အခန်း ( ၇ )

1.2K 88 0
                                    

အခန်း ( ၇ )

မိုးလင်းကတည်းက တဖြောက်ဖြောက်နှင့်ရွာနေသောမိုးဟာ ရပ်လိမ့်မည်မထင်ပေ။ သည်ကနေ့ အိမ်မှာထူးပိုင်တစ်ယောက်တည်းသာရှိ၏။ ကျန်သည့်မိသားစုဝင်အားလုံးသည် အသိတစ်ယောက်၏အိမ်တက်ကိုသွားကြလေသည်။

ထို့ကြောင့် ထူးပိုင် အိမ်စောင့်တာဝန်ကိုထမ်းဆောင်နေရလေသည်။ မိုးလေးကတဖွဲဖွဲမစဲအောင် ရွာနေသည့်အချိန်၊ လေလေးကလည်း တဖြူးဖြူးတိုက်ခတ်နေသည့်အချိန်၊ တစ်ဧကခန့်ကျယ်ဝန်းပြီး သီးပင်စားပင်များဖြင့် အုံ့အုံ့ဆိုင်းဆိုင်းဖြစ်နေသောခြံဝိုင်းကြီး၏အလယ်မကျတကျတွင်ဆောက်ထားသောနှစ်ထပ်ပျဉ်ထောင်အိမ်ကြီးထဲ၌ တစ်ဦးတည်းရှိနေချိန်သည် အလွမ်းဓာတ်ခံရှိသူများအတွက် လွမ်းမောစရာအတိပြီး၏။

သို့သော် လွမ်းစရာချစ်သူရည်းစားမရှိသည့်အပြင် စာဖတ်ပြင်းသောထူးပိုင်အတွက်မူ ကော်ဖီတစ်ခွက်ကိုဇိမ်ခံသောက်ရင်းသာ အချိန်ကုန်နေရလေသည်။

အပြင်းပြေလိုပြေငြား သစ်ဈာန်တို့အိမ်သို့လှမ်းမျှော်ကြည့်ပြီးမှ သွားရမည့်ခရီးကိုတွေးကာ လက်မှိုင်ချလိုက်မိသည်။ မြေနေရာကျယ်ခြင်းသည် ဤအချိန်တွင် လုံးဝမကောင်းပေ။ လုံးဝကို မကောင်းရေးချမကောင်းပါ။

အကြောင်းအမျိုးမျိုးစဉ်းစားပြီးချိန်၌ အေးစပြုနေပြီးဖြစ်သောကော်ဖီကိုမော့သောက်လိုက်သည်။ ထိုစဉ် ထူးပိုင်၏စက္ခုအာရုံတို့သည် ခြံခေါင်းရင်းဖက်သို့ရောက်သွားလေ၏။

*အားပါးပါး….လှလိုက်တဲ့မာလကာသီးတွေ၊ ပြင်းနေတာနဲ့အတော်ပဲ၊ ကပ်စေးနဲလူပျိုကြီးမလာခင် သွားခူးစားထားမှ ဟီးဟီး”

ထိုအတွေးနှင့်အတူ ကိုင်ထားသောကော်ဖီခွက်ကိုစားပွဲပေါ်ချထားခဲ့ပြီး ပုဆိုးပြင်ဝတ်ကာ အောက်ထပ်သို့အပြေးဆင်းခဲ့လိုက်သည်။ ထို့နောက် နောက်ဖေးတွင်ရှိသောစပါးကျည်ဘေးတွင်ထောင့်ထားသည့်စွပ်ခြင်းကို အပြေးအလွှားယူကာ မာလကာပင်ရှိရာသို့ အသော့နှင်ခဲ့တော့သည်။

ကပ်စေးနဲလူပျိုကြီးသည် သူ့အပင်တွေကို သူ့ခွင့်ပြုချက်မရဘဲ ခူးလျှင် မကြိုက်ပေ။ သို့သော် ဆူပူကြိမ်းမောင်းရုံမှလွဲ၍ ရိုက်နှက်ခြင်းမရှိ။ ထို့ကြောင့်လည်း ထူးပိုင်နှင့်သစ်ဈာန်သည် မရမကခူးစားတက်၏။ ထိုသို့ ဦးလေးဖြစ်သူလူပျိုကြီးဆီမှအရိုက်မခံရသော်ငြား လက်ယဉ်လှသောအမေတို့ကြိမ်လုံးဒဏ်ကို အမြဲခံခဲ့ရသည်။

နံ့သာခြယ်သောချစ်ပန်းအိမ် (နံ့သာခြယ်သောချစ်ပန်းအိမ)Where stories live. Discover now