(Z+U) အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(၃)
1.6K 89 1
(Zawgyi font အောက်မှာ Unicode font နဲ့ ထပ်ထည့်ပေးထားပါတယ်။ အောက်ကို ဆွဲချပေးပါ။
အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(၃)
မိုးစက်သည် ခွန်လုတ်ပြောသည်ကို တိတ်ဆိတ်စွာနားထောင်နေခဲ့သည်။ ဘာမှ ထင်မြင်ချက်မပေးပါ။ အရင်က အင်မတန်ကိုတော်သည့် စက်ရုံမန်နေဂျာ ၅ ယောက်ထဲတွင်ပါခဲ့သော်လည်း ယခု အရက်၏ကျေးကျွန်ဖြစ်ကာ ထင်သလို လုပ်နေသည့် ၀န်ထမ်းကို အရေးယူသင့်သော်လည်း သွေးသားဆိုသည့်အသိဖြင့် အမှားလုပ်သည်ကို ဖုံးကွယ်ထားသည့် ကုန်ထုတ်လုပ်မှု ဒါရိုက်တာကို မိုးစက် မည်သို့မှ ထင်မြင်ချက်မပေးပဲ သူ့စကားကိုသာ နားထောင်နေလိုက်သည်။
ခွန်လုတ်သည် ခွန်မိုးစက် သွေးအေးစွာ နားထောင်လေလေ စိတ်ပူလေလေဖြစ်လာခဲ့သည်။ သေချာသည်။ တခုခု ဖြစ်တော့မည်။ မိမိကလည်း မိမိပဲ။ ဒါရိုက်တာ တစ်ယောက်အနေဖြင့် အရေးယူရမည်ကို ထိရောက်စွာ အရေးမယူ သဖြင့် စက်ရုံဝန်ထမ်းများ ဆူဆူပူပူလုပ်လာခဲ့သည်။ ခွန်စနေ နိုင်ငံခြားမှ ပြန်မလာခင် မိမိ တတ်နိုင်သလောက် ထိန်းမည် ကြံသော်လည်း ယနေ့ပင် ချက်ချင်းခွန်မိုးစက် သတင်းရကာ ၀င်စစ်သွားသဖြင့် အဖြစ်မှန်ပေါ်သွားလေပြီ။
"ခွန်မိုးစက် ကျွန်တော့် အမှားပါ။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် အားလုံးကို ဖြေရှင်းပေးပါ့မယ်။"
မိုးစက်သည် ခွန်လုတ်ကို ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ။ ခွန်လုတ် ဘယ်လို ဖြေရှင်းပေးမယ်ဆိုတာ ကျွန်တော့်ကို အသေးစိတ်ရှင်းပြပါ။ ဖြစ်လာတဲ့ ၀န်ထမ်းတွေရဲ့ ပြဿနာကို အမှန်အတိုင်းဖြစ်အောင်ဖြေရှင်းပေးမှာကို နားထောင်ပြီး ဘာဆက်လုပ်မယ်ဆိုတာကို ကျွန်တော်စဉ်းစားပါ့မယ်။"
ခွန်လုတ်ကိုစိုက်ကြည့်ကာ မိုးစက် အေးစက်စွာပြောလိုက်သည်။ ဟုတ်သည်။ နစ်နာစွာအလုပ်လုပ်နေသော ၀န်ထမ်းများ အတွက် လူဟောင်းဒါရိုက်တာကြီး ဘယ်လို ပြေလည်အောင်လုပ်ပေးသည်ကို မိုးစက် နားထောင် ချင်သည်။ ခွန်လုတ်သည် အောက်ခြေမှ တက်လာသော လူဟောင်းကြီးဖြစ်လို့ မိသားစုကို ငဲ့ညှာလွန်း ပေမယ့် အောက်ခြေ၀န်ထမ်းများ၏ ပင်ပန်းခက်ခဲမှုကို သူ အသိဆုံးဖြစ်သည်။ သူ မျှတစွာ ဖြေရှင်းနိုင်မည်ဟု မိုးစက် ယုံကြည်သည်။
ခွန်လုတ်သည် ခွန်စနေကဲ့သို့ သွေးအေး ငြိမ်သက်စွာဖြင့် မိမိပြောမည့်စကားကို စောင့်နေသည့် ခွန်မိုးစက်၏ သွေးအေးမှုကို ကြည့်ကာ ရင်ထဲ လေးဆင်းသွားတော့သည်။ သူသည်လည်း ခွန်စနေလို ထောင့်စေ့ကာ အလုပ်နှင့် ပတ်သတ်လျှင် ပြတ်သားမည့်သူဖြစ်သည်ကို အလိုလိုနားလည်သွားသည်။ ခွန်လုတ်သည် ထိုင်ခုံတွင် ၀င်ထိုင်ကာ မိမိ လုပ်ပေးမည့် အစီအစဉ်ကို အသေးစိတ်ရှင်းပြလိုက်တော့သည်။
မိုးစက်သည် စက်ရုံမှ ထွက်လာတော့ ညနေ ခြောက်နာရီထိုးခါနီးလေပြီ။ ထို့ကြောင့် အကိုတည်းသည့်ဟိုတယ်သို့ တန်းလာခဲ့သည်။ အ၀တ်လည်း မလဲအားတော့ပေ။ လမ်းတွင် ကားလမ်းကြပ်နေဖြင့် ၇ နာရီထိုးမှ ဟိုတယ်သို့ေ၇ာက် ခဲ့သည်။ မိုးစက် ပျာပျာသလဲဖြင့် ဟိုတယ်ထဲကို ၀င်ခဲ့တော့ လော်ဘီတွင် သူက မိမိကို လှမ်းခေါ်သည်။
"ချာတိတ်..."
ရှင်းသန့်ကာ စိတ်ဆိုးခြင်းမရှိ အေးဆေးစွာပြုံးကာ ထိုင်ရာမှ ထလာသော သူ့ကိုတွေ့တော့ မိုးစက် အားနာသွားသည်။
"အကို နှင်းထန်။ စောင့်နေတာ ကြာပြီလား။ ဆောရီး။ အလုပ်ကနေတန်းလာခဲ့တာ။"
နှင်းထန်သည် မိုးစက်စကား မဆုံးခင် ရင်ခွင်ထဲ ဆွဲဖက်ကာ ပြောလိုက်သည်။
"ဘာမှ မဖြစ်ဘူး။ ချာတိတ်လာမယ် ဆိုတာ ကိုယ်သိတယ်။ ကိုယ်ဘယ်လောက်ကြာကြာ စောင့်လို့ရတယ်။ ချာတိတ် မောနေပြီလား။ "
မိုးစက်သည် အကိုနှင်းထန်၏ မထင်မှတ်သော အပြုအမှုကြောင့် ရင်ထဲ နွေးသွားသည်။ သူ မိမိကို စိတ်ရှည်စွာ စောင့်ပေးနေသည် ဆိုသည့် အသိက ရင်ကို ကျေနပ်သွားစေသည် မဟုတ်လား။ မိုးစက် သူ့ကို ပြန်ဖက်ထားကာ ပြောလိုက်သည်။
"မမောပါဘူး။ အကို စောင့်နေရမှာပဲ စိုးနေတာ။ လာ... အကို... သွားကြစို့.... ဆိုင်ကောင်းကောင်းမှာ မှာထားတယ်။ အကို လျှာရင်းမြက်သွားစေရမယ်။"
မိုးစက် သူ့ရင်ခွင်မှ ရုန်းထွက်ကာ သူ့ကိုပြောရင်း ရှေ့မှ ဦးဆောင်ထွက်လာခဲ့သည်။ နှင်းထန်သည် မိုးစက်၏ လက်ကို လှမ်းဆွဲကာ လက်တွဲကာ ထွက်ခဲ့သည်။ မိုးစက်က သူ့ကို တချက်ကြည့်ကာ လက်ကို အသာရုန်းရင်း ပြောလိုက်သည်။
"အကို.... သွားရအောင်..."
နှင်းထန်သည် လက်တွဲဖြုတ်သွားသော မိုးစက်ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ မိုးစက် ကို အတင်းအကျပ် ဘာမှ မလုပ်ချင်သဖြင့် ငြိမ်နေလိုက်သည်။ ကားထဲရောက်သော် မိုးစက်က သူ့ကို ရှင်းပြသည်။
"အကို ခဏက လက်တွဲဖြုတ်လိုက်တာ ဆောရီးနော်။ ဒါ ကျွန်တော် အုပ်ချုပ်နေတဲ့  ဟိုတယ်ဖြစ်လို့ အနေအထိုင် ဆင်ခြင်ရတာပါ။"
နှင်းထန်သည် မိုးစက်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ကိုယ်နဲ့ မင်းက လင်မယားဆိုတာ လူတွေ သိမှာစိုးလို့လား။"
မိုးစက်က သူ့ကို အေးဆေးစွာပြန်ကြည့်ကာ ဖြေသည်။
"လူသိမှာ စိုးလို့ မဟုတ်ပါဘူး။ သိဖို့လည်း မလိုလို့ပါ။ ကျွန်တော်က အခု အကိုကြီးရဲ့ကိုယ်စားး လုပ်ငန်းအုပ်ချူပ် နေတဲ့သူလေ။ ကျွန်တော် လုပ်သမျှက အကိုကြီးနဲ့ လုပ်ငန်းရဲ့ ပုံရိပ်ကို ထင်ဟပ်လို့ မလိုလားအပ်တဲ့ သတင်းတွေ ပွသွားမှာစိုးလို့ပါ အကို။ တောင်းပန်ပါတယ်။ အခု ကျွန်တော်က အကို့ ချစ်သူ မိုးစက် မဟုတ်ဘူး။ အကိုကြီးရဲ့ ညီ ခွန်မိုးစက်အဖြစ်ပဲ လူသိကြလို့ပါ။ "
နှင်းထန်၏ နားထဲ မှန်လွန်းသည့်စကားက ခါးသီးစွာဝင်သွားခဲ့သည်။ နားခါးသည်ထက် ရင်ထဲ နာကျင်ရသည်။ ဘာတဲ့။ စနေနှင့် လုပ်ငန်းရဲ့ ပုံရိပ်ကို ထိခိုက်မှာစိုးသည် တဲ့လား မိုးစက်ရယ်။
မိုးစက် က အကိုနှင်းထန် ဘယ်လိုခံစားလိုက်ရသည်ကို နားလည်ကာ အကိုနှင်းထန်၏ ရင်ခွင်ထဲ တိုးဝင်ကာ ပြောလိုက်သည်။
"အကိုကြီး ပြန်လာတဲ့ အထိ ခဏသည်းခံပေးပါ အကို။ ကျွန်တော် အကို့နောက်ကို လိုက်လာခဲ့ရင် အကို့ချစ်သူ မိုးစက် အဖြစ်နဲ့ လိုက်လာခဲ့မှာပါ။ အကို့ကို ကျွန်တော် ချစ်လို့ အားလုံးကို စွန့်လွှတ်ခဲ့မှာပါ အကို။ ကျွန်တော့်ကို ရက်ပိုင်းလေး သည်းခံပေးပါနော်။"
နှင်းထန်သည် တောင်းပန်စကားဆိုနေသော မိုးစက် ကို ငုံ့ကာ အကြင်နာပေးလိုက်မိသည်။ မိုးစက်၏ တုန့်ပြန်မှုကြောင့် နှင်းထန်၏ နာကျင်နေသော ခံစားချက်တို့ပြေလျော့သွားတော့သည်။ မည်မျှကြာအောင်နမ်း မိသည် မသိတော့ပေ။ အရှေ့ခန်းမှ ဒရိုင်ဘာက လှမ်းပြောသည့် အသံထွက်လာမှ မိုးစက်က သူ့ရင်ခွင်မှ ရုန်းဖယ်ကာ ပြောလိုက်သည်။
"ရောက်ပြီ အကို။ ဆင်းကြစို့..."
နှင်းထန်သည် မိုးစက်ကို မချင့်မရဲကြည့်ကာ ပြောလိုက်သည်။
"ဒီလိုမှန်းသိရင် ကိုယ် ညစာကို အခန်းထဲမှာပဲ မှာစားတယ်။ မင်းနဲ့ အတူနေချင်ပြီ မိုးစက်။"
မိုးစက် ရှက်ရယ်ရယ်ကာ သူ့ကို ကြည့်ကာ ပြောလိုက်သည်။
"အင်း အကို့အကျင့်က အရင်အတိုင်းပဲ။ ကြောက်စရာပဲဗျ။ "
နှင်းထန်သည် မိုးစက် ကို အတင်းဖက်ကာ နမ်းချင်စိတ်ကို မနည်းထိန်းလိုက်ပြီး သူ့နောက်မှ လိုက်ကာ ကားပေါ်မှ ဆင်းခဲ့ရသည်။ မိုးစက် ၏ အသားကို ထိမိတိုင်း မိမိ သွေးသားများ ပူနွေးကာ မရပ်တန့်ချင်တော့ပေ။ ညလည်း ဘယ်လို ဖြတ်သန်းရမည် မသိတော့ပေ။
"ဒီဆိုင်က စားဖိုမှုးက လက်ရာအရမ်းကောင်းတယ် အကို၊ ပြီးတော့ ညရှုခင်းလည်းကောင်းတယ်။ "
မိုးစက်က သူ့ကိုလှမ်းပြောလိုက်သည်။ မိုးစက်၏ ပုံစံလေးကို သက်တောင့်သက်သာရှိလွန်းလှသည်။ ပေါ့ပါးနေသည်။ အလုပ်မှ တန်းလာသူလို့ပင် မထင်ရပေ။ အလုပ်၏ ဖိအားကို အားလုံးထားပစ်ခဲ့နိုင်သည်။ နှင်းထန်သည် လန်းဆန်း နေသော ချစ်သူလေးကို ကြည့်ရင်း လက်လေးကိုလှမ်းတွဲလိုက်မိသည်။ သို့သော် မိုးစက်က သူ့ကို တချက်လှမ်း ကြည့်ကာ လက်ကို အသာဖြုတ်လိုက်သည်။
နှင်းထန်ကို တောင်းပန်ဟန်တချက်ကြည့်ကာ တီးတိုးပြောလိုက်သည်။
"ဆောရီး အကို။ ကျွန်တော် အကို့ကို ပြောထားပြီးပြီ။ ဒီလို နောက်ထပ်မလုပ်ပါနဲ့ဗျာ...နော်။"
နှင်းထန် သက်ပြင်းရှိုက်လိုက်မိသည်။ မိုးစက်ကို ဘာမှတော့ပြန်မပြောမိပါ။
"ခွန်မိုးစက် ကြွပါ။ "
စားသောက်ဆိုင်ထဲကို ၀င်လိုက်သည်နှင့် မန်နေဂျာကိုယ်တိုင် လေးလေးစားစားလာရောက်ခေါ်ငင်ရသည်။ မိုးစက်သည် ဆိုင်ထဲသို့ရောက်သည်နှင့် ၀န်ထမ်းများကို နူတ်ဆက်သည်။ မန်နေဂျာနှင့် ရင်းနှီးစွာ စကားပြောသည်။ တကယ့်ကို မိတ်ရင်းဆွေရင်းပမာ ရင်းနှီးလွန်းသည်။
မိုးစက်က စကားစဖြတ်ကာ နှင်းထန်နှင့် မိတ်ဆက်ပေးသည်။ ပထမ စနေပိုင်သော စားသောက်ဆိုင်ဟုထင်ထားရာ မဟုတ်ပေ။ မိုးစက်၏ မိတ်ဆွေ၏ ဆိုင်ဖြစ်နေသည်။ ဆိုင်လေးအရမ်းမကျယ်သော်လည်း စားသုံးသူ အပြည့်ရှိသည်။ ၀န်ဆောင်မှုကလည်းကောင်းသည်။ ၀န်ထမ်းလေးများ၏ အပြုံးကိုက ဖော်ရွေလွန်းသည်။
ထိုင်ခုံတွင်ထိုင်မိသည်နှင့် အရင်ဆုံး ၀ိုင်လာချပေးသည်။ အနံ့အရသာကောင်းမွန်သည့် ၀ိုင်ကို နှင်းထန်သဘောကျ သည်။ မိုးစက်က သူသောက်သည်ကို ပြုံးကြည့်နေသဖြင့်မေးလိုက်သည်။
"၀ိုင်က ကောင်းလှချည်လား။ ပြင်သစ်ကလား။"
"ဒီဆိုင်ရဲ့ ကိုယ်ပိုင်ဝိုင်ပါ အကို။သူတို့ကိုယ်တိုင်ဖောက်ထားတာ။ အရမ်းနာမည်ကြီးတယ်။ အစားအသောက်လည်း ကောင်းတယ် အကို။ စားကြည့်ပါဦး။ "
ဟင်းပွဲများက တကယ့်ကို စားချင်စဖွယ်ကောင်းလှသည်။ မိုးစက်သည် နှင်းထန်ပန်းကန်ထဲကို ဟင်းထည့်ပေးရင်း ပြောပြသည်။
"ဒီစားသောက်ဆိုင် ပိုင်ရှင်က ကိုယ်ပိုင်စိုက်ခင်းနဲ့ဆိုတော့ လတ်ဆတ်မှုကို အဓိက ထားတယ် အကို။ အားလုံး အောဂဲနစ်သီးနံတွေချည်းပဲ။ ဒီဆိုင်မှာ စားချင်ရင် စားပွဲကြိုမှာထားရတယ် အကို။ ထိုင်းနိုင်ငံရဲ့ ကျော်ကြားတဲ့ ဆိုင်တွေထဲက တစ်ဆိုင်ပဲ။"
နှင်းထန်သည် အစားကို သေသပ်စွာစားရင်း ရှင်းပြနေသော မိုးစက်ကို ကြည့်ကာ မေးလိုက်သည်။
"မင်းနဲ့ မိတ်ဆွေတွေလား။"
"အကိုကြီးရဲ့ မိတ်ဆွေပါ။ ကျွန်တော်နဲ့လည်း ခင်ပါတယ်။ ကျွန်တော် စားတော့မယ်နော် အကို။ ပြိးမှ စကားဆက်ပြောကြတာပေါ့။"
မိုးစက် စကားကိုရပ်ကာ အစားကို အာရုံစိုက်ပြီးစားသည်။ နှင်းထန်က ပထမမိုးစက် စကားစဖြတ်လိုက်သဖြင့် ဘာများဖြစ်သွားတာလဲ ဟုထင်နေမိသည်။ ပြီးတော့မှ အစာစားစဉ် စကားမပြောချင်သည့် မိုးစက် သဘောကို သိတော့ နှင်းထန် ထပ်ပြီး အံ့သြရပြန်သည်။ အရင်ကဆိုလျှင် စားသောက်ရင်း စကားတပြောပြောနှင့် မိုးစက်သည် အစာစားချိန်တွင် စကားမပြောပဲ အစားကို သေချာကြေညက်စွာ ၀ါးစားသောသူဖြစ်အောင် ပြောင်းလဲလိုက်သော သူကို ချက်ချင်းသိကာ သက်ပြင်းကို ကြိတ်ချလိုက်မိသည်။
မိုးစက်သည် အကိုနှင်းထန်ကို တချက်လှမ်းကြည့်ကာ သူ သိပ်မကြည်သည်ကို သိသည်။ သို့သော် အစားစားချိန်တွင် စကားပြောလျှင် သူလည်း အစားစားပျက်မည်။ မိမိလည်း အကျင့်ပျက်မည်ကို သိသဖြင့် ဘာမှမပြောပဲ အစားကို သာ တိတ်ဆိတ်စွာစားရင်း ရှုခင်းကို ငေးကြည့်နေမိသည်။ ဒီမှာ ညစာစားတိုင်း ညမှောင်ရီဝိုးတ၀ါးတွင် မြင်ရသော ဟိုအဝေးမှ တောင်တန်းများကို ငေးရတာကို မိုးစက် အထူးနှစ်သက်သည်။ အကိုနှင်းထန်ကတော့ သိမည် မဟုတ်ပါ။ မိမိဘာကြောင့် တောင်တန်းတွေကို ချစ်တယ်ဆိုတာကိုပေါ့။ တကယ်တော့ ထိုတောင်တန်းများကို မြင်တိုင်း မြန်မာပြည်ကို အလွမ်းပြေသောကြောင့်ဖြစ်သည်။ ပြီးတော့ အကို့ကိုရောပေါ့။
နှင်းထန်သည် မိုးစက် အစားစားရင်း တချက်တချက်လှမ်းကြည့်နေသည့် ဘက်ကိုလှမ်းကြည့်သော်လည်း ထူးထူးခြားခြား ဘာမှ မတွေ့ရပေ။ သို့သော် မိုးစက် အစာစားနေစဉ် အနှောက်အယှက်မပေးချင်သဖြင့် အောင့်အီး သည်းခံလိုက်သည်။ မိုးစက်ကို မိမိပြန်ရပြီပဲ။ ဘာမဟုတ်တာလေးနဲ့သူ့ကို မိမိ အနှောက်ယှက်မပေးတော့ဟု ဆုံးဖြတ်ထားသည်။ သူ့အကိုကြီးနယ်မြေတွင် ဘာပဲလုပ်ခဲ့လုပ်ခဲ့ မိမိနှလုံးသားနယ်မြေကို ပြန်ရောက်လျှင် ယခင် မိုးစက်ကို ပြန်လည်မွေးဖွားမည်ဟု နှင်းထန်ခိုင်မာစွာဆုံးဖြတ်ထားသည်။ အရင်မိုးစက်၊ မိမိကို ချစ်ခင်အားကိုးကာ မိမိမျက်နှာကို တစ်ရွာထင်သည့် မိုးစက်၊ မိမိရင်ခွင်ထဲ ရောက်လျှင် ခေါင်းတိုးဝင်ကာ ချွဲတတ်သည့်မိုးစက်လေး၊ မိမိ၏ အချစ်စိတ်ကို အဆုံးထိအရှိန်မြှင့်ပေးနိုင်သည့် မိုးစက်လေး။ မိမိချစ်သူ မိမိမယားမိုးစက်လေးကို အချစ်ဖြင့် ပြန်ဖန်ဆင်းမည်။
ထိုအတွေးနှင့် နှင်းထန်က ပျော်တပြုံးပြုံးဖြစ်နေမိသည်။ မိုးစက်က အကို စားရင်းပြုံးနေသဖြင့် သူ မဟုတ်တာ ကိုတွေးနေသည်ကို ရိပ်မိလိုက်သည်။ သူ့မျက်လုံးများက တချက်တချက် မိမိကိုတောက်ပစွာကြည့်လာသည်ကိုး။
အင်း ...အကိုနှင့်မလွယ်လှပေ။ သူနှင့် အတူနေဖို့မိမိအတော်ကျင့်ယူရအုံးမည်ကို တွေးကာ မိုးစက် ရင်ခုန်ရင်း လန့်သလိုဖြစ်လာခဲ့သည်။ သူ မည်မျှကဲသည် သည်းသည်ကို မိမိအသိဆုံးမဟုတ်လား။ အင်း ... ရန်ကုန်ပြန်ရောက် လျှင်.... မိုးစက် တွေးရင်း အစားကို လက်စသတ်လိုက်စဉ် သူ့လက်တစ်ဖက်က မိမိလက်ကို လာအုပ်ကိုင်ထားလိုက် သဖြင့် မိုးစက် သူ့ကို သတိပေးဟန်ဖြင့်ကြည့်လိုက်သည်။ သို့သော် တောက်ပသော သူ့မျက်ဝန်းများကို တွေ့သော် မိုးစက် အကြည့်လွှဲကာ သူ့ကို စကားစလွှဲလိုက်သည်။
"အကို.... ၀တီတို့ကို အဖော်လုပ်ပေးရဲ့လားဗျာ။"
နှင်းထန်သည် စကားလွှဲနေသော မိုးစက်ကို ကြည့်ကာ နူတ်ခမ်းထောင့်မှတွန့်ကွေးရုံ ပြုံးလိုက်မိသည်။ မိုးစက်က မိမိ၏ ချစ်မျက်ဝန်းကို ရင်ဆိုင်ရမှာ ၀န်လေးနေပုံရသည်။ မျက်လုံးချင်းအဆုံမခံပဲ အကြည့်လွှဲကာ စကားစကိုလည်း လွှဲနေသည်။ နှင်းထန်သည် မိုးစက်၏ အမူအယာလေးကို အူယားလာခဲ့သည်။ ဒီပုံစံနှင့်ဆိုလျှင် မိမိရန်ကုန်ရောက် သည် အထိ အောင့်ထားနိင်မည် မဟုတ်တော့ဟု တွေးမိသည်။ မိုးစက်က သိပ်ကို ချစ်စရာ ကောင်းအောင်လုပ်ပြ နေသည် မဟုတ်လား။ ဟင့်အင်း။ မိုးစက် က တမင်လုပ်နေခြင်းတော့မဟုတ်ပါ။ မိမိက ချစ်နေသူဆိုတော့ သူဘာလုပ်လုပ် မိမိက ချစ်နေမိသည် မဟုတ်လား။ ချစ်သည်။ အရမ်းကို ချစ်သည်။မိုးစက်ကို အခုချက်ချင်း အိပ်ယာထဲ ဆွဲသွင်းကာ မိမိ ၂ နှစ်တာ လွမ်းခဲ့သမျှကို အတိုးချကာ သက်သေပြလိုက်ချင်သည်။
"ပစ်မထားပါဘူး မိုးစက်လေးရ။ သူတို့နဲ့မနေ့ညက ညစာအတူစားတယ်လေ။ ပြီးတော့ မနက်ဖြန်ဆိုရင် သူတို့ပြန်တော့မယ်။ သူတို့လည်းသာယာပါစေလေ။ ကိုယ်ပါရင် ဘယ်လွတ်လပ်မှာလဲ။ ကိုကို့ယောက်ဖလေးကို ကိုယ်ချင်းစာလို့။"
နှင်းထန်က ရယ်ဟဟနှင့်ပြောလိုက်သော အခါ မိုးစက် သူ့ကို ဖြတ်ခနဲလှမ်းကြည့်ကာ မေးလိုက်သည်။
"အကို တကယ့်ကို သံယောဇဉ်ပြတ်နိုင်တာပဲနော်။ သားလေးကို..."
နှင်းထန်သည် မိုးစက်ကို မာကျောသည်မမြည်သော်လည်း တည်တည်ဖြင့်ပြောလိုက်သည်။
"ကိုယ်တို့ နှစ်ယောက်ဆုံရတဲ့ ရှားပါးတဲ့အချိန်လေးကို ပြီးသွားတဲ့ အကြောင်းအရာတွေ ပြောပြီး မဖျက်ဆီးပါနဲ့လား မိုးစက်။ ကိုယ် မင်းကို သေမှ လက်လွှတ်မယ့်သူလို့ပြောထားပြီးပြီ။ တော်ပြီ။ ဆက်မပြောနဲ့တော့။"
နှင်းထန်က မိုးစက်၏ လက်ကိုလွှတ်လိုက်ကာ ၀ိုင်ကိုတရှိန်ထိုးမော့သောက်လိုက်သည်။ သူစိတ်ဆိုးသွားသည်ကို သိတော့ မိုးစက် လေအေးလေးဖြင့် သူ့ကို ချော့သည်။
"ဆောရီး အကို။ ကျွန်တော်က ကလေးချစ်တတ်တော့.."
"ကလေးချစ်တတ်ရင် ကိုယ်တို့ ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကလေးယူမယ်။ အခုအကြောင်း ဆက်မပြောနဲ့တော့။"
မိုးစက်သည် ကလေးကြီးလို လုပ်နေသော သူ့ကို ကြည့်ကာ ရယ်ဟဟဖြင့်
"ကောင်းပါပြီဗျာ။ ဒါနဲ့ အကို မနက်ဖြန် ကျွန်တော် မနက်ပိုင်း အားတယ်။ အကို့ကို လျှောက်လည်ဖို့ လာခေါ်မယ်လေ။"
နှင်းထန်သည် မိုးစက်ကို လှည့်ကြည့်ကာ မေးလိုက်သည်။
"အလုပ်ပိတ်ရက်မဟုတ်လား။ တနေကုန်မအားဘူးလား။"
"ဆောရီးအကို၊ အလုပ်နဲ့ ချိန်းထားတာလေး ရှိလို့။ ဒါတောင် ကျွန်တော် အပွိုင့်မန့် တစ်ခုကို ဖျက်လိုက်တာ။ အကိုနဲ့ တွေ့ချင်လို့။ မနက်ဖြန် မနက်၈ နာရီ ဟိုတယ်ကို လာခေါ်မယ်။ အသင့်ပြင်ထားနော်။ "
နှင်းထန်သည် မိုးစက်၏ စကားကိုကြားသော် အတွေးပေါ်လာသဖြင့် ကြိတ်ပြုံးလိုက်မိသည်။ တွေ့မယ်လေ။ မိမိကိုရှောင်နေသည့် ကောင်လေး။ နှင်းထန်သည် မိမိလုပ်မည့် အစီအစဉ်ကို ဆက်တွေးရင်း ကျေနပ်သွားသည်။ မိုးစက် ပြောနေသည့် သွားလည်မည့် အစီအစဉ်ကို ပြုံးပြုံးနှင့်သာ နားထောင်နေသော်လည်း နားထဲ မ၀င်ပေ။ မိုးစက်ကတော့ မသိပါ။ အကိုနှင်းထန် စိတ်ပြေသွားပြီဟု ထင်ကာ ဆက်ပြောနေမိသည်။ စကားပြောရင်း ၀ိုင်သောက်ရင်းနှင့် ကိုးနာရီထိုးသွားတော့သည်။
"ကိုးနာရီထိုးပြီ အကို ပြန်ကြစို့။ "
မိုးစက်နှင့်အတူပြန်လာစဉ် ကားပေါ်တွင် နှင်းထန်သည် မိုးစက်၏လက်ကို ဆုပ်နယ်ကာ ပြောလိုက်သည်။
"ည ကိုယ်နဲ့ အတူအိပ်လေ။ အိမ်မပြန်နဲ့တော့။"
"မရဘူး အကို။ ကျွန်တော် ည လုပ်စရာရှိတယ်။"
မိုးစက် ချက်ချင်းကိုငြင်းလိုက်သည်။ အချိန်ပင်မဆိုင်းပါ။ စနေနှင့် ညတိုင်းဖုန်ပြောကြသည်ထင်သည်ဟု တွေးမိစဉ် နှင်းထန် ရင်တွေပူလာသည်။ သို့သော် သ၀န်တိုကြောင်းသိပ်ပြပြီး မိုးစက်ကို အထင်လည်း မသေးသွားစေချင်သဖြင့် အောင့်အီးလိုက်ကာ သက်ပြင်းသာ မှုတ်ထုတ်လိုက်သည်။ မိုးစက် က အကိုနှင်းထန် စိတ်ပူနေသည်ကို သိသော်လည်း အချိန်တန်လျှင်သူနားလည်လိမ့်မည်ဟုတွေးကာ လွှတ်ထားလိုက်တော့သည်။ ဒါမျိုးက ရှင်းလေ၊ ပိုရှုပ်လေ မဟုတ်လား။
"Good Night အကို။"
"အခန်းထဲတောင် မလိုက်တော့ဘူးလား မိုးစက်လေး။"
နှင်းထန် နောက်ဆုံးမျှော်လင့်ချက်ဖြင့်မေးလိုက်သေးသည်။ သို့သော် မိုးစက်က တောင်းပန်ပြုံးနှင့်ခေါင်းယမ်းကာ ထပ်ပြောလိုက်သည်။
"အလုပ်တွေ ပါလာလို့ အကို။ ဆောရီး။ မနက်လာခေါ်မယ်နော်။ အိပ်မပျော်မနေနဲ့။"
မိုးစက် ပြုံးကာ နူတ်ဆက်ရင်း ထွက်သွားတော့သည်။ မိုးစက် ၏ ကားကို ငေးရင်း နှင်းထန်ကျန်ရစ်ခဲ့သည်။
အချစ်စစ်၏တည်နေရာ- Season (4)Where stories live. Discover now