အခန်း ၁

46 3 0
                                    

လပြည့်ဝန်းသည် ညဥ့်ကောင်းကင်ယံတွင် ကြည်လင်အေးမြစွာ ထွန်းပလျက် သဘာဝလောကကြီးကို အလင်းရောင်ပေးနေသည် ။ သစ်ပင်များစွာ အုံ့မှိုင်းနေသော တောရွာငယ်လေးဆီကိုတော့ လမင်းကြီးသည် အလင်းရောင်ကောင်းကောင်း မပေးနိုင်ပါချေ ။

ညဥ့်နက်လှပြီဖြစ်သောကြောင့် ရွာထဲတွင် လူသံသူသံများတိတ်ဆိတ်နေသည် ။ လေညင်းပြေပြေလေးများတိုက်ခတ်သွားသည့်အခါမှ သစ်ရွက်အချင်းချင်း ပွတ်တိုက်သံကို ကြားရသည်. ။ ရွာဦးဘုန်းကြီးကျောင်းငယ်ဆီမှ ခွေးအူသံသဲ့သဲ့ကိုလည်း ကြားရပါ၏ ။

ဖယောင်းတိုင်မီးသည် သူ့စာရွက်လေးပေါ် တလှုပ်လှုပ်နှင့် ငြိမ့်ငြိမ့်ကလေး ယိမ်းရင်း အလင်းပေးနေသည် ။ သူ၏ လက်ရေးများက မညီညာသော်လည်း သန့်ရှင်းသည် ။ စာကို တကြောင်းပြီးတစ်ကြောင်း ရေးကာ နောက်ဆုံး အပြီးသတ်ပြီးသည့်နောက် စာရွက်လေးအား ခေါက်ချိုးလိုက်သည် ။

သူခေါက်လိုက်သည့်အတိုင်း သေးငယ်သော အရွယ်အစားဖြစ်သွားသည့် စာရွက်လေးကို
စားပွဲပေါ်ရှိ စာအိတ်ကလေးထဲ ဖောက်ထည့်လိုက်သည် ။ ဒိီစာသည် နောက် တစ်လလောက်နေမှ သူပို့လိုသောသူဆီ ရောက်လိမ့်မည် ။

လမ်းခရီးကြမ်းသောကြောင့်လည်းကောင်း
လမ်းပန်းဆက်သွယ်ရေး ရှားပါးသောကြောင့်လည်းကောင်း တော်ရုံအဆက်အသွယ်လုပ်၍
မရချေ ။ စာအိတ်ကလေးကို မနက်ဖြန်ကျောင်းကိုယူသွားရမည် ။ကျောင်းအုပ်ဦးကျေးညိုက မြို့တက်စရာရှိ၍ စာတိုက်ဝင်မည်ပြောသည် ။

ကိုယ်ထူကိုယ်ထ ကျောင်းဖြစ်သဖြင့် ဝါးထရံကာထားသော မြေစိုက်တဲသာသာ အခန်းရှည်လေးက
သူတို့ကျောင်းဖြစ်သည် ။ မိတ်ဆွေတစ်ယောက်က အကူအညီတောင်းကာ အလုပ်လက်ခံရန်ပြောသဖြင့် သူလက်ခံခဲ့သည် ။

အစက ဒီလောက်မဆိုးလောက်ပါဘူး " ဟုထင်ထားခဲ့သော်လည်း ရောက်လာတော့မှ သူထင်တာနှင့်အလွဲကြီးလွဲခဲ့သည် ။ အစားအသောက်လည်း
ရှားပါးလွန်းသည် ။

အလုပ်ကိုလက်ခံပြီးပြီမို့ သူလည်းဘာမှတွေးမနေတော့ဘဲ စာသင်ပေးခဲ့သည် ။ အလုပ်တောင်းဆိုသော မိတ်ဆွေက နေစရာ စားစရာ အားလုံးတာဝန်ယူသောကြောင့် လစာငွေအားလုံး မေမေ့ဆီပို့သည် ။ တစ်ခါပို့လျှင် ၂ လစာ ၃ လစာပေါင်းပိုရတာလည်းရှိသည် ။

စမ်းရေကြည်သို့ အေးသည့်နှယ် စမ်းရေကြည်သို့ အေးသည့်နှယ်Where stories live. Discover now