အဝေးကြီးကို မျက်နှာမူထားတယ်။ အဝေးကြီးမှာမှ
ခင်ဗျားရှိနေတာပဲ။ ဘဝက ရွေးချယ်ခွင့်
သိပ်မပေးဘူး။ သတိရခြင်းတစ်ခုကိုတော့
စိတ်လိုလက်ရလက်ခံထားဖြစ်တယ်။
သတိရတယ်။ သတိရတိုင်း ငေးကြည့်ဖြစ်တဲ့ကြယ်ဟာ ခင်ဗျားပဲ။ ဘယ်အရပ်ကိုမှ ကြွေမကျစေချင်ဘူး။ကျနော့်ကိုယ်ကျနော် ကံကောင်းတယ်လို့ ပထမဆုံး သတ်မှတ်ဖူးတာ ခင်ဗျားကို တိုင်တည်ပြီး စကားတွေ ပြောခွင့်ရတာကိုပဲ။ ကျနော် ပြောပြချင်တယ်။ ကျနော် ပိတ်သိမ်းထားတဲ့ ငယ်ဘဝသေတ္တာလေး အကြောင်း။ ရေစိုနေတဲ့ ဆံပင်တွေအကြောင်း။ ကျနော့် တစ်နေ့တာ ဖြတ်သန်းမှုအကြောင်း။ ကျနော် တစ်ယောက်တည်း လျှောက်ဖြစ်တဲ့ လမ်းတွေ အကြောင်း။ ကျနော်တို့ဆီကို ဦးတည်နေတဲ့ လူတစ်ချို့ရဲ့ အပေါစားစကားလုံးတွေ အကြောင်း။မေတ္တာတရားရဲ့အရောင်ကို သူတို့မသိဘူး။ သူတို့သိအောင်လည်း ကျနော်မပြောပြချင်ဘူး။ ကျနော် ပြောပြချင်တာ ခင်ဗျားကို ချစ်တဲ့အကြောင်း။ ခင်ဗျား
ကို ချစ်တဲ့အကြောင်း။ ပြီးတော့ ခင်ဗျားကို ချစ်တဲ့ အကြောင်း။ပျော်စရာတွေ့ရင် ခင်ဗျား နာမည်လေးကို သတိတရ ရွတ်ဖြစ်တယ်။ ခင်ဗျားလေးလည်း ပျော်ပါစေ။ နေ့စွဲတိုင်းမှာ အပြုံးတွေ ဝေနေပါစေ။ ကျနော့်ရဲ့ကံဆိုးမှုတွေကို မျက်ကွယ်ပြု နေနိုင်ပါစေ။
တခါတလေ ဘယ်သူမှမရှိတဲ့ နေရာမျိုးကို သွား
ဖြစ်တယ်။ တောင်ထိပ်တစ်ခုမှာဖြစ်ဖြစ်ပေါ့။
ပြီးရင်တော့ ခင်ဗျားဆီကို စာတိုလေးတစ်စောင် ပို့ချင်တယ်။ ကျနော် အဆင်ပြေပါတယ်တို့။ ခင်ဗျား ဘာတွေလုပ်နေလဲတို့။ ခင်ဗျားကိုယ်ခင်ဗျား ဂရုစိုက်ပါတို့။အေးချမ်းစေချင်တယ်။ ခင်ဗျားစိတ်တွေရော အရိပ်တွေရော အေးချမ်းစေချင်တယ်။ မနက်ဖြန်တွေဟာ ခင်ဗျားအတွက် လှနေစေချင်တယ်။ ခင်ဗျားဆီက ရှိုက်သံတွေဟာ ကျနော့်အတွက် ငရဲပဲ။ ကျေးဇူးပြုပြီး ရယ်ပါ။ ကျနော်ကြားအောင် ရယ်ပါ။ တလောကလုံးကြားအောင် ရယ်ပါ။ ဒါ ကျနော် အတောင့်တဆုံး ဆုတစ်ခုပဲ။
ကြည်နူးစရာဆိုတာ ခင်ဗျားဓာတ်ပုံလေးကို
ခပ်ဖွဖွနမ်းဖြစ်တဲ့အခါမျိုး။ ခင်ဗျားဆီက ရယ်သံအက်အက်လေးကို ကြားရတဲ့အခါမျိုး။ ခင်ဗျားအကြောင်း ကဗျာတစ်ပုဒ် ရေးဖြစ်တဲ့အခါမျိုး။ကျနော်လွမ်းတယ်။ နက်နက်နဲနဲထက် ပိုလွမ်းတယ်။ သီချင်းတွေ နားထောင်ရင်းလည်း လွမ်းတယ်။ စာအုပ်တွေ ဖတ်နေရင်းလည်း လွမ်းတယ်။ အိပ်ပျော်ဖို့ ကြိုးစားရင်းလည်း လွမ်းတယ်။ အဲ့ဒီလို လွမ်းနေရတာကိုလည်း ကျနော်ပျော်တယ်။
တကယ်တမ်းကျ ချစ်ခြင်းမေတ္တာဆိုတာ ကျနော့်အတွက် သိပ်ခက်ခဲပါတယ်။ သူ့အနားရောက်ဖို့
ကြိုးစားရတာ တော်တော့်ကိုပင်ပန်းတယ်။
စိတ်ကူးထဲမှာပဲ ခင်ဗျားလက်တွေကို အကြိမ်ကြိမ်ဆုပ်ကိုင်ထားဖြစ်တယ်။ ပြီးတော့ အကြိမ်ကြိမ်ပဲ ပြန်လွှတ်ချခဲ့တယ်။ခင်ဗျားမသိဘူး။ သိအောင်လည်း မပြောပြချင်ဘူး။
ကျနော်ဝမ်းနည်းရတဲ့အကြောင်း။
ကျနော်နာကျင်ရတဲ့အကြောင်း။ရင်ဘတ်နဲ့ရေးတဲ့ ကဗျာတွေမှာ မျက်ရည်စတွေပါရင် ခင်ဗျားကိုကျော်သွားမယ်။ ငိုစရာဆိုရင်
အရုပ်အားဖြင့်ဖြစ်စေ အသံအားဖြင့်ဖြစ်စေ
ခင်ဗျားနားမှာ မကျရောက်စေချင်ဘူး။ တတ်နိုင်သမျှ ကျနော် ပြုံးထားမယ်။ စက္ကူ နဲ့ ကြယ်လေးတွေ ခေါက်မယ်။ ခင်ဗျားအစား သူတို့ကို ကျနော့်ဘေးမှာ ထားမယ်။ ခင်ဗျားကတော့ ကျနော်မြင်နေရတဲ့ ကောင်းကင်မှာပဲ နေပါ။
မနက်ဖြန်ကျ ဒီနေ့ထက် ပိုလင်းပါ။ ကျနော်ချစ်တယ်ဆိုတာ.........
အမှောင်တွေ မြန်မြန် ကုန်ဆုံးပါစေ။
YOU ARE READING
ကျမရဲ့စိတ်ဝပ်ကျင်းများ
Non-Fictionအရမ်းသဘောကျရတဲ့ အစ်မ ပိုပိုဖီးနစ်ရဲ့ ကျမရဲ့စိတ်ဝပ်ကျင်းများ စာအုပ်ထဲက သဘောကျတာလေးတွေကို ရွေးပြီး တင်တာပါ။ အစ်မ ပိုပိုဖီးနစ်ကိုလဲ creditပေးပါတယ်။ အကယ်၍ အမက သဘောမကျခဲ့ရင် ချက်ချင်းပြန်ဖျက်ပါမယ်။