အခန်း ( ၃၀ )
ထူးပိုင် ရေးပြီးသားစာရွက်ကလေးကို ရေမွှေးစွတ်လိုက်ပြီး လေထဲမှာဝေ့ယမ်းလိုက်၏။ မျှော်လင့်ထားသည့်အတိုင်း ရေမွှေး၏ပံ့ပိုးမှုကြောင့် ထိုစာရွက်ကလေးသည် အင်မတန်မွှေးပျံ့သွားခဲ့လေပြီ။ စာရွက်ကလေးအား ပန်းနုရောင်စာအိတ်ကလေးထဲသို့ တယုတယထည့်လိုက်ပြီးနောက် ဘေးလွယ်အိတ်ထဲသို့မြဲမြံစွာ ထည့်ထားလိုက်၏။
သေချာအောင် နှစ်ခါထပ်ကြည့်ပြီးမှ လွယ်အိတ်ကိုလွယ်ကာ အိမ်တံခါးတွေကိုလိုက်စစ်လိုက်၏။ ထို့နောက် ထမင်းစားပွဲပေါ်တင်ထားသည့်ထမင်းချိုင့်ကိုယူ၍ အိမ်ရှေ့တံခါးမကြီးနှင့်ခြံစည်းရိုးတံခါးကိုသော့ခတ်ကာ ကားဂိတ်ဆီသို့ ထွက်လာခဲ့တော့သည်။
လမ်းလျှောက်နေရင်းဖြင့်ပင် တစ်ခါတစ်ခါ၌ စာအိတ်ထည့်ထားသည့်နေရာသို့ သွားသွားကိုမိ၏။ အကြိမ်ပေါင်းများစွာ ပြင်ဆင်ရေးသားခဲ့ရသောစာဖြစ်သောကြောင့် ပျောက်ပျက်သွားမှာ ဆိုးလှပါဘိ။ ထို့အပြင် ထူးပိုင်၏အသွေးအသားထဲမှလာသောခံစားချက်အစစ်အမှန်များကို ရေးသားထားခဲ့ခြင်းဖြစ်လေရာ မည်သို့သောအကြောင်းကြောင့်နှင့်မှ အပျက်အဆီးမခံနိုင်ပေ။
သို့ဖြင့် ပျားအုံ့ကြီးသဖွယ် ရှုပ်ထွေးပွေလီလှသည့်ကားဂိတ်ဆီသို့ ရောက်ရှိခဲ့လေပြီ။ မနက်ခင်းချိန်ခါဖြစ်သောကြောင့် ကားများသည် တစ်စီးပြီးတစ်စီးဆိုက်ရောက်လာလေ၏။ သို့သော်ငြား အစီးတိုင်းလိုလိုသည် ခရီးသည်များဖြင့် ပိတ်သိပ်နေလေရာ လိုက်မသွားသေးဘဲ ချောင်လောက်မည့်ကားကိုစောင့်နေလိုက်၏။ ၅ မိနစ်ခန့်ကြာသွားသော်ငြား ချောင်ချိနေသည့်ကားသည် တစ်စီးတောင်မရှိလေရာ စောင့်နေလျှင် လူသာပိုကျပ်လာမည်ဖြစ်ကြောင်း နားလည်လိုက်သဖြင့် တွေ့ရာကားပေါ်သို့သာတက်စီးလာခဲ့လိုက်သည်။
“အင်းစိန်ဈေးပါတယ်ဗျို့”
ထူးပိုင် အော်ပြောလိုက်ပြီး မိနစ်အနည်းငယ်ခန့်ကြာသောအချိန်၌ ကားကြီးသည် သံစုံမြည်နေရာမှ ငြိမ်သွားလေ၏။ ထူးပိုင် ခြေထောက်မကျိုးချင်သောကြောင့် ကားရပ်လိုက်သည်နှင့် ခပ်မြန်မြန်ဆင်းလိုက်ပြီး ဆိုင်ရှိရာသို့ လျှောက်လာခဲ့လိုက်တော့သည်။
YOU ARE READING
Romanceကျွန်မရဲ့ဒုတိယမြောက်ဖန်တီးမှုလေးပါရှင်💛🌟💛 Start date : July 15th 2023 End date : Photo Crd from Pinterest