Part - 1

5.7K 189 14
                                    


💙 FOREVERMORE 💙

ဒီဇင်ဘာ၏ နံနက်ခင်းသည်အေးမြမှုကို မပေးစွမ်း.. လှပမှုလည်းမဆောင်ကျဉ်း ချွေးဒီးဒီးကျကာ ပူလောင်မှု အဟုန်ကို ယူငင်လာသည်။ စိမ်းသက်သော ဝန်းကျင်နှင့် မကျွမ်းဝင်သော လူတို့ကြား ကူညီနိုင်မည့် တစုံတယောက်အား တောင်းတမိသည်။

လိုအပ်သည့် စာတမ်းများစုံလင်စွာထည့်ထားသော ဖိုင်တွဲလေးအား သေချာ ဆုပ်ကိုင်ရင်း တဖက်တွင်လွတ်နေသော လက်အားတင်းတင်းဆုပ်ကိုင်းရင်း " သတ္တိ "ဆိုသည့် စိတ္တဇ နာမ်ကို မွေးမြူရတော့သည်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်မည် ၊ ကိုယ့် ဒူးကိုယ်ချွန်မည်ဆိုမှတော့ ကိစ္စကြီးငယ် ရွေးနေရန်အချိန်မရှိ ။

"ပဲခူးတက္ကသိုလ် " ဆိုသည့် ဆိုင်းဘုတ်ပြာပြာအား သူရပ်ကြည့်နေသည်မှာ အတော်ကြာပြီ ။ အဝင်ပေါက်တည့်တည့်တွင် ကျောက်ရုပ်သဖွယ်ပိတ်ရပ်နေသောသူ့အား တချို့က ဝင်တိုက်သွားကြသည်။ တချို့က မျက်စောင်းကြမ်းကြမ်းများထိုးကြသည်။ သူ့သောကနှင့်သူမို့ ဂရုတော့မပြုမိ။

ဘယ်အရပ်ဘယ်နေရာဖြစ်ဖြစ် ပါးစပ်ပါ ရွာရောက်သည်မို့ ဤ ပါးစပ် တပေါက်ကို ခိုင်းနိုင်ဖို့သာ အဓိက.. ။
ဖြောင့်ဖြူးသော လမ်းနှင့် တူညီသော အဆောက်အဦးများမှာ ကျောင်းအပ်ရန် ပင်မဆောင်ကို ရှာဖွေရန် မလွယ်ကူပေ ။
Main လမ်းတလျှောက် လှမ်းလာပြီးနောက် အလံတလူလူလွင့်နေသော အဆောင်ကြီးဘက်လှည့်ကူးရန်ပြင်လိုက်သည်။ အကြောင်းမှာ ပင်မဆောင်တို့မည်သည် အလံတိုင်နှင့် ကျောက်စာတိုင်တွဲ၍ ရှိနေတက်သောကြောင့် အလံ တလူလူ ရှိရာ ကိုသာ စိတ်အားထက်သန်စွာ လျှောက်နေမိရာ ...

" ကျွီး " " ဘုတ် " " အား" အာမေဋိတ်သံတို့ ဆင့်ကာ ဆင့်ကာ ထွက်လာတော့သည်။

" ဟာ ဟေ့ကောင် မင်းကွာ ဒီလောက် ဂိတ်အမှီပိတ်နေတဲ့ကြားက ရအောင်မောင်းပြေးတယ်... " ကျောင်းဝ ဂိတ် တံခါးစောင့်ဦးလေးကြီးမှ ဆိုင်ကယ်ပေါ်ရှိကောင်လေးကို ခပ်ငေါက်ငေါက်ပြောလိုက်ရင်း

" ဟို ကလေးရရဲ့လား .. မထနိုင်ဘူးထင်ပ.. လာအဘကို တွဲ... " ဟုဆိုကာ ဘေးနားတွင်လဲသွားသော ကောင်လေးကို တွဲထူပေးသည်။

ForevermoreWhere stories live. Discover now