စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်အပိုင်း (46)

856 95 1
                                    


စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (46)


ဆူမီရာရှိသည့်အချိန်အတွင်း နန်ကျောင်နန်းတွင်းတွင် ညတိုင်းကချေသည်များနှင့် တေးသီချင်းသည်များ မပြတ်အခစားဝင်ပြီး ကပြဖျော်ဖြေရသဖြင့် နန်ကျောင်ပြည်ရှိ အကနှင့်အဆိုပညာရှင်များအတွက် ငွေရွှင်သောအချိန်ဖြစ်ခဲ့သည်။ ကာလိုခန်မင်းကြီးက သားတော်စိတ်ချမ်းသာမည်ဆိုပြီးရော၊ ဘာလုပ်လုပ်ခွင့်ပြုထားသည်။ နန်းတော်ထဲမှ အမတ်များလည်း အိမ်ရှေ့စံ ခရီးထွက်ရာမှပြန်လာပြီး ခါတိုင်းလို မသောင်းကျန်းပဲ နန်းတော်ထဲ လူကြီးဆန်ဆန် စီမံခန့်ခွဲလာသည်ကို အံ့အားသင့်နေသည်။ ညီလာခံတွင်လည်း မင်းသားလေး၏ အမေးများက ပိုပြီးထက်မြက်လာခဲ့သည်။ မဟုတ်လား။ ယွမ်ချူးခန်၏ တိုးတက်မှုကို မင်းကြီးနှင့် တားဂေါတိုင်းအမတ်ကြီးက တပြုံးပြုံးနှင့်ကျေနပ်နေသည်။

ယွမ်ချူးခန်သည်လည်း ဆူမီရာရှိစဉ်အတွင်း မိမိအသုံးကျသည်ကို ပြသချင်သည့်အတွက် ကြိုးစားနေခြင်းဖြစ်သည်။ ဆူမီရာနှင့် အတူမြို့ထဲသွားရောက်လည်ပတ်ရင်း ဆူမီရာ၏ အကြံကိုတောင်းသည်။ ဆူမီရာ တခုခုပြောလျှင် ချက်ချင်းအကောင်ထည်ဖော်သည်။ နေ့တိုင်းမယ်တော့်ကို အတူတူပြုစုပေးသည်။ ပြီးှလျှင် ညီလာခံကို ဆူမီရာနှင့်အတူတက်သည်။ ထို့နောက် နေ့လည်စာကို မြို့ထဲထွက်စားသည်။ နေ့တိုင်း ဆူမီရာကို နေရာအနံ့လိုက်ပြသည်။ ညပိုင်းတွင် တိုင်းပြည်ထဲမှ အကပညာရှင်များကို ဆင့်ခေါ်ပြီး ကပြဖျော်ဖြေစေသည်။

ဆူမီရာအတွက် နေ့တိုင်း နတ်ပြည်ကိုရောက်နေသလို ခံစားရသည်။ ကြီးကျယ်ခမ်းနားလှသည့် နန်ကျောင်ပြည်၏ ညီလာခံကို တက်ရောက်လေ့လာခွင့်ရသည်။ ပြီးတော့ နာမည်ကျော်အစားအစာများကို မြည်းစမ်းခွင့်ရသည်။ လှပသည့် နေရာများကို ယွမ်ချူးခန်က လိုက်ပို့ပေးသည်။ ညပိုင်းအစီအစဉ်ကို အကြိုက်ဆုံးဖြစ်သည်။ အရသာရှိကာ မွှေးပျံ့သည့် ဝိုင်ချိုကိုသောက်ရင်း မိန်းမလှလေးများ၏ အကနှင့်တေးသီချင်းသံကိုနားဆင်ရတာ ကိုယ့်ဖာသာပင် မယုံနိုင်အောင်ဖြစ်မိသည်။ ယွမ်ချူးခန်၏ စည်းစိမ်ကို ရင်သပ်ရှုမောဖြင့် ငေးမောမိသည်။

"ဆူမီရာ... အကနဲ့သီချင်းတွေကြိုက်ရဲ့လား..။ "

"အင်း ကြိုက်တယ်။ ငါ ဒါမျိုးတခါမှ မမြင်ဖူးဘူး။ သီချင်းတွေလည်း အရမ်းနားထောင်လို့ကောင်းတယ်...ပြီးတော့ စားစရာတွေလည်း အရမ်းအရသာရှိတယ်.."

ယွမ်ချူးခန်သည် ဆူမီရာ၏ စကားကြောင့် ကျေနပ်သွားသော်လည်း မိမိအဓိကလိုချင်တာကိုပြောလိုက်သည်။

"ဒါဆို မင်းမပြန်နဲ့ဦးလေ... မင်း မိဘတွေကို ငါ လူလွှတ်ပြောခိုင်းပါ့မယ်။ နော်... နေပါဥိးကွာ.. မင်းပြန်သွားရင်း ငါတစ်ယောက်တည်း ဘယ်လိုကျန်ရစ်ရမှာလဲ.."

ဆူမီရာသည် ယွမ်ချူးခန်ကို အားလည်းနာသည်။ သို့သော် မပြောမဖြစ်မို့ သူ့ကိုသေချာဖြောင့်ဖြရန်ကြိုးစားလိုက်သည်။ မိမိကို သူ မပြန်အောင်အတတ်နိုင်ဆုံးဆွဲဆောင်နေသည်ကို သိတာပေါ့။ဒါကြောင့် ယွမ်ချူးခန်ကို သနားလည်းသနားသည်။ သူကိုယ်တိုင် လက်ခံလာအောင် ပြောဖို့ ဆူမီရာကြိုးပမ်းရခြင်းဖြစ်သည်။


"ယွမ်ချူးခန်...ယွမ်ချူးခန်...ငါပြောတာကိုနားထောင်ပါ... "

"မင်းမပြန်ဘူးလို့ အရင်ပြော..ဒါဆို ငါနားထောင်မယ်..."

ယွမ်ချူးခန်သည် ဆူမီရာ၏ လေသံနှင့်မျက်နှာထားကို ကြည့်ကာမိမိ တောင်းဆိုချက်မအောင်မြင်သည်ကိုသိတော့ မျက်နှာပျက်ကာ ပြောလိုက်သည်။ ဆူမီရာသည် ယွမ်ချူးခန်ကို ဖက်လိုက်သည်။ ယွမ်ချူးခန်ပထမရုန်းနေရာမှာ ငြိမ်သွားပြီး ဆူမီရာကို တင်းနေအောင်ပြန်ဖက်ထားပြီး ပုခုံးမှာမျက်နှာအပ်လိုက်စဉ် မျက်ဝန်းထဲ အငွေ့ထွက်မတတ်ပူပြင်းလာခဲ့သည်။ ဆူမီရသည် ယွမ်ချူးခန်းကို ဖက်ကာနှစ်သိမ့်လိုက်သည်။

"ချူးခန်... မင်း ငါ့ကို သံယောဇဉ်ကြီးတာကို ငါသိပါတယ်။ တကယ်လည်းပျော်မိတယ်။ ငါ့အတွက် သူငယ်ချင်းတစ်ယောက် ထပ်တိုးလို့။ ဒါပေမယ့် ငါပြောတာကို သေချာနားထောင်ပါ။ ငါက ငွေတောင်ပြည်ဆိုတဲ့ တိုင်းပြည်သေးသေးလေးက မင်းသားတစ်ပါးဖြစ်တာတောင်မှ ငါလုပ်ရမယ့် အလုပ်တွေအများကြီးရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ ငါက ငွေတောင် ဘုရင်ရဲ့သားဖြစ်လို့၊ ပြည်သူတွေရဲ့ အကျိုးအတွက် ငါသယ်ပိုးရမယ့် တာဝန်တွေအများကြီးရှိတယ်။ မင်းဆိုရင် သိပ်ကိုကြီးမားတဲ့ နနု်ကျောင်နိုင်ငံတော်ကြီးကို ဆက်ခံရမယ့်သူလေ။ မင်းခမည်းတော်ရဲ့ တာဝန်တွေကို မင်းကူပြီး ထမ်းရမယ်။ ငါတို့ထွက်လည်တဲ့လမ်းတလျှောက်က ပြည်သူတွေ မင်းကိုကြည့်တဲ့ မျက်ဝန်းတွေကို မင်းသတိထားမိရဲ့လား။ သူတို့ရဲ့ မျှော်လင့်ချက်တစ်ခုလို နတ်ဘုရားတစ်ပါးလို မင်းကို သူတို့ကကြည့်တာ...။ သူတို့ဘဝတိုးတက်အောင် မင်းကြိုးစားရမယ် ချူးခန်"

ယွမ်ချူးခန်သည် ဆူမီရာ၏ ရှည်လျားသည်စကားသံ အေးအေးများကြားမှ မိမိကိုတကယ့်ကို စေတနာထားသည်ကို သိလိုက်သည်။ သို့သော် အသိစိတ်ထဲတွင် ဆူမီရာ မိမိကိုခွဲသွားမည် ဆိုတာကိုပဲ စွဲနေပြီး လက်ရှိအဖြစ်ကို ခါးသီးစွာဖြင့် ရင်ဖွင့်ကာပြောလိုက်သည်။ မလိုချင်ပါ။ ကြီးကျယ်လှသည့် နန်ကျောင်ပြည်အိမ်ရှေ့မင်းသားဘဝကို လိုချင်လို့ မိမိမွေးဖွားလာ ခဲ့ခြင်းမဟုတ်ပါ။ မိမိလိုချင်တာက ချစ်ခြင်းတရားနှင့် လုံခြုံအေးချမ်းသည့် ဘဝလေးဖြစ်သည်။ ငယ်ကတည်းက ယဉ်ပါးနေသည့် တနေ့ကျရင် မယ်မယ့်ကို ဆုံးရှုံးသွားရလိမ့်မည်ဆိုသည့် စိုးထိတ်သည့် အတွေးများနှင့် နေ့တိုင်းစိတ်ဆင်းရဲရသည့် ဘဝမျိုးမဟုတ်သည့် သေမင်းခွဲမှကွဲမည့် မိသားစုဘဝမျိုးကိုသာ လိုချင်ခဲ့သည်။

"ငါ နတ်ဘုရားလည်း မဟုတ်ဘူး။ ငါသာမန်ပြည်သူတစ်ယောက်ပဲဖြစ်ချင်တယ်။ ငါ့သူငယ်ချင်းနဲ့အတူမခွဲ မခွာနေလို့ရတဲ့ သာမန်လူပဲဖြစ်ချင်တယ်..."

ဆူမီရာသည် မိမိပုခုံးပေါ်မှာ ပူနွေးစိုစွတ်သည့်အထိတွေ့အရ ယွမ်ချူးခန် မျက်ရည်ကျနေသည်ကို သိလိုက်ကာ စိတ်မကောင်းဖြစ်သွားသည်။ သို့သော် ယွမ်ချူးခန် လူကြီးဖြစ်ဖို့ အမှန်တရားကို လက်ခံဖို့လိုအပ်သည်။ ဒါကြောင့် သူ့ကိုအတတ်နိုင်ဆုံးဆက်လက်ဖြောင့်ဖြလိုက်သည်။

"ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံရမယ် ချူးခန်။ ငါတို့က ကလေးတွေလည်းမဟုတ်တော့ဘူး။ မင်းရဲ့ခမည်းတော်လည်း အသက်ကြီးပြီ။ သူ့ပုခုံးပေါ်က တာဝန်တွေကို မင်းကူပြီးထမ်းရမယ်။ မင်းက လူတော်တစ်ယောက်ပါ ယွမ်ချူးခန်။ မင်းက လူအများကို ပျော်ရွှင်အေးချမ်းတဲ့ ဘဝကိုပေးနိုင်မယ့် မင်းသားတစ်ပါးဆိုတာ ငါယုံကြည်တယ်.."

"ငါက ဆိုးသွမ်းတဲ့ မင်းသား။ မင်းကောင်းမဖြစ်နိုင်ဘူး."

"မဟုတ်ပါဘူး။ ငယ်သေးလို့ မင်း လုပ်ခဲ့မိတာပါ။ မင်းမှာကြင်နာစိတ်ရှိပါတယ်။ ငါ့ကို ယုံတယ်မလား ချူးခန်။"

"ယုံတယ်.."

ဆူမီရာသည် ကိုယ့်ဖာသာ အဆိုးမြင်နေသည့် မင်းသားလေးကို လူချင်းခွာပြီး သူု့မျက်လုံးထဲကို စိုက်ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။ ယွမ်ချူးခန်သည် တဇွတ်ထိုးဆန်သော်လည်း ကြင်နာတတ်သည်ကို မိမိသိသည်။ ဒါကြောင့် ယွမ်ချူးခန်မိမိစကားကို နားထောင်လာအောင် ဆူမီရာ အတင်းမေးနေရခြင်းဖြစ်သည်။

ယွမ်ချူးခန်သည် ဆူမီရာ၏ စိတ်အားထက်သန်သည့် မျက်နှာနုနုလေးကိုငေးကြည့်ကာ ဖြေလိုက်သည်။ ယုံသည်။ ဆူမီရာ မိမိကို ဘယ်တော့မှ မလိမ်သည်ကို ယုံသည်။ မိမိဘဝတွင် ဆူမီရာကို အယုံကြည်ရဆုံးဟုပြောရမည်ဖြစ်သည်။

"ဒါဆို ငါပြောတာ သေချာနားထောင်။ မင်း ကြိုးစားရမယ်။ မင်းမယ်မယ်အတွက် သားကောင်းတစ်ယောက်ဖြစ်အောင် မင်းပြောင်းလဲရမယ်။ မင်းရဲ့မယ်မယ်က မင်းကို အရမ်းချစ်တယ်။ ဒီနန်းတွင်းမှာသူတစ်ယောက်တည်း အထီးကျန်နေသလို ငါ ခံစားနေရတယ်။ မင်းရဲ့မယ်မယ်ကို မင်းသေချာစောင့်ရှောက်ပေးပါ။"

"ငါ ဘယ်လောက်ပြောပြော ဘယ်လိုတားတား မင်းပြန်တော့မှာပေါ့ ဟုတ်လားဟင် ဆူမီရာ.."

ယွမ်ချူးခန်သည် မည်သို့ပြောပြော ဆူမီရာ၏ စိတ်ကိုပြောင်းလဲအောင်မလုပ်နိုင်တော့သည်ကို သိလိုက်ပြီး မျှော်လင့်ချက်မဲ့စွာဖြင့် မေးလိုက်သည်။ ဆူမီရာက စိတ်မကောင်းသော်လည်း အမှန်တိုင်းဖြေလိုက်သည်။ အမှန်တရားသည် နားခါးသော်လည်း ကြားရသူကို နာကျင်စေသော်လည်း သေရာပါ စိတ်ဒဏ်ရာကို မပေးနိုင်ပါ။ ဒါကြောင့် ဘယ်လောက် စိတ်ဆိုးပေါက်ကွဲမည်ဖြစ်သော်လည်း ဆူမီရာ အမှန်တိုင်းပဲဖြေကြားလိုက်သည်။

"ဟုတ်တယ်။ ငါပြန်တော့မယ်.."

"မင်းကိုလိုက်ပို့ဖို့ ငါစီစဉ်လိုက်မယ်... "

ယွမ်ချူးခန် စိတ်ဓါတ်ကျစွာဖြင့် အရှုံးပေးကာ ပြောလိုက်သည်။ စကားတတ်လှသည့် ဆူမီရာကို နိုင်အောင် မပြောနိုင်တော့ပေ။

ဆူမီရာသည် နူးညံ့စွာပြုံးလိုက်ပြီး ယွမ်ချူးခန် ကိုတားလိုက်သည်။ တကယ်လည်းရင်ခုန်နေမိသည်။ နောင်တော် မိမိကိုကြိုဆိုရန်ရောက်နေပြီ။

"မလိုဘူး ချူးခန်။ ငါ့ကိုလာကြိုတဲ့သူရှိနေပြီ။"

"ဘယ်သူလဲ..."

ယွမ်ချူးခန်သည် ချက်ချင်းတောင့်ခနဲဖြစ်သွားပြီး မဖြစ်ပါစေနှင့်ဟု ဆုတောင်းကာ မေးလိုက်သော်လည်း ဆူမီရာ၏အဖြေကာ မျှော်လင့်ချက်ကို တစ်စစီဖြစ်အောင်ရိုက်ချိုးပစ်လိုက်တော့သည်။

"ငါ့ နောင်တော်... သူ ငါ့ကိုလာကြိုနေပြီ။"

"အာနန်မင်းသားလား..."

ယွမ်ချူးခန် အသက်ကင်းမဲ့စွာဖြင့်မေးလိုက်သည်။ ပျော်ရွှင်တက်ကြွနေသည့် ဆူမီရာ၏ ဟန်ပန်က ယွမ်ချူးခန်၏ မျက်ရည်ကိုခမ်းသွားစေပြီး အမုန်းတရားကို စတင်တောက်လောင်လာစေသည်။

"ဟုတ်တယ်.. သူရောက်နေပြီ။"

"သူ ဘယ်မှာလဲ.. ငါမတွေ့ပါလား။"

ယွမ်ချူးခန်သည် ခံစားချက်ကိုထိန်းကာ ဟန်မပျက်မေးလိုက်သည်။ ဟိုဟိုသည်သည်ကြည့်လိုက်သော်လည်း နန်ကျောင်ပြည်သားများကလွဲပြီး ဘယ်သူ့ကိုမှ မမြင်ပေ။ ဆူမီရာ၏ စကားအရ အာနန်မင်းသား တင်ဂီရိ လျှို့ဝှက်ကာ ရောက်ရှိနေတာ သေချာသည်။ ဒါကြောင့် ဆူမီရာကို အစ်လိုက်သည်။ဆူမီရာက သဘောရိုးနှင့်မေးသည်ထင်ပြီး အမှန်တိုင်းဖြေကြားခဲ့သည်။

"ငါ ခံစားမိတယ်... ဟိုနေ့ ငါတို့ကျောက်တော်အုပ်ကို သွားလည်ကတည်းက သူရောက်နေတာ။ ဈေးထဲလျှောက်ကြည့်တော့ သူ့ကို လူအုပ်ကြားထဲ ရိပ်ခနဲတွေ့လိုက်တယ်။ သူ ငါ့ကိုလိုက်လာခေါ်တာ.."

ယွမ်ချူးခန်သည် လူအများကြားက တိတ်တိတ်ကြည့်နေသည့်သူကိုပင် ချက်ချင်းသိရှိနိုင်အောင် ဆူမီရာ ရင်းနှီးသောသူကို မနာလိုစိတ်ပြင်းစွာဖြစ်လာမိသည်။ ခါးသီးမှုက တကိုယ်လုံးကိုပျံ့နှံ့စပြုလာလေပြီ။ ယွမ်ချူးခန်က ပေါ့ပေါ့ပါးပါးပုံဖြင့်ရယ်မောကာ ဆူမီရာကို စကားတောက်လိုက်သည်။ အာနန်မင်းသား ဘယ်လိုလုပ် ရောက်လာသည်ကို သိချင်သည်။

"မင်း လူမှားတာနေမှာပါ။ သူက အရှေ့ဘက်ပင်လယ်ပြင်မှာဆို... ဒီကိုချက်ချင်းဘယ်လိုရောက်လာနိုင်မှာလဲ.."

"သူ့အတွက် ခရီးအကွာအဝေးဆိုတာ ဘာမှမပြောပလောက်ဘူး။ သူလာချင်ရင် ဘယ်အရာမှ မတားဆီးနိုင်ဘူး။"

ဆူမီရာ၏ ယုံကြည်မှုအပြည့်နှင့်ပြောသည့်ပုံစံက ယွမ်ချူးခန်၏ အသိစိတ်ကို တရစပ်တိုက်ခိုက်လို့နေသည်။ မိမိကို ဒီလိုယုံကြည့်ပြီး ချစ်မည့်သူမရှိတာသေချာသည်။ ကံကောင်းလိုက်သည့် သူ။ မယ်မယ်၏ အချစ်ကိုသာမကာ ဆူမီရာ၏ ယုံကြည်မှုကိုရော၊ အချစ်ကိုရော ပိုင်ဆိုင်ထားသည့်သူကြီး။ ခမည်းတော်ကို တသက်လုံး ခြိမ်းခြောက်နိုင်သည့် သားအဖ၊ မိမိ၏ အိပ်မက်ဆိုး။ ယွမ်ချူးခန် နာကြည်းစွာတွေးလိုက်သည်။ မယ်မယ်သာ မိမိကို ချစ်ခဲ့မည်ဆိုလျှင် မိမိသူ့ကို ဒီလောက်မုန်းတီး ခဲ့မည် မဟုတ်ဟုထင်သည်။

"မင်း ခုရင်ပျော်နေတာ သူလာကြိုလို့ပေါ့ ဟုတ်လား။"

"အင်း..ဟုတ်တယ်..."

ဆူမီရာ၏အဖြေက ယွမ်ချူးခန်းနားထဲ သံရည်ပူလောင်းချလိုက်သလို ခံစားလိုက်ရသည်။ ကံတရားက အင်မတန်ကို ရက်စက်သည်။ မိမိတို့သားအဖကို တမင်နှိပ်စက်နေသလားဟုထင်ရသည်။ ခမည်းတော်က မယ်မယ့်ကိုနောက်ကျမှတွေ့ခဲ့ရသည်။ မိမိက ဒုတိယသားဖြစ်ခဲ့သည်။ ချစ်ရသည့်သူကိုတွေ့တော့ သူ့ရင်ထဲ ပထမလူရှိနေပြီ။ ယွမ်ချူးခန် ခါးသီးစွာခံစားလိုက်ရသည်။ ဆူမီရာကို မည်မျှပျော်အောင် စည်းရုံးသော်လည်း သူ့နောင်တေ်ာရဲ့ အရိပ်တစ်ခုလောက်ပင် သူ့ကိုပျော်အောင်မလုပ်နိုင်ခဲ့ပေ။

ဆူမီရာကို အဆောင်လိုက်ပို့ပြီးနောက် ယွမ်ချူးခန် အရက်သောက်ကာ အဆောင်ထဲ အော်ဟစ်ပေါက်ကွဲတော့သည်။


"အား....လောကကြီး မတရားဘူး.... ငါ ဘာလုပ်ခဲ့လို့ ခုလို ရက်စက်ရတာလဲ...."

မင်းကြီးသည် သားတော်၏သတင်းကြောင့် အဆောင်အပြင်မှ တိတ်တဆိတ်ကြည့်ကာ အမတ်ချုပ်ကြီးကိုမေးလိုက်သည်။


"သားတော် ဘာကြောင့် ဒီလောက် နာကျင်ကြေကွဲနေတာလဲ အမတ်ချုပ်ကြီး...ကိုယ်တော်က သားတော်ကို ပျော်ရွှင်အောင် အမြဲထားခဲ့တာ ဘာကြောင့်ဒီလောက် ငိုကြွေးနေရတာလဲ..."

"အချစ်နဲ့တွေ့လို့ပါ မင်းကြီး."

"အချစ်..ဟုတ်လား။ သားတော်ကို အချစ်က ဘာကြောင့်နာကျင်စေတာလဲ။ သူလိုချင်တဲ့ အချစ်ကို ရအောင်ယူပေးလိုက်ပါ။"

ကာလိုခန်မင်းကြီးသည် ဖခင်တစ်ဦးပီပီ၊ ပြီးတော့ သက်ဦးဆံပိုင်ဘုရင်ပီပီ သားတော်လိုချင်သည့်အရာကို ယူဆောင်ပေးရန် အမတ်ကြီးကို အမိန့်ပေးလိုက်သည်။ သို့သော် အမတ်ချုပ်ကြီးတားဂေါတိုင်းက မင်းကြီးကို တောင်းပန်လိုက်သည်။.

"မှန်လှပါ မင်းကြီး။ ကျွန်တော်မျိုးကို အချိန်တခုစောင့်ပေးတော်မူပါ။ တခါတလေ အချိန်ကိုက်လုပ်ဆောင်ခြင်းက ပိုပြီးကြံ့ခိုင်စေပါတယ်။"

"အမတ်ကြီး ဘာကိုဆိုလိုတာလဲ။ ငွေတောင်မင်းသားလေးကို သားတော်အရမ်းခင်တွယ်နေတာ။ သူပြန်မသွားမယ့်နည်းကို ရှာပြီးသားတော်ရဲ့ အနားကို မထားပေးဘူးလား။ "

"အရှင်မင်းကြီး.. ကျွန်တေ်ာမျိုးကိုယုံကြည်တော်မူပါ။ မင်းသားလေးက အင်မတန်ကို ထက်မြက်တဲံ ဘိုးဘေးခန်မင်းကြီးတွေရဲ့ စွမ်းရည်တွေကိုပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်မျိုးကြံဆောင်ပေးလိုက်လို့ ငွေတောင်မင်းသားကို အနားခေါ်ထားနိုင်မယ်ဆိုရင် ဒါက မင်းသားရဲ့ အစစ်အမှန်မဖြစ်နိုင်ပါဘူ။ မင်းသားလေး ကိုယ်တိုင်လိုချင်ပြီး ကြိုးစားအားထုတ်လာတဲ့အထိ စောင့်ပေးတော်မူပါ။ မင်းသားလေး တကယ်ကို ငွေတောင်မင်းသားကို အနားမှာထားဖို့ ကြိုးစားအားထုတ်တဲ့အချိန် ကျွန်တေ်ာမျိုး အသက်စွန့်ပြီး ကူညီပေးပါ့မယ် အရှင်မင်းကြီး"

ကာလိုခန်သည် ဟော်သွန်းကို ပိုင်ဆိုင်ရသော်လည်း ဘယ်တော့မှ သူမစိတ်ချလက်ချ မထားနိုင်သည့် မိမိဝေဒနာကို သတိရကာ သားတော်လေးကို မိမိလိုမခံစားစေချင်ပါ။ သို့သော်ဖခင်တစ်ဦးဖြစ်လို့ သားတော်ငိုကြွေးနေသည်ကိုလည်း မကြည့်ရက်နိုင်ပါ။

"အမတ်ကြီး ဆိုလိုတာကို ကိုယ်တော်နားလည်တယ်။ဒါပေမယ့် အခုလို သားတော် ငိုရှိုက်နေတဲ့အသံကိုကြားရတာ စိတ်မချမ်းမြေ့ဘူး အမတ်ကြီး။"

"အိုးကောင်းလိုချင် နာနာခတ်ရပါတယ် မင်းကြီး။ အချိန်မတိုင်ခင် ခူးတဲ့ စပျစ်သီးက ချဉ်တတ်ပါတယ်။ မင်းသားလေးရဲ့ အချစ်စိတ်က တကိုယ်လုံးကိုလွှမ်းခြုံသွားတဲ့အထိ စောင့်တော်မူပါ။ ခြေဆုံးခေါင်းဆုံး အချစ်စိတ်လွှမ်းမိုးသွားတဲ့သူကို အချစ်နတ်သားက စောင့်ရှောက်ပါတယ်။ အဲ့အချိန်ဆိုရင် မင်းသားလေးရဲ့ စွမ်းအားတွေ အပြည့်ဝထွက်ပေါ်လာပြီး နန်ကျောင်ပြည်အတွက် မျှော်လင့်နေတဲ့ မင်းလောင်းစစ်စစ်ဖြစ်လာပါလိမ့်မယ်.."

ယွမ်ချူးခန်၏ နာကျင်ငိုကြွေးသံကို မင်းကြီးစိတ်မချမ်းမြေ့စွာ နားဆင်ပြီးနောက် မိမိအဆောင်ကို စိတ်ထိခိုက်စွာလှည့်ထွက်သွားခဲ့သည်။ အဆောင်သို့ရောက်သော် မိဖုရားကြီးစောင့်နေသည်ကိုတွေ့သော် မင်းကြီးအံ့အားသင့်သွားခဲ့သည်။

"မိဖုရားကြီး...မောင်တော့်ကိုခေါ်လိုက်တာ မဟုတ်ဘူး။ မောင်တော် ဟော်သွန်းအဆောင်ကိုလာခဲ့မှာပေါ့.."

"ကျွန်မ မင်းကြီးကို တောင်းဆိုစရာရှိလို့လာခဲ့တာပါ။"

ဟော်သွန်းသည် မင်းကြီးကို လိုရင်းသာပြောလို်က်သည်။ သားတော်လေးကို မင်းကြီး မျက်ကန်းအချစ်နှင့် မလုပ်သင့်တာကိုလုပ်ဖို့ အားပေးမိမှာကိုစိုးရိမ်နေမိသည်။ ကာလိုခန်မင်းကြီးသည် ဟော်သွန်း၏ တောင်းဆိုချက်ကို ချက်ချင်း ကတိပေးလိုက်သည်။

"ပြောပါ ဟော်သွန်းတောင်းဆိုတာ မောင်တော် ဘာမဆိုလုပ်ပေးပါ့မယ်.."

"သားတော်က မလုပ်သင့်တာ လုပ်ဖို့ကြိုးစားရင် တားမြစ်ပေးပါ။ ကျွန်မရဲ့သားတော်ကို လူကောင်းအနေနဲ့ပဲ ကြီးပြင်းစေချင်တယ်"

"စိတ်ချပါ မိဖုရားကြီးရယ်။ မောင်တော်လည်း သားတော်ကို လူတော်လူကောင်းဖြစ်အောင် ပျိုးထောင်ပေးမှာပါ။"

ကာလိုခန်သည် ဟော်သွန်းကို မြတ်နိုးစွာကြည့်ကာ ကတိပေးလိုက်သည်။ သို့သော် ဟော်သွန်းက မိမိပြောချင်သည်ကို ရှင်းအောင်ထပ်ပြောလိုက်သည်။

"သားတော်စိတ်ချမ်းသာအောင်လုပ်ပေးနိုင်ရုံနဲ့ မိဘကောင်းမဖြစ်နိုင်ပါဘူး မင်းကြီး။ တကယ်လို့ သားတော်က မလုပ်သင့်တာကို လုပ်နေရင် တားဆီးနိုင်တာ၊ ဖြောင့်ဖြနိုင်တာက မိဘကောင်းပါ။"

"ဟော်သွန်း ဘာကိုဆိုလိုတာလဲ။ မောင်တော်တို့သားလေးက မဟုတ်တာ၊ မကောင်းတာလုပ်မယ့် သားလေး မဟုတ်ဘူးဆိုတာ ဟော်သွန်းမယုံကြည်တာလား.."

ကာလိုခန်မင်းကြီးသည် ဟော်သွန်းပြောလိုသည်ကို သိရှိသွားပြီး ရင်ဘတ်ထဲက အောင့်သွားတော့သည်။ မိမိကို ဟော်သွန်းလုံးဝမယုံကြည်တာကို နာလိုခံခက်တော့ဖြစ်မိသည်။

ဟော်သွန်းသည် မင်းကြီးကို လေသံမှန်ဖြင့် ဖခင်ကောင်းတစ်ယောက်အဖြစ်ရပ်တည်ပေးရန် ပြောပြလိုက်သည်။ မင်းကြီးက သားတော်လေးကို မျက်ကန်းချစ်လွန်းသဖြင့် ဟော်သွန်း တကယ့်ကိုစိုးရိမ်မိသည်။

"သားတော်က လူကောင်းလေးပါ။ ဒါပေမယ့် တခါတလေ ပြင်းထန်တဲ့ ခံစားချက်တခုခုနဲ့တွေ့တဲ့အချိန်၊ သူမရနိုင်ဘူး၊ လက်လွှတ်လိုက်ရမယ် ဆိုတဲ့ ခံစားချက်မျိုးနဲ့ကြုံလာရင် နည်းလမ်းမှန်နဲ့ လမ်းပြပေးဖို့ကို ကျွန်မပြောနေတာပါ မင်းကြီး"

"မောင်တော်တို့ သားလေးက သူလိုချင်တဲ့အရာအားလုံး ပိုင်ဆိုင်ဖို့ထိုက်တန်ပါတယ် နှမတော်ရယ်။ "

ကာလိုခန်သည် ဟော်သွန်း၏ မျက်နှာကို ကြေကွဲစွာကြည့်ကာ ပြောလိုက်သည်။ ဟော်သွန်းသည် လူကောင်းဖြစ်ဖို့ သားတော်လေး၏ငိုကြွေးသံကိုပင် လျစ်လျူရှုရက်သည်ကို နာကျင်မိသည်။ ဟော်သွန်း၏ စိတ်ထဲတွင် သားတော်လေးတစ်ယောက်တည်းကို ချစ်တာမဟုတ်ပဲ ယေစုကိုင်းတို့ သားအဖကိုလည်း ချစ်နေသည်ကို တွေးကာ ကာလိုခန် ရင်ထဲ ကတုန်ကယင်ဖြစ်လာခဲ့သည်။ ဟော်သွန်းက မင်းကြီး၏ အတွေးကို မသိပဲ ဆက်လက်ပြီးပြောနေခဲ့သည်။ ထိုစကားများက ကာလိုခန်၏ အသည်းကို တစစီဖြစ်အောင် ချေမွနေတော့သည်။

"တချို့အရာတွေက ကိုယ်ဘယ်လောက်လိုချင်သည်ဖြစ်ပါစေ မပိုင်ဆိုင်သင့်တဲ့အရာတွေရှိပါတယ် မင်းကြီး။ ကျွန်မသားလေးကို အာဏာအားကိုးနဲ့ လိုချင်တာကို မတရားရယူပိုင်ဆိုင်ချင်တဲ့လူဆိုးတစ်ယောက်မဖြစ်စေချင်ဘူး။ ဒါပေမယ့် ကျွန်မတောင်းဆိုတာကို မင်းကြီး မဖြည့်ဆည့်ပေးနိုင်တော့ဘူးထင်တယ်။ ကျွန်မကို ခွင့်ပြုပါဦး."

"ဟော်သွန်း...ဟော်သွန်း..ခဏလေးပါ.."

ကာလိုခန်သည် လှည့်ထွက်သွားသည့် ဟော်သွန်း၏ လက်ကိုလှမ်းဆွဲကာ ပြောလိုက်စဉ် ဟော်သွန်းက ပင်ပန်းနွမ်းနယ်စွာဖြင့် တောင်းပန်ခဲ့သည်။

"ကျွန်မအရမ်းပင်ပန်းနေပြီး မင်းကြီး။ ကျေးဇူးပြုပြီး မနက်မှ စကားထပ်ပြောလို့ရနိုင်မလား။"

ကာလိုခန်၏ဆွဲထားသော လက်အစုံက အားပျော့စွာပြုတ်ကျသွားတော့သည်။ သားလေးတစ်သက်ရှိလာသည့်တိုင် ဟော်သွန်း၏အချစ်ကို မိမိမပိုင်ဆိုင်သည့် အဖြစ်ကို ခါးသီးစွာရယ်မောရင်း အမတ်ကြီးပြောသည့် သားတော်လေး ကိုယ်တိုင်ကြိုးစားအားထုတ်ပြီးရလာမှ သူအမှန်တကယ်ပိုင်ဆိုင်နိုင်မည်ဆိုသည့် အချစ်ကို နားလည်လာခဲ့သည်။ သားတော်လေး ငိုကြွေးပါစေ။ ငိုကြွေးလို့ဝရင် သူတကယ်ပိုင်ဆိုင်ချင်သည့်သူကို ရဖို့ ကိုယ်စွမ်းဉာဏ်စွမ်းအပြည့်စိုက်ထုတ် လိမ့မည်ဟုတွေးကာ ကာလိုခန် အပါးတော်မြဲကို သေရည်ဆက်ရန် အမိန့်ပေးလိုက်သည်။

ယွမ်ချူးခန်သည် အူလှိုက်သည်းလှိုက်ကို ပေါက်ကွဲကာ ငိုကြွးမိသည်။ အဘယ့်ကြောင့်ဆိုသော် မိမိ တစ်သက်နှင့်တကိုယ် ပထမဆုံးပေါ်လာသည့် အချစ်ကို ချစ်ရသူကအသိအမှတ်မပြုသောကြောင့် မိမိအဖြစ်ကိုနာကြည်းသည်။ပြီးတော့ ချစ်သူရဲ့အချစ်ကို ပိုင်ဆိုင်သွားသူက မိမိမယ်တော်၏အချစ်ကိုပိုင်ဆိုင်ထားသည့် နောင်တော်ဖြစ်နေသည့်အချက်က ယွမ်ချူးခန်ကို ပိုပြီးနာကျင်စေသည်။ ငယ်စဉ်ကတည်းက လိုတရဘဝနှင့်ကြီးပြင်းလာသူပီပီ ပထမဆုံး လိုချင်လျက်နှင့်မရနိုင်သည့်အဖြစ်ကို ရင်ဆိုင်ရသောအခါ သည်းအူပြတ်မျှ နာကျင်ပြီး သတိလက်လွှတ်ငိုကြွေးမိခြင်းဖြစ်သည်။

"ဆူမီရာ... ဆူမီရာ..."

ယွမ်ချူးခန်သည် ဆူမီရာ၏အမည်ကို တဖွဖွရွတ်ကာ ငိုကြွေးလိုက်၊ ငူငူကြီးထိုင်လိုက်နှင့် ငြိမ်နေသည်။ အပါးတော်မြဲကြီးက အပြင်ဘက်မှ စိုးရိမ်ပူပန်နေသည်။ မတော်မင်းသားလေး တခုခုလုပ်လိုက်လို့ မိမိတို့ ဆွေခုနှစ်ဆက်၊ မျိုးခုနှစ်ဆက် ခေါင်းဖြတ်အသတ်ခံရမည်ကိုလည်းစိုးရိမ်ရသည်။ မင်းသားလေး တခါမှ ယခုလောက် သောင်းကျန်းတာကိုမမြင်ဖူးသဖြင့် နန်းဆောင်တခုလုံးက ပျာနေသည်။

နောက်ဆုံး အပါးတော်မြဲကုန်းကုန်းကြီးက အမတ်ချုပ်ကြီကို အကြံသွားတောင်းရတော့သည်။ အမတ်ချုပ်ကြီးက သက်တော်စောင့်များကို မျက်ခြေမပြတ်စောင့်ကြည့်ခိုင်းထားပြီး မင်းသားလေး ကိုယ့်ကိုယ် တခုခုမလုပ်ခင် တားဆီးခိုင်းထားသည်ဆိုမှ သက်ပြင်းချနိုင်တော့သည်။ မင်းကြီးနှင့် မိဖုရားခေါင်ကြီးတို့က မင်းသားသတင်းကိုကြားသော်လည်း တုတ်တုတ်မှမလှုပ်သဖြင့် ထူးဆန်းသည်ဟု ထင်မိသော်လည်း မင်းမှုထမ်းဆိုတော့ ဘာမှပြန်မမေးဝံ့ပဲ အဆောင်ပြင်မှ လိုတာလုပ်ပေးရန်စောင့်နေရသည်။

-----------------------------------

ဆူမီရာနှင်ယွမ်ချူးခန် စကားပြောနေသည်ကို သစ်ပင်ပေါ်မှာ တင်ဂီရိ နားထောင်ရင်း ပြုံးနေမိသည်။ ဆူမီရာလေးသည် မိမိကို ဘယ်တုန်းကမှ စိတ်မပြောင်းလဲခဲ့သည်ကို သိရတော့ ပိုလို့ချစ်မိသည်။ ပထမ ဆူမီရာ နန်ကျောင်ပြည်ထိ လိုက်လာပြီး ဆေးကုပေးသည်ကို စိတ်ဆိုးမိသော်လည်း မယ်မယ့်ကို ကုသပေးဖို့ လိုက်သွားသည်ကို တွေးမိကာ ဆူမီရာကို စိတ်ဆိုးပြေတာကြာခဲ့လေပြီ။ မိမိဖွင့်မပြောသည့်တိုင်အောင် မိမိ၏ မယ်တော်ကို ပျောက်ကင်းအောင်ကုပေးဖို့ လိုက်လာသည့် ကလေးလေးကို တင်ဂီရိပြေးဖက်ချင်စိတ်ကို မနည်းထိန်းထားရသည်။

ခန်မင်းကြီး၏သားကတော့ အတော့်ကို မွှေသည့်ကောင်းလေးဖြစ်သည်။ ဒင်းက သူ့ဖခင်လိုပင် တကိုယ်ကောင်းသမားလေးဖြစ်သည်။ ဆူမီရာကို ဘာကြောင့် အတင်းအကျပ်ခရီးသွားရန် ခေါ်သည်ကို သိလို့ တင်ဂီရိ စိတ်ပျက်မိသည်။ ဒီကောင်လေး၏ စိတ်က ပုံမှန်ဖြစ်ပုံမရပေ။ ယခင်ကတည်းက ကြားဖူးသည့်သတင်းများအရ ယွမ်ချူးခန်သည် စိတ်လိုက်မာန်ပါလုပ်တတ်ပြီး တကိုယ်ကောင်းဆန်သည့် ကောင်လေးတစ်ယောက်ဖြစ်သည်။ မယ်မယ်လည်း သူ့ကြောင့် ခန်မင်းကြိးနှင့် အတော်လေးကို အတိုက်ခံလုပ်ခဲ့ရသည်ဟု ကြားသည်။

တင်ဂီရိသည် ဆူမီရာနှင့် ယွမ်ချူးခန်တို့သွားရေတိုင်း ကိုယ်ယောင်ဖျောက်ကာ တိတ်တဆိတ်လိုက်ကြည့်သည်။ ယွမ်ချူးခန်ကို လိုက်ပါစောင့်ကြပ်သည့် လျှို့ဝှက်ကိုယ်ရံတော်များကိုလည်း လက်တလုံးခြားလှည့်ပတ်ရသေးသည်။ သို့သော် ငယ်စဉ်ကတည်းက နန်ကျောင်ပြည်တွင်နေလာခဲ့လို့ နန်ကျောင်ရဲမတ်များ၏ ဟန်ကို မိမိအလွတ်ရနေသေးသည်။ နန်ကျောင်နေပြည်တော်နှင့် နန်းတွင်းရှိလမ်းများအာလုံးကို မှတ်မိနေသေးသည် မှတ်ဉာဏ်ကြောင့် တင်ဂီရိ အခက်ခဲမရှိ ဆူမီရာနား ၂၄ နာရီအချိန်ပြည့်နေနို်င်ခဲ့သည်။

ထိုသို့ တိတ်တဆိတ်အကဲခတ်ကြည့်မှ ယွမ်ချူးခန်က ဆူမီရာကို ရိုးရိုးချစ်ရုံမက ဆန်းဆန်းချစ်စပြုနေသည်ကို သိလာပြီး အမြန်ခေါ်မှဖြစ်မည်ဟု တွေးကာ ဆူမီရာ မိမိကိုမြင်ရန် အရိပ်အယောင်ပြလိုက်သည်။ ထင်သည့်အတိုင်း ဆူမီရာက မိမိကိုတွေ့သဖြင့် ပြန်ရန် ဆုံးဖြတ်ချက်ခိုင်မာလာပြီး ယွမ်ချူးခန် ဘယ်လိုတားတားပြတ်သားစွာ ငြင်းလိုက်တော့သည်။

တင်ဂီရိသည် ဆူမီရာမပြန်ခင် မိမိတို့ငယ်စဉ်က မိသားစုအတူနေခဲ့သည် အိမ်တော်ကို သွားကြည့်ရန်ထွက်လာခဲ့သည်။ အိမ်တော်ထဲကိုကျော်ဝင်ခဲ့စဉ် အထဲတွင် နေသည့် မိသားစုတစ်စုရှိသည်ကို တွေ့တော့ သူတို့မတွေ့စေရန် ကိုယ်ယောင်ဖျောက်ရသေးသည်။ ထို့နောက် အခန်းတစ်ခုထဲ ခိုးဝင်ပြီး တွေ့သည့်ဝတ်စုံတစ်စုံကိုလဲလှယ်ပြီး ဗြောင်ပင် ဝင်းထဲကို သွားလာကာ ရဲတင်းစွာကြည့်တော့သည်။

ဝင်းထဲနေထိုင်သည့် လူမျိုးစုက နန်ကျောင်များမဟုတ်ပဲ မယ်မယ်တို့လူမျိုးစုဖြစ်ပြီး မယ်မယ့်ကို အလုပ်ကျွေးပြုသည့် အနွယ်မှန်းသိလိုက်သဖြင့် ရင်ထဲနွေးသွားခဲ့သည်။ သူတို့က အနောက်ဘက် အဆောင်တွင်နေကြပြီး မိမိတို့မိသားစု နေသွားသည့် အခန်းများ၊ အဆောင်များကို သေချာသန့်ရှင်းရေးလုပ်ပြီး အမြတ်တနိုးထိန်းသိမ်းထားသည်ကို တွေ့တော့ တင်ဂီရိ အတိတ်ကိုလွမ်းဆွတ်ကာ ငေးကြည့်နေမိစဉ် အကြီးကဲဖြစ်ဟန်တူသည့်လူက တင်ဂီရိကို လှမ်းခေါ်ပြီး ပြောလို်က်သည်။


"သခင်မကြီးလာမယ်တဲ့.. အခန်းတွေကို သန့်ရှင်းရေးသွားလုပ်ဖို့ကူလိုက်ဦး..."

တင်ဂီရိသည် အခြားလူငယ်များနှင့်အတူ သန့်ရှင်းရေးလုပ်ရင်း ငယ်ငယ်က မိသားစု အတူပျော်ရွှင်စွာနေခဲ့သည်ကို တမ်းတမိသည်။ ခမည်းတော်လည်း မယ်မယ့်ကို မည်မျှလွမ်းမည်ကို တွေးကာ ကိုယ်ချင်းစာမိသည်။ မိမိတောင် ဆူမီရာ လိုက်ပါသွားသည်ဟု ကြားတော့ အိမ်မြောင်အမြီးပြတ်သလိုခံစားရသေးသည် မဟုတ်လား။ ခမည်းတော်၏ ဘဝတွင် မယ်မယ့်ကို တမ်းတရင်း ဆက်လက်ရှင်သန်နေသည်ကို တွေးကာ မကြာခင် မယ်မယ့်ကို ပြန်ခေါ်နိုင်ရင် ဆုံးဖြတ်ချက်ချလိုက်သည်။

ဟော်သွန်းသည် နန်းတော်ထဲမနေချင်သဖြင့် ခါတိုင်းထက်စောပြီးနန်းတော်ထဲမှ ထွက်လာခဲ့သည်။ ဘာကြောင့်ရယ်မသိ။ အိမ်တော်ဟောင်းကို သွားချင်စိတ်က ပြင်းပြနေသည်။ မိမိကို တယောက်ယောက်က အိမ်တော်ဟောင်းမှာစောင့်နေမလို ခံစားနေရသည်။ ဒါကြောင့် အိမ်တော်ရှေ့ ရထားလုံးဆိုက်တော့ မိမိကို အလုပ်ကျွေးပြုသည့် မိသားစုအကြီးကဲက ဆီးကြိုဂါရပြုပြီး အိမ်တော်ထဲကို အတူဝင်ခဲ့သည်။


"သခင်မမရောက်လောက်သေးဘူးထင်လို့ ကျွန်တော် အခုမှ သန့်ရှင်းရေးလုပ်ခိုင်းထားမိတာပါ။ သခင်မ ခဏစောင့်ပါဦး.. ကျွန်မ သူတို့ကို ထွက်သွားခိုင်းလိုက်ပါ့မယ်.."

"နေပါစေ..ကျွန်မ သူတို့ကို နူတ်ဆက်စကားပြောချင်လို့ပါ... ဘာပဲပြောပြော.. ကျွန်မကို အဖော်ပြုပေးနေပေးတဲ့ မိသားစုက ကျွန်မရဲ့မိသားစုပဲမဟုတ်လား။"

မောရကစ်ခေါင်းဆောင်ဖြစ်သည့် သခင်မဟော်သွန်း၏စကားကြောင့် အလုပ်ကျွေးပြုရန်ကျန်ခဲ့သည့် လီကျန်းသည် ဝမ်းသာလွန်းလို့ မျက်ရည်ပင်ဝဲမိသည်။ သခင်မက မိမိတို့ကို မိသားစုလို သဘောထားသည့်အချက်က အသက်စွန့်ဖို့ လုံလောက်ပြီမဟုတ်လား။

"သခင်မကြီးလာနေပြီ။ အားလုံး... ရိုရိုသေသေ နူတ်ဆက်ကြနော်..."

တင်ဂီရိသည် ထိတ်ခနဲဖြစ်သွားသော်လည်း ရှောင်ထွက်မသွားပဲ ထောင့်တနေရာတွင် ရပ်ကာ အခန်းထဲဝင်လာသည့် မယ်မယ့်ကို ငေးကြည့်နေလိုက်သည်။

"သခင်မကြီးကို ဂါရဝပြုပါတယ်..."

အားလုံးနှင့်အတူ တင်ဂီရိ ဂါရဝပြုလိုက်ရင်း ရင်တထိတ်ထိတ်ခုန်လာခဲ့သည်။ မယ်မယ်သည် မိမိမှတ်မိထားသည့် ပုံထက် အနည်းငယ်အသက်ကြီးသွားသည်ကလွဲလျှင် လှပဆဲ၊ စိတ်မာဆဲဖြစ်သည်။

"မယ်မယ်..."

တင်ဂီရိ မယ်မယ့်ကို အတိတ်တိတ်အော်ဟစ်ကာခေါ်နေမိသည်။ မထင်မှတ်ပဲ မယ်မယ့်ကိုတွေ့လိုက်ရတော့ တကိုယ်လုံး ချစ်ခြင်းတရားတို့ဖြင့် လှိုင်းခတ်လာခဲ့သည်။ သို့သော် အချိန်မတိုင်ခင် အသိပေးလိုက်လျှင် ယနေ့အိမ်တော်မှ လူအားလုံး အသက်ဆုံးပါးနိုင်သဖြင့် မျိုသိပ်ထားလိုက်ရသည်။ မယ်မယ့်ကို မခေါ်မိအောင် လက်သီးကို ကျစ်နေအောင်ဆုပ်ထားမိသဖြင့် လက်သည်းများက လက်ဖဝါးထဲစိုက်ဝင်သွားသည်ကို သိလိုက်သည်။

ဟော်သွန်းသည် မိမိတို့မျိုးနွယ်လူငယ်များကို ပြုံးချိုစွာဝေ့ကြည့်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။

"အားလုံးကို သခင်မကျေးဇူးတင်စကားပြောချင်လို့ပါ။ ဒီစံအိမ်က သခင်မအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေ အများကြီး ရှိတယ်။ ဒါကို ထိန်းသိမ်းပေးတဲ့အပြင် နန်ကျောင်နေပြည်တော်မှာ ကျန်နေပြီး သခင်မကို အဖော်လုပ်ပေးတဲ့ မောရကစ်မျိုးနွယ်လူငယ်တွေကို သခင်မ တကယ့်ကို ကျေးဇူးတင်မိတယ်။ "

"သခင်မရဲ့ကျေးဇူးတရားက ကျွန်တော်တို့အပေါ်ပိုများပါတယ် သခင်မ..သခင်မကို အလုပ်ကျွေးပြုခွင်ရတဲ့အတွက် မိုးနတ်မင်းကို ကျွန်တော်မျိုးတို့ ကျေးဇူးတင်နေရတာပါ..."

"သခင်မကို ချစ်ခင်အလုပ်ကျွေးပြုသလို သခင်မရဲ့သားတော်လေးကိုလည်း စေတနာထား စောင့်ရှောက်ပေးကြပါလို့ တောင်းဆိုပါရစေ... သားတော်လေး ယွမ်ချူးခန်က ခန်မင်းကြီးရဲ့သားတော်ဆိုပေမယ့် သူက သခင်မရဲ့သွေးသားအရင်းချာပါ။ သူ့ကိုယ်ထဲ မောရကစ် အနွယ်ရဲ့သွေးက စီးဆင်းနေပါတယ်။ ဒါကြောင့် ယွမ်ချူးခန်ကိုလည်း အလုပ်ကျွေးပြုပေးကြပါလို့ သခင်မတောင်းဆိုပါတယ်..."

"သခင်မရဲ့သွေးသားနှစ်ဦးလုံးကို ကျွန်တော်မျိုးတို့အလုပ်ကျွေးပြုဖို့ဆုံးဖြတ်ထားပြီးသားပါ သခင်မဘုရား..."

ထိုစကားကိုကြားသော် ဟော်သွန်းသည် သားတော်ကြီး တင်ဂီရိကို ပိုပြီးသတိရသွားခဲ့သည်။ ဒါကြောင့် နံရံမှာချိတ်ထားသည့် သားတော်၏ လေးကိုလှမ်းယူပြီး လက်နှင့်တယုတယပွတ်သပ်ပြီး ပြောလိုက်သည်။

"ဒီလေးပိုင်ရှင်က မင်းတို့စကားကိုကြားရင် အရမ်းဝမ်းသာမှာသေချာတယ်။ "

"သခင်လေး တင်ဂီရိက သခင်မနဲ့ သခင်ကြီးရဲ့သွေးပီသစွာနဲ့ အရှေ့ပင်လယ်ပြင်မှာ အောင်မြင်တဲ့ စစ်ဘုရင်တစ်ဦးဖြစ်လာခဲ့ပါပြီ သခင်မဘုရား..."

တင်ဂီရိသည် မိမိနှင့်အနီးဆုံးတွင်ရှိနေသည် မယ်မယ့်ကိုကြည့်ပြီး ရင်ခုန်သံထိန်းမရအောင်ဖြစ်နေမိသည်။ မယ်မယ်ဟု အော်ခေါ်ပြီးဖက်ထားလိုက်ချင်သည်။ မိမိသတင်းကိုကြားတော့ မျက်လုံးအစုံက ဂုဏ်ယူစွာဖြင့် တောက်ပသွားသည့် မယ်မယ့်အကြောင်းကို ခမည်းတော်ကို ပြေးကာပြောချင်စိတ်တို့ ထိန်းမရအောင်ပေါ်လာမိသည်။ မယ်မယ်ဂုဏ်ယူရသည့် သားဖြစ်ရသည့် အတွက် တင်ဂီရိ ကြိုးစားရကြိုးနပ်လေပြီ။

------------------------------




စစ္နတ္ဘုရား၏ အခ်စ္ဥယ်ာဥ္Where stories live. Discover now