သူမ၏ စံအိမ်ရှေ့က တကယ့်ကို အနိဌာရုံပင်။ အက်ခိုး ကောင်းကင်ယံထက်မှ တိုက်ပွဲကို မမှိတ်မသုန်ကြည့်နေပေ၏။ ဝင်ပါလောက်စရာမလိုသည်မို့ လက်ကလေးပိုက်ကာသာ သတ်ဖြတ်နေကြသည့် သူများကို ကြည့်သည်။ တစ်ဖက်မှ လျှပ်တပြက်ဝင်တိုက်သည်ဆိုသော်လည်း တိုက်ပွဲသည် သူမတို့ ဘက်မှအားသာနေခဲ့၏။ သူမ အနေနှင့် မည်သူထွက်လာမည်လဲ စောင့်ကြည့်နေစရာသာလိုသည်။
ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် တိုက်ပွဲသည် အမှန်ပင် အကျည်းတန်လှ၏။ မြေပြင်တွင်သွေးတို့သည် စီးနေသည်။ သေဆုံးကြသူ အများအပြားသည် သူမ ဘက်တော်သားများမဟုတ်။ အတိအကျပြောရလျှင်တော့ သူမ၏ ခွေးကလေးများသည် မသေကြ။ သူတို့သည် ပြင်းထန်စွာသာ ဒဏ်ရာရကြသည်။ အရှင်လတ်လတ်ရှိနေသည့် အလှနတ်ဘုရားမ၏ အသားကိုစားသုံးထားကြသည်မို့ သူတို့၏ မိမိကိုယ်ကို ပြန်လည်ကုသနိုင်စွမ်းသည် ခပ်မြင့်မြင့်ဟုပြော၍ရသည်။
နောက်ပြီး သူမဘက်တွင် နတ်ဘုရားတို့ကို အရည်ဖျော်နိုင်သည့်... အဲ လောင်ကျွမ်းစေနိုင်သည့် လက်နက်ကိုင်ဆောင်သူ ရှိသည်။ တိုက်ပွဲသည် မည်သူက အသာကြီးဆိုသည်က နှုတ်ဖြင့် ပြောနေစရာမလို။ အခြေအနေကိုကြည့်နေရင်းဖြင့် အက်ခိုး အမြတ်ထုတ်ရန်ကြံစည်၏။ ထိုသို့ အမြတ်မထုတ်ရင် သူမအမည်ကို အက်ခိုးဟု ခေါ်နေစရာမလိုတော့။
"စံအိမ်ဝန်းထဲကို အကုန်ဆုတ်!"
သားရဲများနှင့် Alika သည် တုံ့ခနဲဖြစ်သွားရသည်။ အသံသည် သူတို့စိတ်အတွင်းမှ လာသည်။ စိတ်ချင်းဆက်သွယ်ကာ အမိန့်ပေးခြင်း။ ဆယ်ပါးသော နတ်ဘုရားများပင် ထိုသို့ ပြောဆိုနိုင်သည့် အစွမ်းမရှိ။ တကယ်ကြီး အက်ခိုးဆိုသည့် နတ်ဘုရားမလေးက အံ့ဖွယ်သရဲပါလား။ နောက်ပြီး သူတို့က နိုင်နေတာပဲကို ဘာလို့ ဆုတ်ရမှာလဲ? သို့သော်လည်း မည်သူမျှ အက်ခိုး၏ အမိန့်ကို လွန်ဆန်ရဲခြင်းမရှိ။ သူတို့အကုန်လုံး အနောက်သို့ဖြည်းဖြည်းချင်းဆုတ်လာလေသည်။
"အင်း ဟုတ်တယ်... ဖြည်းဖြည်းချင်းဆုတ်လာ..."
အက်ခိုးသည် ခပ်အေးအေးသာ အမိန့်ပေးနေသည်။ တိုက်ခိုက်လာသူ နတ်ဘုရားများသည် တဖြည်းဖြည်းနှင့် စံအိမ်ဝန်းအတွင်းသို့ ရောက်မှန်းမသိ ရောက်လာခဲ့ကြ၏။ အက်ခိုး၏ အကြည့်တို့သည် တိုက်ခိုက်လာသူ နတ်ဘုရားများထဲမှ နတ်ဘုရားတစ်ပါးဆီသို့ ရောက်သွားခဲ့သည်။ ထိုနတ်ဘုရားသည်လည်း သူမကို မော့ကြည့်လာလေ၏။