Chapter ( 21 )

1.2K 102 0
                                    

နည်းပညာတက္ကသိုလ်များ၏
စတုတ္ထနှစ်သည် B-Tech ဘွဲ့ယူဖို့သာမက နောက်တစ်တန်းဆက်တက်ဖို့ အရေးကြီးသော နှစ်တစ်နှစ်ဖြစ်ရာ အထူးအရေးကြီးလှ၏။

ရေးဖြေဘာသာရပ်တိုင်း ၇၅ မှတ်ကျော်လျက် ဂုဏ်ထူးတန်းကိုဝင်မှ bachelor ဘွဲ့ရဖို့ဆက်တက်ခွင့်ရှိပြီး ကျရှုံးသွားပါက အများအားဖြင့်
နှစ်နှစ်နားပြီးမှ ပြန်ဖြေရသည်။

ထို့ကြောင့် ယခင်က စာမေးပွဲကို ပေါ့ပေါးပါးပါး သဘောထား၍ ဖြေဆိုအောင်မြင်လာခဲ့သော ကျောင်းသားများပင်လျှင် ထိတ်လန့်ကြောက်ရွံ့လျက် အစွမ်းကုန်ကြိုးစားကြတော့လေသည်။

ထိုကျောင်းသားများထဲမှာတော့  ဗိသုကာကျောင်းသားများက ပို၍ အလုပ်ရှုပ်ဆုံးတည်း။ ဖိအားများလှသော တစ်လတစ်ခါ Design Presentation အပြင်၊ Group လိုက်ဆောင်ရွက်ရသည့် Project များ၊ တစ်ဦးတစ်ယောက်တည်း တာဝန်ယူရသည့် Projects များ၊ Major Minor ဘာသာရပ်များ၏ Assignments များဖြင့် သံသရာလည်ကာ လုံးချာရိုက်နေတော့သည်။

ထို့ကြောင့် ကိုယ့်ဖိအားနဲ့ကိုယ် ဖြစ်နေကြရာ
သူငယ်ချင်းများ၏ အချစ်ရေးနဲ့ပက်သက်၍
အပေါ်ယံအကြောင်းအရင်းမျှလောက်သောပြောဖြစ်ကြပြီး နောက်ကွယ်က ကြုံတွေ့နေသည့် အသေးစိတ်ခံစားချက်နှင့် အဖြစ်ပျက်များကိုတော့ မဆွေးနွေးဖြစ်ကြချေ။

ဗိသုကာမေဂျာကျောင်းသားများ အများစုထိုင်လေ့ရှိသော ကန်တင်း၌ သူငယ်ချင်းသုံးယောက်အတူ ဆုံရင်း နေ့လယ်စာ စားဖြစ်ကြည်သည့်တစ်ရက်မှာတော့
စည်သူ၏ အချစ်ရေး ပက်သက်ဆက်နွယ်မှု အခြေအနေကို တစ်စွန်းတစ်စ သိခွင့်ရလိုက်၏။

“ စည်သူ။ ငါနဲ့ လိုက်ခဲ့ သွားမယ် ”

Facebook က ဟာသတစ်ခုအကြောင်း ရယ်ရယ်မောမောဖြင့် ပြောနေကြစဉ် သူတို့ စားပွဲဝိုင်းအနားမှာ
ရပ်လိုက်သော‌ လူတစ်ယောက်၏ အသံကြောင့်
မော့ကြည့်မိသောအခါ စည်သူ့ ရည်းစား ဒေးဗစ် ဖြစ်နေ၏။ မိမိရှိတဲ့နေရာကို ရုတ်တရက်လိုက်လာတာကြောင့်
စည်သူက အံ့ဩနေသည်။

“ ဟာ ဘယ်လိုလုပ်ရောက်လာတာလဲ။
ဘယ်သွားမှာလဲ ”

“ ကျွတ် စကားများလိုက်တာ။ ဟိုရောက်ရင် သိလိမ့်မယ်ပေါ့။ သွားမယ် ”

ပြောရင်း စည်သူ့လက်မောင်းကို ပိုင်စိုးပိုင်နင်း
ဆွဲကိုင်သောအခါ တခြားစားပွဲဝိုင်းများမှ
အကဲခတ်သလို ကြည့်နေကြသည်။

“ ဒီမှာ သူငယ်ချင်းတွေနဲ့ စကားပြောနေတာ။ စားလို့လည်း မကုန်သေးဘူးလေ။ လာ  ငါ့သူငယ်ချင်းတွေနဲ့
မိတ်ဆက်ပေးမယ် ”

မိမိသူငယ်ချင်းတွေနဲ့  ဒေးဗစ်ကို ရင်းနှီးခင်မင်သွားအောင် ကြိုးစားပေးချင်သော်လည်း
တဇွတ်ထိုးဆန်ပြီး အလိုက်မသိသော ဒေးဗစ်က
အရိပ်သုံးပါး နားမလည်ချေ။
မိမိသူငယ်ချင်းတွေကို တစ်ချက်သာ ဝေ့ကြည့်လျက်
မျက်နှာလွှဲသွားပြီး

“ အာ ... မင်းအဲလောက်ငတ်နေလား။
ဟိုရောက်ရင် ငါကျွေးမယ်။ ကဲလာထ သွားမယ် ”

ဟု ပြောလိုက်လေရာ စည်သူ့ မျက်နှာမှာ
ရေနွေးငွေ့ရိုက်သွားသလို ရှိန်းခနဲ ပူနွေးသွားရလေသည်။
သူငယ်ချင်းနှစ်ယောက်ကို အားနာစွာ ငဲ့ကြည့်မိတော့ မျက်နှာပျက်နေသည်ကိုတွေ့ရ၏။

ဤနေရာမှာ ပေကပ်ပြီးဆက်ထိုင်နေလျှင် အခြေအနေ
ပိုဆိုးဝါးသွားမည်ကို  ရိပ်မိတာကြောင့် ဝုန်းခနဲ
ထရပ်လိုက်ရသည်။

“ လာသွားမယ် ”

စည်သူသည် ဒေးဗစ်၏ ခန္ဓာကိုယ်ကို အမြင်ကတ်ကတ်ဖြင့်တမင်တိုက်ကာ ဆောင့်အောင့်ပြီး ထွက်လာခဲ့သည်။
ဒေးဗစ်က ကျေနပ်သွားပြီး ညစ်ကျယ်ကျယ် ပြုံးလိုက်ကာ အနောက်ကလိုက်လာလေသည်။

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedWhere stories live. Discover now