Check below for UNICODE
Zawgyi
ဆက်တိုက်ခေါ်နေသော်လည်း ပြန်မဖြေသည့် ဖုန်းကြောင့် နေဝန်းရောင်နီ စိတ်တိုလာသည်။
"အာယု အာယု၊ မင်းပဲ မကိုင်ဘဲနေမလား ငါပဲ ဇွဲကောင်းမလား ကြည့်ရသေးတာပေါ့ကွာ"
နှုတ်ခမ်းကို ပဲ့လန်သွားမတတ်ဖိကိုက်ကာ အရွဲ့ တိုက်တဲ့စိတ်နဲ့ တမင်ဖုန်းဆက်တိုက်ခေါ်ပစ်သည်။
ဖုန်းခေါ်လို့ဖုန်းသံဆူတာ အာယုမကြိုက်မှန်း Sun(နေဝန်းရောင်နီ) ကောင်းကောင်းသိသည်။ ဆက်တိုက်ဆူနေတဲ့ဖုန်းသံကို သည်းမခံနိုင်ရင် ဖုန်းကိုင်လိုက်တာပဲ။ သို့သော် အခုတစ်ခါမှာ စက်ပိတ်ထားပါသည်ဟူသော အော်ပရေတာမှမိန်းကလေးအသံ ထွက်လာသည်။
"သြော် ... ဖုန်းပိတ်လိုက်တယ်ပေါ့၊ အာယု တော်တော်သတ္တိကောင်းနေပါ့လား၊ ငါနဲ့သေခန်းပြတ်ချင်နေတာလား"
ဖုန်းကိုကြည့်ကာ ကြိမ်းသာကြိမ်းနေရ၏။ အာယုနဲ့ပြတ်လို့မရတာ Sunအသိဆုံး။ ဒီအသက်အရွယ်အထိ အာယုကို သည်းခံထိန်းကျောင်းလာရတာ အကြောင်းမဲ့မဟုတ်။ ဖုန်းပိတ်သွားတော့ GPSက ဆက်ခြေရာခံလို့မရ။
Sunအခက်အခဲတွေ့တိုင်း အမြဲအားကိုးရကာ Sunအခက်အခဲကို ကူညီဖြေရှင်းပေးသော တစ်ယောက်တည်းသူကို ဖုန်းဆက်၍ အပူကပ်ရပေဦးမည်။
"ကိုခန့် ... လုပ်ပါဦး၊ အာယု ပျောက်သွားပြန်ပြီ"
"ကျစ်! အဲ့ငပွေးကောင်လေး ထပ်ဖြစ်ပြန်ပြီ"
"မမနွယ်ကိစ္စနဲ့ ကျွန်တော်သူ့ကိုဆူမှာသိလို့ သူလစ်သွားတာ၊ ကျောင်းလည်း မတက်ဘူးတဲ့"
"အဲ့ငပွေးလေးက Sunကို ဒုက္ခပေးဖို့ မွေးလာသလားပဲ၊ သူလည်းငယ်တော့တဲ့အရွယ်မဟုတ်ဘူး၊ ဖြစ်ချင်ရာဖြစ် ပစ်ထားလိုက် Sun"
"ပစ်ထားလို့မရဘူး ကိုခန့်၊ လုပ်ပါ ရှာပေးပါနော်"
"ဟာကွာ! Sunအဲ့လို ဖူးဖူးမှုတ်ထားလို့ အဲ့ငပွေးလေး ရောင့်တက်နေတာ၊ ဟိုကကဲကဲ Sunက သည်းသည်း"
"ကိုခန့် အခုလာမှာလား မလာဘူးလား"
"ကျစ်! အခု Sunက ဘယ်မှာလဲ"
YOU ARE READING
TRI_AGAIN