》》》》》》2018, June
ကျွန်တော် သူမကိုစိတ်ပူစွာကြည့်နေမိသည်။
နှင်းက အခုထိအငိုမရပ်သေး...
တချက်တချက် ရှိုက်သည်။'နှင်း...'
ကျွန်တော်သူမကို ညင်သာစွာခေါ်မိတော့ သူမက ကျွန်တော့်အင်္ကျီကို တိုး၍ ဆုပ်ကိုင်လာလေတယ်...
'ကြောက်နေခဲ့တာလား..'
သူမ ပြန်မဖြေ..
သူမခေါင်းလေးကတော့ ကျွန်တော့်ရင်ခွင်ထဲကို ပိုမိုတိုးဝင်လာသည်။ကျွန်တော်သူမရဲ့ ခေါင်းလေးကို အသာပုတ်ပေးမိသော်လည်း ပုတ်ပေးနေကျလိုမဟုတ်ဘဲ မတူညီတဲ့အထိအတွေ့ကြောင့် မင်သက်သွားမိရင်း.. မယုံနိုင်စွာ..
ဘာလို့လဲ..
ဘာလို့တမျိုးကြီးဖြစ်နေရတာလဲ...
ရနေကြ ရနံ့သင်းသင်းလေးနဲ့လည်း ခုမှမရတော့သလို..
ကျွန်တော်နဲ့ စိမ်းသက်နေတဲ့ ရနံတစ်ခုကြောင့် မင်သက်နေမိရင်း..
နှလုံးသားတစ်နေရာတွင်လည်း ကျွန်တော်သဘောကျမိတဲ့ ရနံသင်းသင်းလေးအား တောင့်တနေမိသည်ကိုတော့ ကျွန်တော်ဝန်ခံရမည်။ကျွန်တော်က နှင်းကလွဲ၍ ဘယ်သူ့ရဲ့ရနံကိုများ သဘောကျနေမိတာလဲလေ..
ဆံပင်သားတွေကလည်း တမျိုးဖြစ်နေသလိုပဲ...
ဘာလို့လဲ..
မျက်လုံးများကို အသာအယာမှိတ်ချလိုက်မိတော့ မျက်လုံးထဲချက်ချင်း မြင်ယောင်လာတာက ပွယောင်းယောင်းနဲ့ အနက်ရောင်ဆံပင်လေးတွေ..
ကျွန်တော်မျက်လုံးများကို ပြန်ဖွင့်ကြည့်မိသည်။
မျက်လုံးရှေ့တည့်တည့်မြင်လာသည်က နှင်းရဲ့ ရွှေဝါရောင်ဆံနွယ်ခွေတွေ....
နှင်းက ရွှေဝါရောင်ဆံနွယ်တွေရှိတာလား..
နူးညံ့တဲ့ အနက်ရောင် ဆံပင်ပွပွလေးတွေကရော..ကျွန်တော်ဆံပင်လေးတွေကို လက်ချောင်းတို့နှင့် အသာထိုးဖွကြည့်မိသည်။
ခံစားမှုချင်းမတူ...
ဒါဆိုရင် ကျွန်တော်ပုတ်ပေးနေကျ အနက်ရောင်ဆံပင်ပွပွလေးတွေက ဘယ်သူပိုင်ဆိုင်တာတဲ့လဲ...
'..ဟင့်...ဟင့်...'
နှင်း၏ ရှိုက်သံလေးကြောင့် ကျွန်တော်သတိပြန်ဝင်လာမိရင်း ရင်ခွင်ထဲကို ငုံ့ကြည့်မိလေတော့ နှင်းက ဒဏ်ရာရနေသော သူ့လက်လေးကို ကိုင်ကာ ရှိုက်ငိုနေသည်လေ။
မျက်ရည်စတွေကြောင့် သူမ၏ အောက်မျက်ခမ်းစပ်တို့ နီမြန်းလျက်..
ငိုထားသည့်အခါတိုင်း မျက်ခမ်းစပ်မှ ပါးလေးတွေအထိနီရဲနေတတ်သော တစ်စုံတစ်ယောက်ကို သတိရမိသွားပြန်သည်။
ဒါပေမဲ့..
.
.
ဘာလို့လဲ..
ကျွန်တော် ဘယ်သူ့ကိုသတိရနေမိပြန်တာလဲ..နှင်းက ဒီမှာရှိနေတာပဲ..
အတွေးစတို့ကို ဖြတ်တောက်လိုက်ရင်း နှင်းရဲ့လက်လေးတွေကို ဆွဲယူကြည့်မိသည်။
သူမရဲ့လက်ဖမိုးပေါ်မှာ ဓားနှင့်မွှန်းထားတဲ့ ဒဏ်ရာတွေအပြည့်...ရှရာလေးတွေထဲမှ သွေးတွေက စိမ့်ကျနေသေးရဲ..
ကျွန်တော် သက်ပြင်းဖျော့ဖျော့တစ်ခုအား တိုးတိုးလေးချလိုက်မိသည်။
'နှင်းရယ်...မငိုနဲ့တော့နော်...
ကိုယ်ရှိတယ်လေနော် နှင်း..."ကျွန်တော်သူမ၏ကိုယ်လေးကို ဖက်ကာ အားပေးမိသည်။
ရှင်း...
ရှင်းက ဘာလို့နှင်းကို အဲ့လိုလုပ်ရတာလဲ...
နှင်းက ဘာဆိုဘာမှမသိတဲ့ ကောင်မလေးပါ...နည်းနည်းဆိုတော်သေးသည်။
အခုလောက်ထိ ဓားနှင့်မွှန်းရအောင်ထိတော့ မလုပ်သင့်ဘူးမို့လား...ဓားရှရာတွေက အဲ့လောက်ထိမနက်ပေမဲ့ နာကျင်ခဲ့တာက မပြောင်းလဲတဲ့ အမှန်တရားတစ်ခုဆိုတော့လေ..
ရှင်းလွန်သည်။
အခုလို ဘာမှမသိတဲ့ နှင်းကို နာကျင်အောင်လုပ်ရလောက်အောင်ထိ အသိစိတ်မဲ့သွားခဲ့သည်လား...ကျွန်တော်တန်ဖိုးထားရသောနှင်းလေး....
ကျွန်တော် နှင်းကို မနာကျင်စေချင်ပါ...သို့သော် ကျွန်တော့်စိတ်တွေကို သူမ ဆီကိုစုစည်း၍မရ..
ဘာလို့များလဲ...
ကျွန်တော်ဆိုတဲ့သူက နှင်းမျက်နှာတစ်ချက်ပျက်သွားရင်တောင် မနေနိုင်မထိုင်နိုင် စိတ်ပူတတ်ခဲ့တာ..