို့လား ဘာပေးမှာလဲ"
    
"ဘာလိုချင်လဲလို့"
    
"ဝယ်ပေးတာယူမယ်"
    
"လိုချင်တာပြောလေ"
    
"ဝယ်ပေးတာယူပါမယ်ဆို"
    
"ဟုတ်ပါပြီရှင့်"
   
တူအရီးသုံးယောက် ရယ်ကာမောကာ breakfast စားကြပြီးနောက် ဘုန်းမြတ်ပိုင်သည် ညီမနှင့်ကြီးဒေါ်ဖြစ်သူကို နှုတ်ဆက်ကာ ကျောင်းသို့ ထွက်လာခဲ့သည်။

You Are My Cancer [Completed]Where stories live. Discover now