U+Z
မျက်နှာစုံညီထိုင်နေပေမယ့် ဘယ်သူမှစကားမပြောကြပေ။ ဓိရာဇ် ဒီအခြေအနေကြီးကို သဘောမကျဆုံးပဲ။ သူ့မှာမေးခွန်းတွေအများကြီးရှိပေမယ့် ဘာမှမမေးချင်သေးဘူးဖြစ်နေသည်။ ဒီအမျိုးသမီးက ဓါတ်ပုံထဲကအတိုင်းပဲ ပြောင်းလဲမှုအများကြီးမရှိ။ ဖေဖေနဲ့သူ့ကိုထားခဲ့ပြီး စိတ်ချမ်းသာနေတာနေမှာပေါ့။ ဒါကိုအခုမှ ဘာဖြစ်လို့ပြန်ပေါ်လာတာလဲ။ သူ့ကိုစိတ်ညစ်ညူးအောင် လုပ်နေ၏။
ဒေါ်သီသီအောင်ကတော့ နှုတ်ကအကြိမ်ကြိမ်လေ့ကျင့်ထားပေမယ့် တကယ်တမ်းနှုတ်က သားလို့ထွက်ဖို့ကို မနည်းအားယူလိုက်ရသည်။ ထိုတစ်ကြိမ်ထွက်ပြီး လက်ရှိအချိန်အထိ သူ(မ)တို့အားလုံး ဘာစကားမှမပြောကြသေးပေ။ ကလေးက သူ့အဖေနဲ့ပိုတူသည်။ အင်းလေ ဒါက လက်ခံသင့်တာပဲမဟုတ်ဘူးလား။
"ဦးလေး ဧည့်သည်တွေကိုပြန်ပို့ပေးလိုက်ပါ"
ဓိရာဇ် ဒီအခြေအနေကို မလိုချင်ဘူး။ အခုမှဘာကြောင့် ပေါ်လာတာလဲ ကိုယ်တိုင်စဉ်းစားချင်သေးတယ်။ ဒီကိစ္စကိုမသိချင်သေးဘူး။ သူ စိတ်ရှုပ်စရာတွေမသိချင်ဘူး။ သူ့ကိုစိတ်ရှုပ်စေအောင် ဘာကြောင့်အခုမှပေါ်လာတာလဲ။
"မေမေ..."
သူ(မ) စကားဆက်ပြောဖို့ကို မျက်လုံးလှန်ကြည့်လာတာကြောင့် ရပ်တန့်သွားရသည်။
"မေမေ ထပ်လာခဲ့မယ်"
သူ(မ)ကိုချက်ချင်းလက်မခံနိုင်ဘူးဆိုတာကို နားလည်သည်။ သူ(မ) ကိုယ်တိုင်လဲ သားကိုလိုလိုချင်ချင်တွေ့ချင်လို့မှ မဟုတ်တာ။ လက်ရှိ သူ(မ) မိသားစုဝင်အားလုံးနဲ့ဆက်ဆံရေးကောင်းဖို့ကြောင့် လာတွေ့သလိုဖြစ်သွားတာမဟုတ်လား။
"ဒီယော ကိုယ်လဲ ထပ်လာခဲ့မယ်နော်။ ကိုယ့်ကိုမွေးပေးတဲ့အမေကို မငြိုငြင်ရဘူး။ လက်ခံနိုင်အောင် လုပ်ထားအုန်း"
ဓိရာဇ် ဒီကောင်ကိုဘာမှမပြောချင်တာကြောင့် နှုတ်ဆိတ်နေလိုက်သည်။ ဒီကောင်ကတမျိုး။
ဦးအောင်မြင့်ကတော့ ထွက်သွားတဲ့နှစ်ယောက်ကို လိုက်ပို့လိုက်သည်။ ဆရာ့အမျိုးသမီးက ဘာကြောင့်အခုမှပေါ်လာတာလဲ။ ကလေးနဲ့ပြန်နေချင်လို့တော့ မဖြစ်နိုင်ဘူးလို့ ဦးအောင်မြင့်ထင်သည်။ မွေးကင်းစ ကလေးကိုတောင် ပစ်သွားပြီးအိမ်ကထွက်သွားတဲ့သူက အခုပြန်ဆက်သွယ်လာတယ်ဆိုတာ ရိုးရှင်းနေတာတော့မဟုတ်။