အပိုင်း {၃၂} (ZAWGYI)

98 5 0
                                    

မာန်က ခင့်ကားနှင့်ပင် အပြင်ထွက်သွားသဖြင့် လှိုင်းသည် ဒေါ်အေးမြတ်မွန် တောင်းဆိုသည့် အတိုင်း မာန့်အတွက် သူ့အကြိုက် ပုစွန်ထုပ်ကို ချက်ပေးနေရသည်။ ဒေါ်အေးမြတ်မွန်ကမူ ဘုရားရှိခိုးမည်ဟု ဆိုကာ အပေါ်ထပ်သို့ တက်သွားသဖြင့် မီးဖိုခန်းထဲ၌ လှိုင်းတစ်ယောက်တည်း ဖြစ်နေသည်။

"ဟာ မွေးနေတာပဲ။ ဒီဟင်းက ကိုကို ကိုယ်တိုင် ချက်ထားတာလား။"

လှိုင်းသည် ပုစွန်ထုပ်ဟင်းအား ပန်းကန်ထဲ ထည့်ကာ ထမင်းစားခန်းထဲ၌ ထားပြီးသည်ဆိုလျှင်ပဲ ကြားလိုက်ရသည့် ခပ်စူးစူး အသံနှင့်အတူ အနားအပြေးရောက်လာသည်ကား ဦးသော်က၏ သမီးဖြစ်သူ။ နာမည်ကတော့ လှိုင်း စိတ်ထဲ ဝိုးတဝါးပါပဲ ... မေရတီ ဆိုလား ၊ မေဝတီ ဆိုလား။ ဒါထက် လှိုင်းကို သည်ကောင်မလေးက "ကိုကို" လို့ ခေါ်လိုက်တာလား။

"ဟုတ်တယ် ..ကျွန်တော် ကိုယ်တိုင် ချက်ထားတာ။ ဘာဖြစ်လို့လဲဗျ။"

ဦးသော်က၏ သမီးမို့ လှိုင်း အပြောအဆိုများပါ ဆင်ခြင်ရသည်။ ခင်ဝတီစံနှင့် ရွယ်တူ ဖြစ်ဟန် ရှိသောကြောင့် ခင်ဝတီစံနှင့် စကားပြောစဉ်က မိမိကိုယ်ကို "ငါ" ဟု သုံးနှုန်းလိုက်သော်လည်း ယခုမူ သူ့ထက် ငယ်မည့်ပုံ ပေါ်သည့် ကောင်မလေးအား လှိုင်း ယဉ်ယဉ်ကျေးကျေး ပြောလိုက်မိသည်။ ထိုအခါ ထိုမိန်းကလေးက နှုတ်ခမ်းကို ဆူကာ -

"ကိုကိုကလည်း ..ဘာကို ကျွန်တော် လဲ။ မေ့ထက် အသက် ၂ နှစ်တောင် ကြီးတဲ့ဟာကို။ ရင်းရင်းနှီးနှီးပဲ ပြောပါ ကိုကိုရဲ့ ..နော်။ မေ့နာမည်ကိုလည်း မှတ်ထားဦး ..မေရတီတဲ့။ ကိုကိုကတော့ မေလို့ပဲ ခေါ်ပေါ့။"

"ကောင်းပါပြီ မေ။ အစ်ကို ဘာလုပ်ပေးရဦးမလဲ။"

"မေက အိပ်ရာနိုးရင် ကော်ဖီ သောက်တတ်တာ ကိုကိုရဲ့။ ဒီအိမ်က အန်တီဝင်းကလည်း ဘယ်ရောက်နေလဲ မသိဘူးနော်။"

"အန်တီဝင်းက အန်းကုန်းနားမှာ နေနေရလို့ မေ။ အစ်ကို ဖျော်ပေးမယ်။ တစ်ခုပဲ ... အစ်ကို့ကို ကိုကို လို့ မခေါ်ပါနဲ့လား။ ဦးတို့ကြားရင်လည်း မသင့်တော်ဘူး။"

"ဟာ မရပါဘူးနော်။ မေက ကိုကို လို့ပဲ ခေါ်ချင်တာ။ ကိုကိုလို့ ခေါ်လည်း ဖေဖေတို့က ဘာမှ မပြောပါဘူး။ ခေါ်မယ်နော် ကိုကိုလို့ပဲ။"

လမင်းခြေသံ { Completed }Where stories live. Discover now