Unicode
မိုးဦးကြွေနှင့် ရောင်မင်းခန့်တို့နောက်ကို လိုက်ရင်းပင် လမ်းတစ်ဝက်လောက်ကျိုးမှ မေးဖို့သတိရသည်။
"ဘယ်သွားနေတာလဲ"
စိုင်း၏မေးခွန်းကို မိုးဦးကြွေက ခပ်တိုတိုပင် ပြန်ဖြေသည်။
"ဈေးထဲသွားနေတာ"
"ဘာလုပ်ဖို့လဲ"
ထိုမေးခွန်းကြောင့် မိုးဦးကြွေက စိုင်းကိုကြည့်ကာ မိစ္ဆာဆန်သည့်အပြုံးမျိုးဖြင့်
"ရောက်ရင် သိရမှာပေါ့"
စိုင်းက သူ့ဘေးရှိ လှိုင်းခတ်သံကို အားကိုးတကြီး ကြည့်လိုက်သည်။ သူ့အကြည့်ကို သတိထားမိသည့် လှိုင်းခတ်သံက သူ့ကို ပြုံးပြလာကာ ခပ်တိုးတိုးပြောသည်။
"စိတ်မပူပါနဲ့ ငါရှိနေတာပဲကို"
ထိုစကားသည် စိုင်း၏ စိတ်ပူပန်မှုအလုံးစုံကို လျှော့ချပေးနိုင်သည်။ စိုင်းလည်း လှိုင်းခတ်သံကို ပြန်ကြည့်ပြီး နှစ်လိုဖွယ်ကောင်းအောင် ပြန်ပြုံးပြလိုက်သည်။ လေထုသည် နွေးထွေးလာကာ စိုင်း၏ စိတ်အစုံမှာ ပေါ့ပါးလာသည်။
မိုးဦးကြွေမှာ အရှေ့ကိုသာ ဦးတည်လျှောက်နေသော်လည်း သူ့ဘေးရှိ လှိုင်းခတ်သံနှင့် စိုင်းစက္ကဆိုင်းတို့၏ အပြုအမူများကို မျက်လုံးထောင့်မှတစ်ဆင့် မြင်နိုင်ပေသည်။ မြင်နိုင်သည်ဆိုသည်ထက် တမင်တကာ စောင့်ကြည့်နေခြင်းပင်။ သူမ ရောင်မင်းခန့်ဘက်ကို ကြည့်လိုက်တော့ ရောင်မင်းခန့်က လေတချွန်ချွန်နှင့် အနားမှာဖြစ်နေသည့်အရာများကိုလည်း သတိမမူမိပေ။
မိုးဦးကြွေမှာတော့ အဖွဲ့ထဲတွင် သူမတစ်ယောက်ပဲ စိတ်ဆင်းရဲနေသည်ကို သဘောပေါက်နားလည်သွားသည်။ သူမတစ်ယောက်တည်း ဆောက်တည်ရာမရဖြစ်ကာ ဟိုတွေးဒီတွေးနှင့် ရင်လေးနေခြင်းပင်။ ထိုကိစ္စအား ရောင်မင်းခန့်ကို ပြောပြလိုက်ရမလားဟုပင် တွေးနေသေးသည်။ သူတစ်ယောက်တည်း စိတ်ဆင်းရဲနေရမှာထက်စာရင် ထိုငတုံးပါ စိတ်ဆင်းရဲနေလျှင် သူ ပို၍ ခံစားရသက်သာနိုင်သည်။
သို့သော် ထိုအရာများသည် အတွေးသက်သက်ပင်။ သူသည် သူတစ်ပါး၏ အားနည်းချက်တစ်ဖြစ်လဲ လျှို့ဝှက်ချက်ကို တစ်ပါးသူအား မပြောပြနိုင်ပါချေ။ ထိုအရာက သစ္စာဖောက်ခြင်းနှင့်ပင် အနည်းငယ် ဆင်တူသည်ဟု ခံစားမိသည်။ ဟိုဟိုဒီဒီအတွေးများစွာတွေးပြီး ထိုကိစ္စအား သူ့ဘာသာ ရင်ထဲသိမ်းပြီး ခံစားနေတော့မည်ဟုသာ ဆုံးဖြတ်လိုက်တော့သည်။
YOU ARE READING
ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]
RandomStart Date 2.9.2023 End Date 6.4.2024 ဘဝမှာ ကံကြမ္မာဆိုတာကို မင်းနဲ့တွေ့ပြီးမှ ယုံကြည်လာတာမို့လို့ ကံကြမ္မာကို ယုံကြည်မှုပျောက်အောင် မလုပ်ဖို့ တောင်းဆိုပါတယ် လှိုင်းခတ်သံ ဘဝမွာ ကံြကမ္မာဆိုတာကို မင်းနဲ့တွေ့ပြီးမှ ယွုံကည်လာတာမို့လို့ ကွံကမ်မာကို ယွုံ...