စောင့်နေပါတယ်။
မရောက်လာမှန်း သိပေမဲ့လည်းပေါ့။ဘဝ ဆိုတာကိုက အဲဒီလိုပဲ မဟုတ်လား။
မယူဘဲလည်း ပေးနေတဲ့ မေတ္တာတွေ။
မဖိတ်ခေါ်ပါဘဲ အလည်လာတဲ့ ဝေဒနာအမှာစာတွေ။
မဖဲ့ကြည့်ဘဲနဲ့ ပဲ့ကျသွားရတဲ့ ယုံကြည်ခြင်းတွေ။
တမလွန်တံခါးပေါက်ထဲ ဖြတ်ဝင်ရင်း ထာဝရ ငယ်ရွယ်သွားဖို့ကို ရွေးချယ်လိုက်ကြတဲ့ လူသားတွေ။အရေခွံတွေ လဲပြီးတဲ့ လိပ်ပြာတစ်ကောင်က ဘယ်တော့မှ ပိုးတုံးလုံး ပြန်မဖြစ်နိုင်တော့သလို၊ ဒီနေ့ညရဲ့ ၂၃ နာရီ ၂၃ မိနစ်ကလည်း တစ်ဘဝလုံး ဘယ်တော့မှ ပြန်မလာဘူး ဆိုတဲ့ အမှန်တရားက နည်းနည်းလေးတော့ ရင်နင့်ဖို့ ကောင်းတာပေါ့။ နည်းနည်းတောင် မဟုတ်ပါဘူး။ ဒါဟာ တော်တော်လေး ရင်နင့်ဖို့ ကောင်းတဲ့ အမှန်တရားပါ။
ဘာကြောင့်လဲ ဆိုရင် ငါတို့တွေဟာ အမှတ်တရတစ်ခုကို ပြန်ရှာချင်ရင် ဓာတ်ပုံသမုဒ္ဒရာကြားထဲ လက်ပစ်ကူးရပြီး၊
အလွမ်းဓာတ် ရောတဲ့ စကားလုံးတွေနဲ့ပဲ ဒီ အမှတ်တရ ပုံရိပ်ယောင်တွေကို ပြန်တည်ဆောက်နေခဲ့ရပြီး၊
ရင်တွေ ကွဲမလောက် အော်ခေါ်လည်း အတိတ်တစ်ခုဟာ ပစ္စုပ္ပန်ရဲ့ နာရီလက်တံတွေနဲ့ ပြန် ချိတ်ဆက်မပေးနိုင်တဲ့ ဉာဉ်ဆိုးလေးတစ်ခု ရှိသေးတာမို့။မီးခွက်စောင့်နတ်ဟာ လိုရာဆု သုံးခု တောင်းဖို့ ငါ့ကို အခွင့် ပေးလာခဲ့ရင် ငါကတော့ တစ်ခုတည်းသော ဆုကိုပဲ တောင်းဖို့ ရွေးချယ်ပါမယ်။ အတိတ်ကို ပြန်သွားနိုင်မဲ့ အချိန်ယန္တရားတစ်ခုလောက် ငါ့ဆီ အပိုင်ပေးပါ ဆိုတဲ့ အဲဒီလို ဆုတောင်းလေး။
ဒါပေမဲ့ နောက်ထပ် ရင်နင့်စရာ ကောင်းတဲ့ အမှန်တရားက ဘာလဲ ဆိုရင်၊
လောကမှာ အချိန်ယန္တရားစက် ဆိုတာမျိုး မရှိသလို၊ ပိုပြီး ဆိုးတာက၊ မီးခွက်စောင့်နတ်တွေဟာလည်း ဘယ်တုန်းကမှ ရှိမနေခဲ့ဖူးဘူး တဲ့လေ။
YOU ARE READING
အဲဒီလူ နားမလည်နိုင်တဲ့ ဘာသာစကား
Poetryဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio