အဝါရောင်စားပွဲခုံလေးတွင် နွားနို့ခွက်လေးတစ်ခွက်...။ မုန်လာဥနီလေးအား အားရပါးရတစ်ဂျွတ်ဂျွတ်ကိုက်စားနေသော ယုန်မျက်နှာလေးနှင့်ကောင်လေး။ ဖြူဖြူနုနုလှုပ်ရှားမှုများနှင့် အူလည်လည်မျက်နှာဘေးသည် အသဲယားစရာကောင်းစွာ...။ ဘယ်လိုပဲအကဲခတ်ကြည့်ကြည့် လိမ်လည်နေတဲ့ပုံလည်းမဟုတ်။ ဒါပေမယ့် ယုံလားဆိုတော့လည်း ဟင့်အင်းပဲ။ ဒီသဘာဝလွန်တွေက ဇာတ်လမ်းထဲပဲ ရှိတာမဟုတ်ဘူးလား...။
ဒါမှမဟုတ် သူ့ကိုယ်သူယုန်ထင်နေတဲ့ စိတ်ရောဂါများလား...။
Jimin တစ်ယောက်တည်း ထိုကောင်လေးကိုကြည့်ကာ ခေါင်းခြောက်နေသည်။
"ပိုင်ရှင်က ဘာလို့အဲ့လောက်ကြီးကြည့်နေတာလဲ မုန်လာဥစားမလို့လား ရော့"
သူစားပြီးသားတစ်ပိုင်းပြတ်ကြီးအား ရက်ရက်ရောရောထိုးပေးလာသည်။ ငါကျွေးတဲ့ဟာနဲ့ ငါ့ကိုမျက်နှာပြန်လုပ်နေတယ် ဘယ့်နှယ်ဟာလေးလဲ..။
"မင်းသာ ဝအောင်စားပါ "
"ဟီး တကယ်တမ်းတော့မဝဘူး။ ညကလည်းဘာမှမစားရသေးဘူးလေ။ ပိုင်ရှင်လေးက ဒီလိုကြည့်နေတော့ ရှက်လာလို့ ကျွေးလိုက်တာ"
"ရှက်တော့ရှက်တတ်သေးတာပေါ့"
"ယုန်လည်းအရှက်ရှိပါတယ်"
"ဟုတ်ပါပြီ ဒါဆို ခုနက ဘာလို့အင်္ကျီမဝတ်လဲ"
"သူပဲ ညကအတင်းချွတ်ပြီးတော့"
နှုတ်ခမ်းလေးစူကာ ရန်တွေ့ရင်း ခေါင်းငုံ့သွားတာကြောင့် Jimin ပါးလေးမှာ ပန်းရောင်တွေပြေးလွှားသွား၏။ သို့သော် မရှင်း၊မရှင်းဖြစ်နေတာတွေလည်း သိချင်သေးသည်။
"ဘာတွေဖြစ်ကြတယ်ဆိုတာ ရှင်းပြလို့ရလား"
"ရှက်စရာကြီးကို"
ရှက်ကိုးရှက်ကန်းနှင့် ပြောပုံကိုကြည့်ခြင်းဖြင့်သူအနေနှင့် ဘာဖြစ်ခဲ့သလဲမသိပေမယ့် ဒီကောင်လေးကိုတာဝန်ယူရတော့မယ်ထင်သည်။ ဘယ်ကလာလို့ ဘယ်ကိုသွားမှန်းမသိတာလေးကို သူ့အနေနဲ့ စာရင်းရှင်းဖျောက်ပစ်လိုက်ဖို့ဆိုတာ လွယ်ကူပေမယ့် သူမလုပ်ရပ်။ တစ်သက်လုံးဖြူစင်စွာ နေထိုင်လာတဲ့ ကိုယ်ကျင့်သိက္ခာတရားက ဒီကောင်လေးကို စွန့်ပစ်လိုက်ဖို့လည်းခွင့်မပြု။ ကိုယ့်အား အားပေးအားပြုလုပ်နေတဲ့ Fanတွေ၏မျက်နှာကိုထောက်လို့ပဲဖြစ်ဖြစ် ဒီလိုလူစိတ်မရှိတဲ့လုပ်ရပ်ကို သူမလုပ်ချင်ပါ။ ပြီးတော့ ကောင်လေးက တကယ်ယုန်လေးတွေလို ချစ်စရာကောင်းသည်။