(Zawgyi)
ဝမ်ရိပေါ် - ရှောင်းကျန့်
"ကော. . . ဒီကောင်လေးကိုကြည့်"
သူက ကောရင်ခွင်ထဲ ယုန်အဖြူလေးတစ်ကောင်ကို ထည့်ပေးလိုက်သည်။ ကောက သူပိုက်ထားတဲ့ ကောင်လေးကို အသာချပြီး ရိပေါ် ပေးတဲ့ကောင်လေးကို သေချာပွေ့ကြည့်သည်။
"ဒါ ရိကျန့်ရဲ့ သားလေး ဖြစ်ရမယ်"
ကော ရီသံလေးက လွင်လွင်လေးပျံ့လာသည်။ နှစ်နှစ်ဆိုတဲ့ ကာလအတွင်းမှာ ရိကျန့်တောင် သူ့မျိုးဆက်ယုန်ကလေးတွေ ထပ်ပွားလို့။
သူလဲ အထက်တန်းကျောင်းသားဖြစ်လာပြီး ကောလဲ ဆေးရုံက ဆင်းလာခဲ့ပြီ။ ဒီနှစ်နှစ်ကာလက သူတို့နှစ်ယောက်လုံး အတွက်တော့ မလွယ်ကူခဲ့ပါ။
ကောကို ဆေးစစ်ချက်မှာ မွေးရာပါ နှလုံးသွေးလွှတ်ကြောမကြီးကျဉ်းနေတာ ရှာဖွေတွေ့ရှိခဲ့သည်။ ကောက တသက်လုံးရိပေါ်ကိုပဲ ဂရုစိုက်ပြီး သူ့ကိုယ်သူ ဂရုစိုက်ရမှန်းမသိခဲ့တော့ ဒီရောဂါရှိနေတာလဲ သိခဲ့ပုံမပေါ်။ မောပန်းလွယ်တာ အပင်ပန်းမခံနိုင်တာတွေကို သူ့အားနည်းချက်လို့ ထင်ထားပုံရသည်။
ငယ်တုန်းက မသိသာပေမယ့် အခု တဖြည်းဖြည်းအရွယ်ရောက်လာတော့ ကောရဲ့ အားနည်းနေတဲ့ နှလုံးက သူ့နောက်ကို မလိုက်နိုင်တော့။
အခြေအနေအရမ်းမဆိုးခင် ရိပေါ်ကော ပါပါးကော တိုက်တွန်းချက်နဲ့ ခွဲစိတ်ပြီး သွေးကြောကျယ်အောင် ပြွန်လေးထည့်ထားရသည်။ အရင်ထက်စာရင် နေလို့ကောင်းတယ်ဆိုပေမယ့် ပိုးသတ်ဆေးတွေ သွေးမခဲစေတဲ့ဆေးတွေ ပုံမှန်သောက်ပြီး ဆေးရုံလဲ ခဏခဏပြနေရတုန်း။
ပိုဆိုးတာက ရိပေါ်ကို သူ့ပါပါးက အလုပ်ထဲမှာ ပိုပြီးပါဝင်စေခဲ့လို့ ခဏခဏ ခရီးထွက်ရသလို ကောအနားမှာ နေဖို့အချိန်က နည်းလာသည်။
တခါတလေကျ ပါးက ရိပေါ် ကောကို ခင်တွယ်လွန်းတာကို ပျက်အောင် တမင်များလုပ်သလားလို့တောင် သံသယဝင်လာတဲ့အထိ။
ကော နေမကောင်းချိန် ကော အားနည်းနေတယ်ထင်ပြီး စိတ်ပူရချိန်ဆိုရင်တော့ ပါပါးကိုလဲ ရိပေါ် လွန်ဆန်ပြီး ကောအနားမှာပဲ နေတော့သည်။ ပါပါးက အရမ်းကြီး တင်းကျပ်တဲ့သူမဟုတ်တော့ ရိပေါ်ကို အပြစ်တော့မပြောပါ။ ကောကို သူလဲ စိတ်ပူမှန်း ရိပေါ်သိပါသည်။
ဒီတော့ ဒီနှစ်နှစ်ဟာ ကောအတွက်လဲ ကျန်းမာရေးနဲ့ ရုန်းကန်နေရသလို ရိပေါ်မှာလဲ ကျောင်းရယ် အလုပ်ရယ်ကြားမှာ ဟန်ချက်မျှရင်း ကောအနားနေဖို့ အချိန်ကို ရှာဖွေယူရတဲ့အချိန်။
"ကောကို ယုန်လေးတွေနဲ့ တူတယ်လို့ နှိုင်းမိတာ နောင်တရတယ်"
ကောက ရိပေါ်ကို မျက်လုံးလေးပြူးကြည့်တယ်။ နောင်တရပါတယ်ဆိုမှ ကောဟာ တကယ်ကို ယုန်လေးတွေနဲ့တူအောင် လုပ်ပြနေတာပဲ။
"ယုန်တွေ နှလုံးကနုနုလေးကောရဲ့၊ အနားကပ်ပြီး အသံကျယ်ကျယ်ပေးရင်တောင် လန့်ပြီး နှလုံးရပ်သွားနိုင်တယ်"
"ကောလဲ အဲ့ဒါကြောင့် နှလုံးအားနည်းတာနေမယ်"
"အဲ့ဒါဆို ယုန်သားကင်စားမလား. . . ကောနှလုံးလေးအားကောင်းသွားအောင်"
"ကလေးတွေရှေ့မှာ ပေါက်ကရတွေ"
ရိပေါ်နောက်တာကို ကောက ကလေးတွေရှေ့မှာ ပေါက်ရတွေလို့ပြောတာလေးကိုက ယုန်လေးတွေက ရိပေါ်တို့ သားသမီးတွေ ကောနဲ့ ရိပေါ်က အဖေကြီးနဲ့ အမေကြီးလိုခံစားရတယ်။
ရိပေါ်က ကောကို မနမ်းရတိုင်း ရိကျန့်ကိုပဲ ဖိနမ်းပစ်လိုက်သည်။ မင်း ဟာ ကောလိုတော့ မွှေးမနေဘူး။
ကောက ရိပေါ်ယုန်လေးတွေကို တကောင်ပြီးတကောင် ကောက်နမ်းနေတာကြည့်ပြီးရီနေ၏။ ကော အခုလိုပျော်နေတာ တွေ့တော့ ရိပေါ်က ယုန်တွေတကောင်မှ လွတ်မပေးပဲ အကုန်လိုက်ဖမ်းနမ်းတော့ ဒီကောင်လေးတွေလဲ ထွက်ပြေးကုန်ရော။
"ဟေ့. . ကလေးဇွတ်လိုက်နမ်းနေတာ နဲ့ ထွက်ပြေးကုန်ပြီ"
ရိပေါ် နမ်းစရာတစ်ကောင်မှ မကျန်တော့ ရိပေါ်က ကောကို ခုန်အုပ်လိုက်သည်။
"အဲ့ဒါဆို ဒီယုန်ကို နမ်းမယ်"
ကောက ရိပေါ်ကို တွန်းရင်း ရီနေသည်။ ရိပေါ်က ငယ်ငယ်ကလဲ ကောကိုနမ်းနေကျ။ အခုနောက်ပိုင်းသာ သူ့ဘာသာ စိတ်မလုံတာနဲ့ မနမ်းဖြစ်တော့တာ။ အခုနေပြန်ကောင်းလာတော့ ကော ပါးလေးတွေ ပြန်ဖောင်းလာတာ နမ်းချင်စရာလေး။
ရိပေါ် ကောပါးဖောင်းဖောင်းလေးမှာ နှာခေါင်းမြုပ်အောင် နမ်းလိုက်သည်။