Episode 25 [Unicode/Zawgyi]

584 37 0
                                    

Unicode

"သား မာမီ့ဆီ လာမလား"

လှိုင်းခတ်သံသည် အသံလာရာ အလင်းတန်းဆီသို့ အားကြိုးမာန်တက်ပြေးလွှားနေသော်လည်း သူ ပြေးလေ ပိုဝေးသွားလေ ဖြစ်နေသည်။

"မာမီ့ဆီကို လာခဲ့ပါ"

အသံသည် သူ့ကို ညို့ငင်နေသလို တစ်ဖြေးဖြေးချင်း စူးရှလာကာ သူ့ခေါင်းများပင် မူးမိုက်လာသည်။ သူ၏ ပတ်ပတ်လည်တွင်လည်း အမှောင်ထုက ကြီးစိုးထားကာ အလင်းဟူ၍ အသံလာရာနေရာတစ်ခုတည်းသာ ရှိသည်။

"မင်းဒယ်ဒီက မင်းကို မာမီ့လောက်ချစ်ပေးမှာ မဟုတ်ဘူး"

"မာမီ့ဆီကို လာခဲ့ပါ"

အသံသည် စူးရှလွန်း၍ သူ့ခေါင်းတစ်ခုလုံးပင် ပေါက်ကွဲတော့မည်ဟု ထင်မှတ်ရသည်။

သူ ဒီခံစားချက်ကြီးကို မကြိုက်ဘူး...
သူ့ဒယ်ဒီဆီပဲ ပြန်သွားချင်တယ်...
ပြီးတော့ မာမီက သူ့ကို ဘယ်တော့မှ အဲ့လိုပြောမှာ မဟုတ်ဘူး...

ရုတ်တရက် သူနိုးလာသည့်အခါ ထိုအရာများက အိပ်မက်မှန်း သူနားလည်လိုက်သည်။ သူ အခုမြင်နေရသည်က မျက်နှာကြက်အဖြူ။ မီးရောင်ကတော့ ဖျော့နေသည့်အတွက် မျက်လုံးမစူး။
သူ ဖြေးဖြေးချင်း ထလိုက်သည့်အခါ ကျောဘက်မှ အောင့်သက်သက်ခံစားချက်ကို ခံစားလိုက်ရသည်။
ထိုဒဏ်ရာက မနေ့က ဟိုဦးလေးကြီးကြောင့်ရသည့် ဒဏ်ရာဖြစ်သည်။ သူ သွေးပူနေတုန်း အခြားမှာ စိတ်ရောက်နေသည်ဖြစ်၍ မနာသော်လည်း ယခုမှ အစွမ်းပြလာတော့သည်။

"အဆင်မပြေတဲ့နေရာ ရှိလား"

သူ့ဒယ်ဒီ..
လှိုင်းခတ်သံ ဆိုဖာခုံပေါ်တွင် ထိုင်နေသည့် သူ့ဒယ်ဒီကို ကြည့်လိုက်သည်။ စားပွဲခုံပေါ်ရှိ စာရင်းစာရွက်အထပ်လိုက်ကိုကြည့်ကာ သူ မျက်နှာလွှဲလိုက်မိသည်။

"သား.. သား တောင်းပန်ပါတယ်"

ဦးခေတ်မင်းသစ်မှာ သူ့သားကိုကြည့်ပြီး တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။

"ဒယ်ဒီ သားကို မုန်းနေမယ် ထင်လို့ပါ!"

ရုတ်တရက်ကြီး ထအော်လာသည့် သားဖြစ်သူကြောင့် ဦးခေတ်မင်းသစ်မှာ မှင်သက်သွားသည်။
လှိုင်းခတ်သံမှာ မျက်ရည်များက ကျဆင်းလာပြီး မျက်နှာကို အုပ်ကာ အကြီးအကျယ် အော်ငိုတော့သည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now